ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်မှာဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အာဏာသိမ်းစစ်တပ်အခြေစိုက် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။
အဲဒီထဲကအမှတ်(၁၃၄)ခြေလျင်တပ်ရင်း(ခလရ၁၃၄) နဲ့ အမှတ် ၁၃၅ ခြေလျင်တပ်ရင်း(ခလရ ၁၃၅)ကဖားဆောင်းမြို့နယ်ထဲမှာရှိပါတယ်။
ခလရ (၁၃၄ )တပ်ရင်းကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။ကရင်နီပြည်နယ်ထဲက စစ်တပ်အခိုင်အမာတပ်စွဲထားတဲ့ ခြေလျင်တပ်ရင်းတစ်ခုကို ပထမဆုံးသိမ်းပိုက်ခဲ့မှုလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲမှာ စစ်တပ်ရဲ့တိုက်လေယာဥ်တစ်စီးကိုပါ ကရင်နီတော်လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်။

Public Service Announcement
ခလရ (၁၃၄) ဟာ ဖားဆောင်းမြို့အနောက်ခြမ်း ရေထွက်ပေါက်နားမှာရှိပြီး မြို့တောင်ဘက်ခြမ်းက ဖားဆောင်း-မော်ချီး လမ်းပိုင်းမှာခလရ (၁၃၅) ရှိပါတယ်။
တပ်ရင်း နှစ်ခုဟာ ဘောလုံးကွင်းသုံးကွင်းကျော်စာသာ ကွာဝေးပေမယ့် ခံကတုတ်၊ကာကင်းတွေနဲ့ မိုင်းတွေကိုခင်းထားတာ၊လေကြောင်းကနေ ရိက္ခာ၊ခဲယမ်းဖြည့်တင်းတာတွေဆက်တိုက်လုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။
ဒါကြောင့်လည်း လက်ကျန်တဲ့ ဖြစ်တဲ့ခလရ(၁၃၅) တပ်ရင်းကို ကရင်နီပူးပေါင်းတပ်တွေ ခုနှစ်လကျော်ကြာ ပိတ်ဆို့ခဲ့ပေမယ့် မသိမ်းနိုင်ခဲ့ပါဘူး။
တစ်ဖက်မှာ စစ်တပ်က ကရင်နီပြည်နယ်နဲ့ ပြည် နယ်အစပ်က တော်လှန်ရေးအင်အားစုတွေ ထိန်း ချုပ်ထားတဲ့ ဖယ်ခုံ ၊မိုးဗြဲ၊လွိုင်ကော်၊ဒီးမော့ဆို၊ဘောလခဲမြို့နယ်တွေထဲက စစ်စခန်း တွေကို ၂၀၂၅ ကစပြီးဆက်တိုက် တန်ပြန်ထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ဘောလခဲမြို့နယ်ကနေ စစ်ကြောင်းသုံးခု(အင်အား ၅၀၀ ဝန်းကျင်) နဲ့ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလကစပြီး ဖားဆောင်းမြို့နယ်ထဲဝင်ဖို့ စစ်တပ်ကအကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
ကနဦးအနေနဲ့ ဖရူဆို- ထားလဲ -နန်းဖဲ – ဘောလခဲနဲ့ ဘောလခဲ-ထူးချောင်း-ဖားဆောင်း လမ်းမကြီးကို စစ်တပ်ကစိုးမိုးမှုပြန်ယူခဲ့ပြီး အဲဒီကနေတဆင့်ဖားဆောင်းထဲကို စစ်ကြောင်းတွေ အလုံးအရင်း နဲ့ ဖေဖော်ဝါရီလဆန်းပိုင်းမှာ တိုးဝင်လာနိုင်တာ ဖြစ်ပါတယ်။
စစ်တပ်က ဖားဆောင်းမြို့ကို ထိုးစစ်ဆင်မှုတွေ နဲ့ မြေပြင်စစ်ရေးအချက်အလက်တွေအရ ခလရ (၁၃၄) ကိုပြန်ထိန်းချုပ်နိုင်ဖို့ ၊ခလရ(၁၃၅)ကို စစ်ကူပို့ပြီး ခြေကုပ်ခိုင်မာအောင်လုပ်ဖို့နဲ့ ဖားဆောင်း(သံလွင်မြစ်ကူး)တံတားကို ထိန်းချုပ်ဖို့ ရည်ရွယ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
စစ်တပ်ကဖားဆောင်းမြို့ကအစိုးရရုံးတွေ နဲ့ ဖားဆောင်း မြို့ကို ပြန်ရပြီလို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။အဲဒီထုတ်ပြန်ချက်မှာ ဖားဆောင်းမြို့တွင်းကို ဝင်နိုင်မယ့် လမ်းနှစ်သွယ်ထဲက ပါပု နဲ့ နန့်ကစ် ရွာ နှစ်ရွာ က စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်ခဲ့တာလို့ ဆိုထားပါတယ်။
