close

ထိုင်းရောက် မြန်မာများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှု တင်းကျပ်ခံရ

အလည်အပတ်၊ ပညာရေး ပတ်စပို့ဖြင့် ထိုင်းနိုင်ငံသို့ ရောက်နေသူများ သက်တမ်းတိုးလျှင် မြန်မာပြည်မှ ရဲစခန်း၊ ရပ်ကွက် အပါအဝင် ထောက်ခံစာမျိုးစုံ ယူရတော့မည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ရွေးကောက်ပွဲအတွက် မဲပေးရန် စောင့်ဆိုင်းနေသည့် မြန်မာများကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းလိုလျှင် မြန်မာနိုင်ငံမှ ထောက်ခံစာမျိုးစုံ ယူရမည်ဟု ချင်းမိုင်မြို့ရှိ စစ်ကောင်စီ၏ ကောင်စစ်ဝန်ရုံးက သတ်မှတ်လိုက်သည်။

ချင်းမိုင်ကောင်စစ်ဝန်ရုံး၏ ဧပြီ ၁၇ ရက် ကြေညာချက်တွင် အလည်အပတ်နှင့် ပညာရေးပတ်စ်ပို့ နှစ်မျိုးဖြင့် ရောက်နေသူများ ထိုင်းနိုင်ငံတွင် တရားဝင် ဆက်နေနိုင်ရန် သက်တမ်းတိုးရာတွင် ရဲစခန်း၊ ရပ်ကွက်၊ အစိုးရအရာရှိတစ်ဦးဦးနှင့် မိဘတို့၏ ထောက်ခံချက်များ လိုအပ်သည်ဟု ပါဝင်သည်။

ထို့ပြင် ထိုင်းနိုင်ငံတွင် ရှိနေစဉ်အတွင်း ဆောင်ရွက်ချက်များကို စာဖြင့် ကိုယ်တိုင်ရေး၍ တင်ပြရမည်၊ ကျောင်းသားဆိုပါက ကျောင်းထောက်ခံစာ ပြရမည်ဟု ချင်းမိုင်မြို့ စစ်ကောင်စီကောင်စစ်ဝန်ရုံး၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အထောက်အထားများပြည့်စုံလျှင်ပင် ပတ်စပို့သက်တမ်းတိုးခွင့် ပြုမပြု ၎င်းတို့ ဆုံးဖြတ်မည် မဟုတ်ဘဲ သက်ဆိုင်ရာသို့ တင်ပြမည်ဖြစ်၍ အချိန်ကြာမြင့်နိုင်ရာ ပက်စပို့နှင့် ဗီဇာ (ထိုင်းနိုင်ငံပြည်ဝင်ခွင့်) သက်တမ်းကို ချိန်ဆသင့်သည်၊ လျှောက်ထားသူ၏ ပတ်စပို့သက်တမ်းသည် အနည်းဆုံး ၆ လဝန်းကျင် ရှိရန် လိုသည်ဟု ချင်းမိုင်ကောင်စစ်ဝန်ရုံးက ဆိုသည်။

အထက်ပါ ကန့်သတ်ချက်များအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားပတ်စပို့ ကိုင်ဆောင်ထားသူများ အကျုံးဝင်ခြင်း မရှိပေ။ ထိုင်းရောက်မြန်မာများ၏ ပတ်စပို့ကိစ္စများကို ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်ကောင်စစ်ဝန်ရုံးတို့က လုပ်ဆောင်ပေးနေသည်။ ထိုလုပ်ငန်းစဉ်အတိုင်း ဘန်ကောက်သံရုံးကပါ လုပ်ဆောင်ခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပေ။

