close
Connect with us

Hi, what are you looking for?

ဆောင်းပါး

အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလာတဲ့ပေါ်တာအဆွဲခံရသူ အညာသား လေးဦး

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောပေါ်မှာရှိတဲ့ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းစစ်‌ကောင်စီအထိုင်ဂိတ်ဟာ ခရီးသွားတွေကို ပေါ်တာဆွဲတာ အတော်လေးသောင်းကျန်းနေတယ်။

Scorpio/People’s Spring

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောပေါ်မှာရှိတဲ့ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းစစ်‌ကောင်စီအထိုင်ဂိတ်ဟာ ခရီးသွားတွေကို ပေါ်တာဆွဲတာ အတော်လေးသောင်းကျန်းနေတယ်။

ခုချိန်ဟာ ပွင့်လင်းရာသီအစမို့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကပဲ လူငယ်တွေဟာ ဖားကန့်ကို တက်ကြတဲ့အချိန်ပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာပဲ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်၊ ကန့်ဘလူမြို့နယ်အတွင်းက စစ်တပ်ဂိတ်တွေဟာ လူငယ်တွေ အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

အဲဒီဂိတ်ကနေ ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲမှာ အသက် ၁၉ နှစ်အရွယ် ရေစကြိုနယ်သား မောင်ညို(အမည်လွှဲ)တစ်ယောက်လည်း အပါအဝင်ပါ။

Public Service Announcement

Public Service Announcement

မောင်ညိုဟာ မြစ်ကြီးနားက ငှက်ပျောခြံမှာအလုပ်လုပ်ဖို့အတွက် ရေစကြိုကနေ လိုက်ထရပ် ကား၃ စီးနဲ့ တက်လာခဲ့ကြတယ်။နိုဝင်ဘာ၂ ရက်နေ့မှာ အခုပြောတဲ့ ဘူးကုန်းဂိတ်‌ ရောက်ရှိချိန်မှာတော့ အတူ လာတဲ့ကား၃စီးမှာ ရှေ့ကအစီးကလွတ်သွားခဲ့ပြီး မောင်ညိုလိုက်ပါလာတဲ့ကားအပါအဝင် ကျန်နှစ်စီးလုံးက လူတွေကို စစ်သားတွေက မှတ်ပုံတင်ကြည့်ပြီးအောက်ဆင်းခိုင်းခဲ့ပါတော့တယ်။ အတိုချုပ်ပြောရရင် မောင်ညိုအပါအဝင် ၁၃ ဦးတိတိ ပေါ်တာအဆွဲခံလိုက်ရပါတော့တယ်။

နိုဝင်ဘာ ၃ ရက်နေ့မနက်မှာ မောင်ညိုတို့ကို ကျွန်းလှမြို့ကို ၆ ဘီးကားနဲ ပို့လိုက်တယ်။ ကားပေါ်မှာ မောင်ညိုတို့လို ပေါ်တာအဆွဲခံရသူ ၂၀ ကျော်ပါတယ်။ ကျွန်းလှမြို့အဝင် ဆိုင်းဘုတ်နားက ကားကရပ်တယ်။ ချောင်းစပ်မှာ ဆောက်ထားတဲ့ ၄ပေပတ်လည် အခန်း၂ခန်းတွဲမှာ သူတို့ကိုထားတယ်။ ရောက်ထားတဲ့လူတွေအပါအဝင်လူ ၃၀ ကျော်လောက်ဖြစ်သွားတယ်။ အဖမ်းခံရတဲ့သူတွေထဲ မိန်းကလေး ၇ ယောက်နဲ့ သံဃာတော်တစ်ပါးလည်း ပါတယ်လို့ အဖမ်းခံခဲ့ရသူတွေက ပြောတယ်။ အဖမ်းခံရသူတွေဟာ ရွှေမျောသွားလုပ်မယ့်သူတွေလည်း ပါတယ်။

ကျွန်းလှမှာ မသေထမင်း မသေဟင်းကျွေးတယ်။ ဒါပေမဲ့ သူတို့ကျွေးတဲ့အထဲ ဘာတွေများပါတယ်မပြောတတ်ဘူး။ စားပြီးတာနဲ့ မောင်ညိုတို့တတွေ ခေါင်းတွေထိုးမူးနေတော့တာပဲလို့ ပြောပြတယ်။ ဒါ့အပြင်ခြေထောက်တွေလည်းပျော့ခွေသွားတယ်။ ထမင်းစားပြီးတာနဲ့ တန်းအိပ်ပျော်သွားတယ်။

