close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး နှစ်ရက်ဆက်တိုက် ဆန္ဒပြ

အစိုးရဆီက အင်အားသုံး ဖြိုခွင်းမှုတွေ ရှိမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့တိုင် အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေက နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရဆီက အင်အားသုံး ဖြိုခွင်းမှုတွေ ရှိမယ့် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့တိုင် အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေက နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က တဟီရန်မြို့တော်ရဲ့ တက္ကသိုလ်ကြီး တချို့မှာ ကျောင်းသားတွေ စုဝေးပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသလို နောက်တစ်နေ့မှာလည်း အဲဒီလှုပ်ရှားမှုတွေက အရှိန်မပျက် ဆက်ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းက အီရန် အစိုးရရဲ့ ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြပြည်သူ ၅၈၀၀ ကျော် သေဆုံးခဲ့တဲ့နောက် ဆန္ဒပြပွဲတွေ အရှိန်လျော့သွားခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပြန်လည် စတင်လာခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသား သပိတ်ခေါင်းဆောင် အများအပြားဟာ ဖမ်းဆီးခံထားရဆဲ ဖြစ်သလို နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေ ကြုံလာနိုင်ခြေ ရှိပေမယ့်လည်း တက္ကသိုလ် ကျောင်းသားတွေက လူစုပြီး ထပ်မံ ဆန္ဒပြလာခဲ့တာပါ။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တုန်းကတော့ တဟီရန် တက္ကသိုလ်၊ ရှရစ်ဖ် နည်းပညာ တက္ကသိုလ်၊ အမာရ်ကာဘာရ် တက္ကသိုလ်၊ ရှာဟစ်ဒ် ဘီဟက်ရှီ တက္ကသိုလ်တို့လို အထင်ကရ ပညာရေး ဌာနကြီးတွေရဲ့ တက္ကသိုလ်ကျောင်းသား အများအပြားဟာ ဆန္ဒပြပွဲတွေမှာ စုဝေး ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

တခြားတစ်ဖက်မှာလည်း အစ္စလာမ်မစ် ဘာသာရေး အခြေပြု အုပ်ချုပ်တဲ့ အီရန် အစိုးရကို ထောက်ခံတဲ့ အင်အားစုတွေက အပြိုင်ဆန္ဒပြခဲ့ပြီး တက္ကသိုလ် ကျောင်းသားတွေကို ရန်လိုတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ နိုင်ငံအရှေ့မြောက်ပိုင်းက မာရှက်ဒ်ဒေသမှာလည်း ဖြစ်ပွားခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ဆန္ဒပြ ကျောင်းသားတွေက အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီကို လူသတ်သမားတွေရဲ့ ခေါင်းဆောင်အဖြစ် ရှုတ်ချ ဟစ်ကြွေးနေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ ရှားဘုရင်ရဲ့ သးတော် အိမ်ရှေ့မင်းသားဟောင်း ရက်ဇာ ပါဟ်လာဗီ ဦးဆောင်တဲ့ အစိုးရသစ်ကို လိုလားကြောင်းလည်း ဆန္ဒဖော်ထုတ်နေခဲ့ကြပါတယ်။ ပါဟ်လာဗီဟာ အမေရိကန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖခင် ရှားဘုရင်ဟာ ၁၉၇၉ ခုနှစ် အီရန် အစ္စလာစ်မစ် တော်လှန်ရေးမှာ ဖယ်ရှားခံခဲ့ရတာပါ။

အီရန် အစိုးရ အတွက်တော့ အမေရိကန်နဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဖိအားဝင်နေတဲ့ အခြေအနေမှာ နောက်ထပ် ဗျာများစရာ စိန်ခေါ်မှု တစ်ခုကို ကြုံလာတာလည်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ရဲ့ နျူကလီးယား နည်းပညာ မြှင့်တင်ရေး စီမံကိန်းတွေကို လုံးဝဥဿုံ စွန့်ခွာဖို့ တောင်းဆိုထားပြီး အီရန်ဖက်က သဘောမတူရင် စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ သဘောမျိုး ခြိမ်းခြောက်ထားပါတယ်။

ဒီဇင်ဘာလတုန်းက နိုင်ငံရဲ့ စီးပွားရေး ကျပ်တည်းမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေကြောင့် ကုန်သည်တွေက ဦးဆောင်ပြီး အီရန်မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် တက္ကသိုလ် ကျောင်းသားတွေကပါ ပူးပေါင်းလာပြီး နိုင်ငံအနှံ့မှာ အစိုးရ ဆန့်ကျင်ရေး လူထုအုံကြွမှုကြီးအသွင် ကူးပြောင်းသွားခဲ့ပါတယ်။ ဇန်နဝါရီလမှာတော့ ဆန္ဒပြသူတွေကို အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပြည်သူ ၅၈၀၄ ဦး၊ ကလေးငယ် ၉၂ ဦး၊ လုံခြုံရေး အရာရှိတွေနဲ့ အစိုးရ ဘက်တော်သား ၂၁၄ ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု သတင်းအေဂျင်စီ (HRANA)က ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ၊ ဖမ်းဆီးဖြိုခွင်းမှုတွေကြောင့် အားလျော့ပျက်ပြယ်ခဲ့ရာက အခုအခါ ဆန္ဒပြပွဲတွေ ပြန်လည် စတင်လာတာပါ။ အီရန်ကတော့ အဲဒီ ဆန္ဒပြပွဲတွေဟာ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ ဆူပူသောင်းကျန်းသူတွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ကိုးကား: Al Jazeera

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို စစ်တိုက်မယ့် ကိစ္စကို သူ့ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးက မထောက်ခံခဲ့ကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်မှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြန်လည် စတင်လာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို စစ်ရေးအရ အကန့်အသတ်နဲ့ တိုက်ခိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု ရရှိအောင် အားထုတ်သင့်ပြီဖြစ်ပြီး အဲဒီကိစ္စ အထမမြောက်ရင်တော့ တကယ့် အကြီးစား အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။