close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာလူပြောများခဲ့တဲ့ ခွေးလေး ၇ ကောင် ဗီဒီယိုရဲ့ နောက်ခံဇာတ်လမ်းကအမှန်မဟုတ်ဘူးလို့ အစိုးရ မီဒီယာဖော်ပြ

မတ်-၂၆၊၂၀၂၆။People’s Spring

တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အကြီးအကျယ် လူပြောများခဲ့တဲ့ ခွေးခုနစ်ကောင်ရဲ့ ဗီဒီယိုဟာ ဖြစ်ရပ်မှန်နဲ့ ကွဲလွဲနေကြောင်း တရုတ်အစိုးရမီဒီယာက​ဖော်ပြပါတယ်။

မတ်လ ၁၇ ရက်နေ့တုန်းက တရုတ် လူမှုကွန်ရက်တွေပေါ် ရောက်လာတဲ့ ဗီဒီယိုထဲမှာတော့ ကားလမ်းဘေး တစ်နေရာမှာ ခွေးလေး ၇ ကောင် စုစုဝေးဝေးနဲ့ အတူလမ်းလျှောက်နေတာကို တွေ့ရပြီး အဲဒီ ခွေးလေးတွေဟာ ခွေးသားပေါ်ရောင်းသူတွေ လက်ထဲကနေ ထွက်ပြေးရင်း ၁၇ ကီလိုမီတာ အကွာအဝေးက နေရပ်ကျေးရွာဆီ အတူပြန်လာခဲ့တာလို့နောက်ခံဇာတ်လမ်းကိုရေးသားထားခဲ့ပါတယ်။

အဲဒီအကြောင်းအရာဟာလူအများရဲ့ စိတ်နှလုံးကို ထိခိုက်စေခဲ့သလိုဗီဒီယိုကိုကြည့်ရှုသူသန်းပေါင်း ရာနဲ့ချီများပြားခဲ့ပါတယ်။ ပြီးတော့သတင်းဌာနတွေမှာလည်းစည်းစည်းလုံးလုံးနဲ့ အိမ်ပြန်ခဲ့တဲ့ ခွေးလေးတွေရဲ့ အကြောင်းကို ထပ်ဆင့် ဖော်ပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်ပေါ်မှာရေးသားထားတဲ့နောက်ခံဇာတ်လမ်းမှာတော့ ရဲရင့်တဲ့ corgi ခွေးပုလေးတစ်ကောင်က တခြားခွေး ၆ ကောင်ကို ဦးဆောင်ပြီး အိမ်ပြန်ခေါ်လာခဲ့သလို ဒဏ်ရာရထားတဲ့ German Shepherd ခွေးတစ်ကောင်ကို အားလုံးကဝိုင်းဝန်းဖေးမစောင့်ရှောက်ခဲ့ကြကြောင်း၊ နောက်ဆုံးမှာတော့ ခွေးလေးအားလုံးဟာ ကျိလင်းပြည်နယ်ရဲ့ ကျေးရွာတစ်ခုမှာရှိတဲ့ ပိုင်ရှင် မိသားစု ၃ ခုစီ ချောချောမောမော ပြန်လည် ရောက်ရှိခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရ မီဒီယာတွေကတော့ ခွေးလေး ၇ ကောင်ရဲ့ ဗီဒီယိုဟာ အစစ်အမှန် ဖြစ်ပေမယ့် နောက်ခံအကြောင်းအရာက လူမှုကွန်ရက်ပေါ် လူပြောများနေသလို မဟုတ်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။ ခွေးလေးတွေဟာ ဖမ်းဆီးထားသူတွေ လက်ထဲက လွတ်လာတာ မဟုတ်ဘဲ အနီးမှာရှိတဲ့ ကျေးရွာတစ်ခုက ရွာသားတွေ ပိုင်ဆိုင်ပြီး သဘာဝအတိုင်း လှည့်လည် သွားလာနေခဲ့တာလို့ ဆိုပါတယ်။

ခွေးအုပ်ထဲက German Shepherdခွေးဟာ ရာသီစက်ဝန်းထဲ ရောက်နေတဲ့ အမတစ်ကောင်ဖြစ်လို့ ဒဏ်ရာရထားသလို နွမ်းနယ်နေတာလို့လည်း တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။ ခွေးပိုင်ရှင်တွေရဲ့ အဆိုအရ အဲဒီခွေးလေးတွေဟာ ရွာနီးချုပ်စပ်မှာ စုစုဝေးဝေး သွားလာနေတတ်ပြီး တစ်ခါတလေ တစ်ရက်နှစ်ရက်ထိ အိမ်ပြန်မလာဘူးလို့ သိရပါတယ်။