စစ်ဗိုလ်တစ်‌ယောက်က တစ်ရက်ခြားလာပြီး အချိုသပ်စည်းရုံးရေးစကားတွေပြောတယ်။” သူတို့က နှစ်ဆယ်ချီရှိပြီ။ ဟိုကောင်တွေက မနေ့တနေ့ကမှ ဖြစ်လာတာ။ ငါတို့ကမတိုက်ချင်သေးလို့။ တင့်ကား‌ တွေ၊လက်နက်စက်ရုံတွေလဲရှိတယ်။ မင်းတို့pdfဘက် ရောက်ရင်ဖမ်းပြီးသတ်ခံရမှာ။ဘာညာအမြဲလာပြောနေတာ။” လို့မောင်ညိုကပြောပြတယ်။

မောင်​ညိုဟာ စစ်ကောင်စီတပ်ထဲတော့ ဘယ်လိုမှ မနေနိုင်ဘူး။ ဒါနဲ့ ရောက်တဲ့နေ့ညကတည်းက အဆောင်ကို ကာထားတဲ့ သံဆူးကြိုးက အပြားလေး ရအောင် ဆွဲဖြတ်ထားလိုက်တယ်။ အချုပ်ခန်းအောက်ခင်းပြင်ကို တိုက်ဖြတ်ခဲ့တယ်။ နောက်တော့ အိမ်သာ ဂျက်ကိုပါဖြုတ်လာပြီး ၈ ရက်တိတိ တိုက်ဖြတ်ခဲ့တယ်။ ၂ ရက်အကြာ ည ၁၁ နာရီခွဲမှာ ထွက်ပြေးခဲ့ကြပါပြီ။

မောင်ညိုတို့ ကျန်တဲ့သူတွေကိုပါ နှိုးတယ်နှိုးမရဘူး။ သူတို့ ၄ ယောက်က အဲ့ဒီညနေထမင်းပဲစားတာ ဟင်းမစားဘူး မထနိုင်မှာမို့။ထွက်ပြေးရတာဖိနပ်မပါဓာတ်မီးမပါ၊ကိုယ့်‌ဒေသမဟုတ်‌တော့ လမ်းမကျွမ်းဘူး။

ဖိနပ်ကလည်းမပါတော့ ဆူးတွေစူးတယ်။ခြေထောက်တွေကလည်း မထောက်နိုင်ဘူး။ ပြေးရင်းလွှားရင်း မြစိမ်းတောင်ပေါ်ရောက်သွားတယ်။ အဲဒီတောင်ပေါ်မှာ နေတဲ့ သားအဖနှစ်ယောက်ကိုတွေတယ်။ အကူအညီများ ရလိုရငြားပြောကြည့်တော့မှ အဲဒီသားအဖဟာ ပျူစောထီးသားအဖ ဖြစ်နေတာ သိလိုက်ရတယ်။ သူတို့က သေနတ်နဲ့လိုက်ပစ်တယ်။ သူတို့လေးယောက်လည်း ထွက်ပြေးရတော့တယ်။

နာရီဝက်လောက်အကြာမှာ သူတို့နောက်ကို စစ်ကြောင်းနှစ်ကြောင်းနဲ့လိုက်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဟွန်းသံအရှည်ကြီးတွေလည်း ကြားလိုက်ရတယ်။သူတို့ဝေးနိုင်သမျှ ဝေးအောင် ပြေးကြတယ်။

ပါလာတဲ့ရေဘူးလေးတစ်ဘူးနဲ့ တောင်ကြိုတောင်ကြား ကျလာတဲ့ရေတွေ ခပ်သောက်ကြတယ်။ ဖီးကြမ်းငှက်ပျောပင်တွေတွေ့တော့ ခုတ်ပြီး ပါလာတဲ့မီးခြစ်ကိုအသုံးချကာ ငှက်ပျောသီးမီးဖုတ်စားကြတယ်။ သူတို့ ၃ ည တိတိ ပြေးခဲ့ရတယ်။ ညဘက်တွေမှာ မီးအလင်း‌ရောင်တွေကို ရှောင်ကွင်းသွားခဲ့ရတယ်။