“ ဘောလခဲကနေ ဖားဆောင်းကို စစ်ကြောင်းသုံး ကြောင်းနဲ့ ထိုးလာတယ်။ထိုးလာတဲ့အချိန်မှာ ပါပုကစစ်ကြောင်းက ၁၃၅ တပ်ထဲကို ၂၀ လောက်ဝင်သွားနိုင်တယ်။ဘယ်နေ့ကလည်း ဆိုတော့ (ဖေဖော်ဝါရီ ) ၁၂ ရက်နေ့ညက ။ဝင်တဲ့အချိန်မှာလမ်းတစ်လျှောက်မှာရှိတဲ့ အစိုးရရုံးတွေနဲ့ ဓာတ်ပုံရိုက်လာတယ်။၁၃၅ ထဲရောက်တဲ့အချိန်မှာ ဝါဒဖြန့်တာမျိုး။အကုန်လုံးရောက်တာ မဟုတ်ဘူး။ကျန်တဲ့လမ်းကြောင်းကစစ်ကြောင်းတွေကအထဲကိုမရောက်သေးဘူး” လို့ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၇ ရက်အထိ မြေပြင်စစ်ရေးအရ ခလရ (၁၃၅) တပ်ထဲမှာပဲ စစ်တပ်က စုစည်းနေဆဲ ဖြစ်ပြီး ဒရုန်း၊လက်နက်ကြီး နဲ့လေကြောင်းကိုအများအပြားသုံးနေတယ်လို့ အသိပေးပါတယ်။
စစ်ရေးအရအရေးပါတဲ့ဖားဆောင်း(သံလွင်တံတား)ဘက်ခြမ်းကိုလည်း စစ်တပ်ဘက်ကနေ့စဥ် ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။
ဖားဆောင်း(သံလွင်တံတား)ဟာ စစ်တပ်တပ်စွဲထားတဲ့ ခလရ ၁၃၅ တပ်နဲ့ နှစ်မိုင်ဝန်းကျင်အကွာမှာရှိပြီး ကရင်နီတပ်ပေါင်းစုကအလုံးစုံထိန်းချုပ်ထားတဲ့ မယ်စဲ့မြို့နယ် နဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၇ က်နေ့မနက်အစောပိုင်းမှာ ဖားဆောင်း(သံလွင်တံတား)ရဲ့ ဖားဆောင်းမြို့ဘက်အခြမ်းဟာမိုင်းခွဲခံခဲ့ရပါတယ်။ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲတွေပြင်းထန်နေတာကြောင့်မယ်စဲ့ကနေ ဖားဆောင်းကို စစ်ကူလာမယ့် ကရင်နီတပ်တွေကို ဟန့်တားချင်တာ (ဒါမှမဟုတ်) ဖားဆောင်း ကနေ မယ်စဲ့ ဘက်ကို စစ်တပ် အလွယ်တကူဖြတ်ကူးမလာနိုင်အောင် ဖြတ်တောက်လိုက်တာ စတဲ့သုံးသပ်မှုမျိုးတွေရှိနေကြတာတွေ့ရပါတယ်။
ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားပြီး ပေ ၁၂၀၀ ကျော်ရှိတဲ့ ဖားဆောင်းတံတား ပျက်စီးမှုက ဖားဆောင်းမြို့နယ်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာပါ။
“ အတိအကျတော့ သုံးသပ်လို့ မရဘူး။စစ်တပ်ဘက်ကလည်း မယ်စဲ့ ဘက်က စစ်ကူတွေလာလို့မရအောင် ဟန့်တာချင်တဲ့အခြေအနေဖြစ်နိုင်သလို နောက်တခုက တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဖားဆောင်းအရှေ့ခြမ်းကို မလာနိုင်အောင် လုပ်လာတာလည်းဖြစ်မယ်” လို့ ကရင်နီ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။
လက်ရှိမှာစစ်သားအချို့ကဖားဆောင်းမြို့တွင်းကို ဝင်ရောက်ပြီး ခလရ (၁၃၅)ကိုသွားပူးပေါင်းခဲ့သလို တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်အချို့က အသိပေးပါတယ်။
တံတားဖျက်ဆီးခံရတာက စစ်ရေးအစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပြီး ဖားဆောင်းမြို့နယ်ကို စစ်တပ်ကထိန်းချုပ်နိုင်ခဲ့ရင် ကရင်နီတပ်ပေါင်းစုရဲ့အလုံးစုံထိန်းချုပ်ထားတဲ့ မြန်မာ-ထိုင်းနယ်စပ်က မယ်စဲ့မြို့နယ်အတွက်လည်း စစ်ရေးအရ အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တယ်ဆိုတဲ့ ကရင်နီစစ်ရေးစောင့်ကြည့်သူအချို့က သုံးသပ်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ညနေပိုင်းအထိ ဖားဆောင်းမြို့အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီးစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေဆဲလို့ တိုက်ပွဲဝင်နေတဲ့ရဲဘော်တချို့က ပြောပါတယ်။ဒါကြောင့်စစ်တပ်က ဖားဆောင်းမြို့၊တပ်ရင်းတွေနဲ့ အနီး ဝန်းကျင်ကိုထိန်းချုပ်နိုင်ပြီလို့ ဆက်တိုက်ပြောနေပေမယ့် မြေပြင်မှာ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။
“ ရက်ပိုင်းလောက်ဆိုအဖြေတခုပေါ်ပါလိမ့်မယ်” လို့ ဖားဆောင်းမြို့တိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ကယန်းအမျိုးသားတပ်မတော်-KNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူကပြောပါတယ်။ ။


















