ခွေးလေး ၇ ကောင်အကြောင်း လုပ်ကြံရေးသားထားခဲ့တဲ့ ဇာတ်လမ်းဟာ အရမ်းလူပြောများပြီး ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ ခွေးလေးတွေရဲ့ ဓာတ်ပုံတွေ၊ မိသားစုနဲ့ ပြန်ဆုံနေပုံတွေပါ လူမှုကွန်ရက်ပေါ် ထပ်မံ ပျံ့နှံ့လာခဲ့ပါတယ်။၁၉၉၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Disney ရုပ်ရှင်Homeward Boundနဲ့ ခွေးလေး ၇ ကောင်အကြောင်း နှိုင်းယှဉ်မှုတွေလည်း ရှိလာပါတယ်။

အွန်လိုင်းလုံခြုံရေးသုတေသီတွေကတော့ဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်ကနေ သတင်းမှားတစ်ခု ဘယ်လောက် မြန်မြန်ဆန်ဆန် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နိုင်သလဲ ဆိုတာကို သင်ခန်းစာ ပေးခဲ့တဲ့ နောက်ထပ် ဥပမာ တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေက အန္တရာယ် ဘယ်လောက်ကင်းတယ်ပြောပြော၊ လူတွေကြားမှာ အတွေးအမှားတွေ ပျံ့နှံ့သွားနိုင်ကြောင်း ပညာရှင်တွေက ထောက်ပြခဲ့ပါတယ်။ အခုဖြစ်ရပ်မှာဆိုရင် တရုတ်တွေ ခွေးသားစားတယ်ဆိုတဲ့ အယူအစွဲမျိုးကို တိရစ္ဆာန် ချစ်သူတွေစိတ်ထဲ ရိုက်သွင်းပေးသလို ဖြစ်သွားခဲ့ပါတယ်။

ဗီဒီယိုက မှန်ကန်ပေမယ့်မဟုတ်၊မမှန်အကြောင်းအရာမျိုးနဲ့တွဲပြီး ဖော်ပြခြင်းဟာ စိတ်ပျက်စရာ၊ သောကများစရာသတင်းတွေကနေခဏတာ ကင်းလွတ်ပြီး ကြည့်ရှုမိသူတွေ စိတ်နှလုံး ချမ်းမြေ့စေဖို့ ရည်ရွယ်ချက်မျိုးနဲ့ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ချဲ့ကားထားတဲ့ အကြောင်းအရာတွေကြောင့် လမ်းကြောင်းလွဲမှုတွေ ဖြစ်နိုင်စေသလို ကြည့်ရှုသူတွေ ပိုများအောင် အလားတူ လုပ်ကြံမှုဖန်တီးမှုတွေကို တွန်းအားပေးရာ ရောက်လာနိုင်ကြောင်း ဩစတြေးလျ တက္ကသိုလ်ရဲ့ဒစ်ဂျစ်တယ်မီဒီယာ ကျွမ်းကျင်သူ တီဂျေ သွမ်ဆန်က ထောက်ပြခဲ့ပါတယ်။

အရွယ်အစား သေးကွေးပြီး ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေ အကြောင်းကို လူမှုကွန်ရက် သုံးစွဲသူတွေက စိတ်ဝင်စားကြတဲ့အခါ သူတို့အကြောင်း ဗီဒီယိုတွေ၊ ဇာတ်လမ်းတွေကလည်း ရေပန်းစားလာကြောင်း၊ ဒါပေမဲ့ အချက်အလက် အတုတွေ များပြားလာတဲ့အခါ အစစ်အမှန်နဲ့ စိတ်ကူးယဉ်ကြား ပိုင်းခြားထားတဲ့ စည်းက ဝေဝါးလာနိုင်ကြောင်း သူက ဆိုပါတယ်။

သူက ရိုးရှင်းပြီး အပြစ်ကင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ အချက်အလက်အမှား ဗီဒီယိုတွေဟာ ဒုက္ခတွေ ဖြစ်စေနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။ AIနည်းပညာသုံးပြီး အလွယ်တကူ ဖန်တီးမှုတွေ လုပ်လာနိုင်တဲ့ မျက်မှောက်ကာလမှာတော့ အခုလို အချက်အလက်မှားယွင်းမှု ပြဿနာတွေက ပိုမိုကြီးထွားလာနိုင်ကြောင်းလည်း သွမ်ဆန်က ပြောကြားသွားပါတယ်။

ကိုးကား-CNN

ဆက်စပ်သတင်းများ