ရွာတစ်ရွာနားရောက်တော့ မျှော်စင်တွေတွေ့တယ်။ PDF ရွာထင်လို့ ဝင်မေးမယ်လုပ်သေးတယ်။ နောက်တော့မမေးတော့ဘဲ ရှောင်ကွင်းပြီး ဆက်သွားတယ်။ ပေလမ်းတခုပေါ်ရောက်တော့ လိုင်းကားတစ်စီးမောင်းလာတော့ တားလိုက်တယ်။ ရှေ့မှာ ဂိတ်တွေရှိသေးလားမေးတော့ ​ခွေးဂိတ်တွေချည့်ပဲတဲ့။ အဲဒီမှာ လမ်းတခုညွှန်ပြတယ်။ အဲဘက်က PDF တွေပဲရှိတာတဲ့။ ဒါနဲ့သူတို့လေးယောက်လည်း ညွှန်တဲ့လမ်းအတိုင်း လိုက်လာခဲ့တာ။

ရွာတစ်ရွာရောက်တော့ အုပ်ကြီးအိမ်ရောက်သွားခဲ့တယ်။ သူတို့ကိုပြန်ပို့မှာလား စိုးရိမ်ခဲ့ကြတယ်။ ခဏနေတော့ ယူနီဖောင်းတွေနဲ့ ရောက်လာခဲ့ကြတယ်။ သူတို့စိုးရိမ်နေသလို စစ်ကောင်စီတပ်သားတွေမဟုတ်ဘဲ PDF အဖွဲ့တွေဖြစ်နေတာပါ။ “ ဦးထုပ်ရဲ့ဘတ်တံဆိပ်အနီလေးတွေ့မှ စိတ်ချမ်းသာသွားတာ။” လို့ ထွက်ပြေးလာသူတစ်ဦးက ပြောတယ်။

ကန့်ဘလူမြို့နယ်ဗျူဟာလမ်းကြောပေါ်ကစစ်ကောင်စီအထိုင်ဂိတ်တွေဟာ ပျူလိုအပ်ချက်ကြီးမားနေပြီး ဝါသဝရဲ့ ပျူစစ်ကြောင်းအတွက် ခရီးသွားပြည်သူတွေထဲက လူငယ်လူရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေပါမကျန် ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

လူ‌ရွေးဖို့နောက်ကလိုက်လာရင် လူလည်းဆုံး ငွေလည်းဆုံးတဲ့အပြင် လိုက်လာတဲ့သူပါ ထပ်မံဖမ်းဆီးနေတယ်လို့ ၎င်းအဖွဲ့က ပြောပါတယ်။ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ကျွန်းလှအချုပ်ထောင်မှာ ယာယီထိန်းသိမ်းထားပြီး စစ်သင်တန်းတက်ဖို့ ကန့်ဘလူ၆၀၀၆ သို့ အလှည့်ကျပို့ဆောင်ပြီး အဲဒီကနေ Mi17 နဲ့ ခေါ်ဆောင်သွားလေ့ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကြောသွားကြမယ့် ပြည်သူများ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်စခန်းတွေရှိတဲ့ ဗျူဟာလမ်းကြောကို အတတ်နိုင်ဆုံး ရှောင်ကွင်းသွားကြဖို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သတိပေးထားပါတယ်။

မောင်ညိုအပါအဝင် ထွက်ပြေးလာကြတဲ့ အညာသားလေးယောက်ကတော့ စစ်ကောင်စီတပ်ဆီကနေ လွတ်မြောက်သွားခဲ့ပါပြီ။ ထွက်ပြေးလာတဲ့ လေးယောက်ထဲက တစ်ယောက်ကတော့ သူထွက်ပြေးရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း အခုလိုပြောပြပါတယ်။ “ ကိုယ့်အချင်းချင်း မပစ်နိုင်ဘူး” တဲ့။ နောက်ထပ်တစ်ဦးကလည်း ခုလိုပြောပါတယ်။ “ အဲဒီယူနီဖောင်း(စစ်ကောင်စီယူနီဖောင်း)ကြီးဝတ်ပြီးတော့ အသေမခံနိုင်ဘူး” တဲ့။ ။

ဆက်စပ်သတင်းများ