ချင်းမိုင်ကောင်စစ်ဝန်ရုံး ဖုန်းနံပါတ်ကို Myanmar Now က ဆက်သွယ်သော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပါ။ အထက်ပါအစီအစဉ်ကို ယခုမှ ကြေညာခြင်းဖြစ်သော်လည်း ၂၀၂၃ နှစ်ဆန်းမှစ၍ ချင်းမိုင်ကောင်စီဝန်ရုံးက ထိုလုပ်ငန်းစဉ်အတိုင်း စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ထိုခြေလှမ်းသည် အာဏာသိမ်းမှုကို လက်မခံနိုင်၍ နိုင်ငံတွင်းမှ တရားဝင်ထွက်ခွာလာပြီး နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လုပ်နေသည့် ထိုင်းနိုင်ငံရောက် မြန်မာများကို ထိန်းချုပ်၊ ကန့်သတ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း လက်ဝယ်မပါလာသူများ၊ မိဘကွယ်လွန်သွားသူများ အခက်အခဲတွေ့နိုင်ကြောင်း ဝေဖန်ခံနေရသည်။

ထောက်ခံချက်အပြည့်အစုံဖြင့် ပက်စ်ပို့သက်တမ်းတိုးမည်ဆိုပါက လျှောက်ထားသူ၏  အချက်အလက်အသေးစိတ်ကို စစ်ကောင်စီက ရရှိသွားမည်ဖြစ်ပြီး ၎င်းတို့ကို ဆန့်ကျင့်မှုတစ်စုံတစ်ရာပြုလုပ်ပါက မိသားစုဝင်များနှင့် ထောက်ခံချက်ပေးသူများကိုပါ ခြိမ်းခြောက် အကျပ်ကိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ချင်းမိုင်ရောက် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။

“(စစ်ကောင်စီတောင်းတာက) တကယ်လိုအပ်တဲ့ အထောက်အထား Document တွေ မဟုတ်နေဘူး။ အဓိပ္ပာယ်ရှိတဲ့အရာ မဟုတ်နေဘူး” ဟု ၎င်းက ဆိုသည်။

“(စစ်ကောင်စီက) သူများနိုင်ငံမှာပါ သူတို့ရဲ့ နယ်နိမိတ် (လုပ်ပိုင်ခွင့်ဘောင်) အတွင်းက အာဏာသိမ်းလိုက်တာပဲ။ လွတ်လွတ်လပ်လပ်ထုတ်ဖော်လို့ မရအောင်ပေါ့။ ယုံကြည်တဲ့အရာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သူများနိုင်ငံရောက်တဲ့အထိ လိုက်ကန့်သတ် ထိန်းချုပ်ပြီးတော့ ဒုက္ခပေးနေတာပဲ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ထိုင်းရောက် မြန်မာများ ပတ်စပို့သက်တမ်းတိုးသည့် ကိစ္စကို နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်နေခြင်းဖြစ်ကြောင်း၊ အလည်အပတ်ဗီဇာကိုင်ကာ ကျောင်းတက်နေသူများ ပတ်စပို့သက်တမ်းတိုးမှုကို စစ်ကောင်စီသံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့က ရပ်နားထားကြောင်း ထိုလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသည့် မြန်မာလုပ်ငန်းသုံးခုထံမှ စုံစမ်းသိရှိရသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကြောင့် လုံခြုံရေး၊ စီးပွားရေး ကဏ္ဍမျိုးစုံ ချွတ်ခြုံကျနေချိန်တွင် ပြည်ပသို့ သွား၍ အလုပ်လုပ်ကိုင်လိုသူများစွာရှိနေသည်။ ထိုသူတို့မှာ ပတ်စပို့ရရန် အခက်အခဲများစွာ တွေ့နေရသည်။ ထို့ပြင် ပြည်ပသို့ ရောက်နှင့်ပြီးသည့် မြန်မာနိုင်ငံသားများမှာ စစ်ကောင်စီလက်အောက်ခံ သံရုံးများ၏ တင်းကျပ်မှု၊ အဂတိလိုက်စားမှုတို့ကြောင့် အခက်တွေ့နေကြရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။