မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံမှာ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမကို ရာထူးတိုးမြှင့် ခန့်အပ်ပေးလိုက်ကြောင်း သိရပါတယ်။
ကင်မ်ယိုဂျောင်ဟာ အရင်က ဒုတိယ ဌာနမှူးအဆင့်သာ ရှိခဲ့ပေမယ့် အခုရာထူး တိုးမြှင့်မှုကြောင့် အာဏာရပါတီ ဗဟိုကော်မတီဝင် ဌာနမှူး ၁၇ ဦးထဲမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ ကင်မ်ယိုဂျောင်ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ညီလာခံ ဆုံးဖြတ်ချက်အရ ရာထူးတိုးမြှင့် ခန့်ထားခဲ့ကြောင်းကို အစိုးရပိုင် KCNA သတင်းဌာနက အတည်ပြု ဖော်ပြခဲ့ပါတယ်။
ကင်မ်ယိုဂျောင်ဟာ အစ်ကိုဖြစ်သူရဲ့ အနီးကပ်ဆုံး လက်ရုံးတစ်ဦးလည်း ဖြစ်သလို မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဩဇာ အထက်မြက်ဆုံး အမျိုးသမီး အနေနဲ့ အသိအမှတ်ပြု ခံထားရပါတယ်။ ဆွစ်ဇာလန်မှာ အနောက်တိုင်း ခေတ်ပညာ သင်ယူထားခဲ့တဲ့ ကင်မ်ယိုဂျောင်ဟာ ၂၀၂၁ ခုနှစ်တုန်းက နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရှုပ်အထွေးတွေနဲ့ ဆက်စပ်လို့ တာဝန်ယူခဲ့ရပြီး ရာထူးလျှော့ချ ခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဩဇာကို မြန်မြန်ဆန်ဆန် ပြန်တည်ဆောက်ပြီး အခုလိုမျိုး ထိပ်တန်းရာထူးတွေဆီ ပြန်တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။
KCNAက ကင်မ်ယိုဂျောင်ဟာ ဘယ်ဌာနရဲ့ ဌာနမှူးအဖြစ် ခန့်အပ်ခံရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့ပါဘူး။ မြောက်ကိုရီးယားမှာ ၅ နှစ်တစ်ကြိမ် ကျင်းပတဲ့ ပါတီ ညီလာခံဟာ ကင်မ်ဂျုံအွန်းကိုလည်း နိုင်ငံခေါင်းဆောင်အဖြစ် နောက်ထပ် ၅ နှစ် တာဝန်ပေး ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement
နောက်ထပ် ထွက်ပေါ်နေတဲ့ သတင်းတစ်ခုကတော့ ကင်မ်ဂျုံအွန်းဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတင်းကြီးနေတဲ့ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူကို နိုင်ငံရဲ့ ဒုံးကျည်ဌာနမှာ အကြီးအကဲ ရာထူးတစ်နေရာ ခန့်အပ်ပေးထားတယ် ဆိုတာပါပဲ။ အဲဒီသတင်းကို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ကင်မ်ဂျုံအွန်းက သမီးဖြစ်သူကို ဒုံးကျည်နဲ့ မဟာဗျူဟာ စစ်လက်နက်ဗျူရို ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး အဲဒီအကြောင်းကို Chosun Daily သတင်းဌာနက စတင်ဖော်ပြခဲ့ပါတယ်။
Chosun Dailyရဲ့ အဆိုအရ ကင်မ်ဂျုံအွန်းရဲ့ သမီးဟာ မူလက အများယူဆထားသလို ကင်မ်ဂျူအေး မဟုတ်ဘဲ ကင်မ်ဂျူဟေး ဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက အဲဒီ မိန်းကလေးရဲ့ နာမည်ကို တိတိကျကျ ရည်ညွှန်းလေ့ မရှိဘဲ နိုင်ငံအဓိပတိရဲ့ ချစ်လှစွာသော သမီးလို့ပဲ သုံးနှုန်းလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကင်မ်ဂျုံအွန်းက သမီးဖြစ်သူကို အရေးပါတဲ့ အခမ်းအနားတွေမှာ မကြာခဏ ပွဲထုတ်လာခဲ့ပြီး တောင်ကိုရီးယား ထောက်လှမ်းရေးကလည်း ဒီမိန်းကလေးဟာ အနာဂတ် မြောက်ကိုရီးယား ခေါင်းဆောင် ရာထူးအတွက် လျာထားခံရသူအဖြစ် ယူဆထားကြပါတယ်။ ကင်မ်ဂျူအေးရဲ့ အသက်ကိုလည်း မြောက်ကိုရီးယားက မထုတ်ပြန်ပေမယ့် ၁၅ နှစ် မပြည့်သေးဘူးလို့ ယုံကြည်ရပါတယ်။
ကိုးကား: Korea JoongAng
ဓာတ်ပုံ – KCNA

















































