close

နာမည်ကြီးအရက်ဘီယာကုမ္ပဏီသုံးခု စစ်ကောင်စီကို ကျပ်ဘီလျံချီ အခွန်ငွေပေးနေ

စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာ၊ အဖျော်ယမကာများကို လူထုက သပိတ်မှောက်ထားချိန်တွင် ရောင်းအားကောင်းနေသည့် နိုင်ငံတကာဘီယာကုမ္ပဏီကြီးများက စစ်ကောင်စီထံ အခွန်ထမ်းနေသည်။

ရန်ကုန်မြို့ ၁၉ လမ်းရှိ ဘားတစ်ခုကို ၂၀၂၀ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - EPA

ပြည်တွင်း၌ ဘီယာနှင့် အရက် ထုတ်လုပ်ရောင်းချနေသော နိုင်ငံတကာကုမ္ပဏီကြီးများဖြစ်သည့် Heineken၊ Carlsberg၊ ThaiBev တို့သည် အာဏာသိမ်းစစ်ကောင်စီထံ အခွန်ငွေ ကျပ်ဘီလျံချီ ပေးဆောင်နေသည်ဟု Justice For Myanmar (JFM) က ယနေ့ (ဧပြီ ၁၉) ထုတ်ပြန်သည်။

ထိုကုမ္ပဏီသုံးခုသည် ၂၀၂၁ အောက်တိုဘာမှ ဒီဇင်ဘာအထိ အထူးကုန်စည်ခွန်အတွက် ကျပ်ဘီလျံ ၅၀ ခန့်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်အတွက် ကျပ် ၁၂ ဒသမ ၆ ဘီလျံခန့် စစ်ကောင်စီထံ ပေးဆောင်ခဲ့သည်ဟု စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်နေသည့် ထိုအဖွဲ့က ဆိုသည်။ 

ထိုအခွန်ငွေပမာဏသည် ပြင်ပပေါက်ဈေးထက် နှိမ့်ထားသည့် စစ်ကောင်စီ ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်းဖြင့် တွက်ချက်လျှင်ပင် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၆ သန်းထိ ရှိသည်။

ကုမ္ပဏီသုံးခု၏ တစ်နှစ်ပတ်လုံးစာ အခွန်အရပ်ရပ်ပေးဆောင်မှုသည် စုစုပေါင်း ကျပ်ဘီလျံ ၂၅၀ (ဒေါ်လာ ၁၅၅) သန်းအထိ ရှိနိုင်ကြောင်း JFM က ဆိုသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အဖျော်ယမကာကုမ္ပဏီကြီးများက ကူညီပေးနေသည်ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

“တရားမဝင်စစ်ကောင်စီက လူသတ်မှုနဲ့ ဖျက်ဆီးမှုတွေကို စဉ်ဆက်မပြတ်ကျူးလွန်နိုင်ဖို့အတွက် ဝင်ငွေတွေ အသည်းအသန်လိုအပ်နေပြီးတော့ အဖျော်ယမာကာကုမ္ပဏီကြီးတွေဆီက အခွန်ငွေတွေက ပြည်သူလူထုကို တိုက်ခိုက်ဖို့ လိုအပ်တဲ့ လေယာဉ်ဆီ၊ ကျည်ဆန်နဲ့ ဗုံးတွေ ဝယ်ယူဖို့ ရန်ပုံငွေကူညီပေးနေပါတယ်”။

ထိုဘီယာကုမ္ပဏီကြီးများသည် ကွယ်လွန်သူ ခရိုနီဦးသိန်းထွန်း၏ မိသားစုဝင်များနှင့် ပေါင်းကာ ပြည်တွင်း၌ အရက်၊ ဘီယာများ ထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်။ ဦးသိန်းထွန်း၏သား ဦးသန့်ဇင်ထွန်း ထိန်းချုပ်ထားသည့် Myanma Golden Star Grop (MGS) က Carlsberg ဘီယာထုတ်လုပ်နေပြီး LOTTE ကော်ပိုရေးရှင်းလက်အောက်ခံကုမ္ပဏီနှင့် ပေါင်း၍လည်း ဖျော်ရည်ထုတ်လုပ်သည်။

ဦးသိန်းထွန်း၏သမီး ဒေါ်မာမာထွန်းနှင့် သမက်ဖြစ်သူ ဦးအောင်မိုးကျော်တို့က နယ်သာလန်မှ Heineken အပြင် ထိုင်းနိုင်ငံမှ ThaiBev ကုမ္ပဏီတို့နှင့် ဖက်စပ်လုပ်ကိုင်သည်။ ထိုင်းနိုင်ငံအခြေစိုက် ThaiBev က ပြည်တွင်းအမှတ်တံဆိပ် Grand Royal အရက်ထုတ်လုပ်သည့်ကုမ္ပဏီကို ဝယ်ယူထားသည်။

ထိုကုမ္ပဏီများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လမ်းညွှန်ချက်များနှင့် နိုင်ငံတကာလူ့အခွင့်ရေးဆိုင်ရာတာဝန်ရှိမှုများကို လိုက်နာရန် လိုအပ်ပြီး စစ်ကောင်စီကို ပေးနေသည့် အခွန်ငွေများကို ရပ်တန့်ရမည်ဖြစ်ကြောင်း JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်တစ်ခုဖြစ်သည့် မြန်မာဘီယာကို ပြည်သူလူထုက ဝိုင်းဝန်းသပိတ်မှောက်သဖြင့် Heineken၊ Carlsberg ကဲ့သို့ အခြားဘီယာအမှတ်တံဆိပ်များသာ မြန်မာပြည်သူလူထုအတွက် ရွေးချယ်စရာဖြစ်လာသဖြင့် ဈေးကွက်ဝေစုလည်း တိုးမြင့်ရရှိနေကြသည်။

အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည့် ဦးသိန်းထွန်းသည် ဝါရင့်အဖျော်ယမကာလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်း(မ်) သတင်းစာတိုက်ကို ၂၀၁၄ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သည်ဆိုသော စွပ်စွဲပြောဆိုချက်များကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက စီးပွားရေးလောကတွင် ကျင်လည်ခဲ့သူ ဦးသိန်းထွန်းက သတင်းမီဒီယာများနှင့် တွေ့ဆုံတိုင်း ငြင်းဆန်လေ့ရှိသော်လည်း ဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံးဝန်ကြီးဖြစ်ခဲ့သူ ဦးစိုးသိန်း၏ စာအုပ်ကို အကုန်အကျခံ ထုတ်ဝေပေးဖူးသည်။ ထွန်းဖောင်ဒေးရှင်းဘဏ်ပိုင်ရှင်လည်းဖြစ်သည့် ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက ကွယ်လွန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။