ကိုသုညရေးသားသည်။
မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ တရုတ်နိုင်ငံနဲ့အတူ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနိုင်ငံတွေထဲက နိုင်ငံတခုအဖြစ် ရပ်တည်နေပြီး၊ ၂၀၂၅ ခု ဒီဇင်ဘာလမှာ စတင်ကျင်းပမယ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အခြေအနေတွေက ပိုဆိုးလာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက Freedom House အဖွဲ့အစည်းက ထုတ်ပြန်လိုက်တဲ့ “ Freedom on the Net” အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အမှတ် ၁၀၀ မှာ ၉ မှတ်သာ ရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ဟာ အင်တာနက်ကို အလုံးစုံ ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ သူတို့လုပ်ဆောင်နေတဲ့ နည်းလမ်းတွေကတော့ ဒေသအလိုက် အင်တာနက်ဖြတ်တောက်မှုတွေ ပြုလုပ်ခြင်း၊ အွန်လိုင်းမှ အချက်အလက်တွေကို ကြိုးကိုင်ခြယ်လှယ်ခြင်း၊ အွန်လိုင်းကနေ သဘောထား ကွဲလွဲမှုတွေ ဖော်ပြတဲ့သူတွေကို ဖမ်းဆီးထောင်ချခြင်းတို့ပဲ ဖြစ်ပါတယ်။

Public Service Announcement
အစီရင်ခံစာမှာ စစ်တပ်ဟာ အရင်က အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေကနေ ယခုနှစ်ပိုင်းတွေမှာ “ အဆင့်မြင့် ဒစ်ဂျစ်တယ် ဖိနှိပ်မှု” လို့ခေါ်တဲ့ ပိုမိုတင်းကျပ်တဲ့ စောင့်ကြည့်ထိန်းချုပ်မှုပုံစံကို လုံးဝပြောင်းလဲပစ်လိုက်တာကို ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်မှာ စစ်တပ်ဟာ ဆက်သွယ်ရေးနဲ့ အင်တာနက်ကုမ္ပဏီတွေကို အစွမ်းထက်တဲ့ DPI (Deep Packet Inspection (DPI) နည်းပညာကို တပ်ဆင်ခိုင်းခဲ့ပါတယ်။ ဒီစနစ်ဟာ အင်တာနက်မှ ဖြတ်သန်းသွားလာသမျှကို စောင့်ကြည့်ဖို့၊ စစ်ထုတ်ဖို့နဲ့ ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။
ဒီစနစ်ရဲ့အကျိုးဆက်အနေနဲ့ပိတ်ထားတဲ့ website တွေကို ကျော်လွှားဖို့နဲ့ Social Media တွေ သုံးဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ အဓိကကျတဲ့ VPN (Virtual Private Networks) တွေနဲ့ လျှို့ဝှက်စာပို့တဲ့ Signal Application ကို ၂၀၂၄ ခုနှစ်ကစပြီးတော့ ပိတ်ဆို့ ခဲ့ပါတယ်။
ဒါကြောင့် အွန်လိုင်းသုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှု သိသိသာသာ နည်းပါးသွားခဲ့ပြီး အသုံးပြုဖို့လည်း ခက်ခဲလာခဲ့ပါတယ်။
စစ်တပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဆိုက်ဘာလုံခြုံရေး ဥပဒေ (Cyber Security Law) ကို အတည်ပြုခြင်းဖြင့် နိုင်ငံအတွင်းအင်တာနက် ထိန်းချုပ်မှုကို တရားဝင် ဖြစ်စေခဲ့ပါတယ်။ ဒီဥပဒေဟာ ဆင်ဆာဖြတ်တောက်ခြင်းကို တရားဝင်သတ်မှတ်လိုက်ပါတယ်။ ကုမ္ပဏီတွေကို အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ဖို့ အတင်းအကျပ် ခိုင်းစေ နိုင်ပါတယ်။ ကိုယ်ပိုင် VPN တွေ လုပ်ကိုင်ခြင်းကို လုံးဝနီးပါး ကန့်သတ် ပစ်လိုက်ပါတယ်။
စစ်တပ်ရဲ့ နည်းမျိုးစုံဖြင့် အင်တာနက်ထိန်းချုပ်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ဒုက္ခရောက်နေကြပါတယ်။ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အင်တာနက် မကြာခဏ ဖြတ်တောက်ခံရခြင်း ဟာ လူသားချင်းစာနာမှု အကူအညီတွေကို ဖြတ်တောက်ဖို့နဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သက်သေတွေကို ပြည်တွင်းနဲ့ နိုင်ငံတ
ကာအဖွဲ့အစည်းတွေဆီ မျှဝေတာကနေ တားဆီးဖို့ ရည်ရွယ်ပါတယ်။ အွန်လိုင်းကနေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရင် မတရားဖမ်းဆီးထောင်ချခံရခြင်းသို့မဟုတ် အသက်အန္တရာယ် စိုးရိမ်ရခြင်းအထိ ဖြစ်နေပါတယ်။
ရွေးကောက်ပွဲနီးလာတဲ့ ခုလိုကာလမှာ Facebook ပေါ်မှာ Like၊ Love နဲ့ Care reaction တွေ ပေးရုံနဲ့တောင် ဖမ်းဆီးထောင်ချခံနေရတာတွေကို အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ အင်တာနက်ဟာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေဖို့နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို နှိမ်နင်းဖို့အတွက် စစ်တပ်က ဒီဇိုင်းဆွဲထားတဲ့ အဆင့်မြင့် နည်းပညာသုံး စောင့်ကြည့်ရေး ကွန်ရက်တစ်ခု ဖြစ်လာခဲ့ပါပြီ။
ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အင်တာနက်လွတ်လပ်ခွင့်အတွက် အရေးတကြီး ဝိုင်းဝန်ကူညီဖို့ လိုအပ်နေတယ်လို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

















































