close

စစ်တပ်ကြီးစိုးမှုကို ဆန့်ကျင်ကြောင်း ပြသလိုက်သော ထိုင်းရွေးကောက်ပွဲရလဒ်

စစ်တပ်ပြုပြင်ပြောင်းလဲရေး၊ ခြေဥပြင်ဆင်ရေး လိုလားသည့် ပါတီများကို ရွေးကောက်ပွဲတွင် မဲပေးသည့်နည်းဖြင့် ပြည်သူတို့က ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်လိုက်သည်။

ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်ပြီး Pheu Thai ပါတီ၏ ခေါင်းဆောင်လည်းဖြစ်သော Paetongtarn Shinawatra ကို ၂၀၂၃ မေ ၁၂ ရက်နေ့က ဘန်ကောက်မြို့ မဲဆွယ်ပွဲတစ်ခုတွင် တွေ့ရစဥ် (ဓာတ်ပုံ - EPA)

မေလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သော ထိုင်းရွေးကောက်ပွဲသည် ညနေ ၅ နာရီတွင် မဲပေးခြင်း ပြီးဆုံးခဲ့ပြီး၊ မဲရေတွက်မှုများကို စတင်ခဲ့ပါသည်။

နောက်တစ်နေ့နံနက် ၁၀ နာရီထိုးခါနီးတွင် မဲရေတွက်မှု ၉၄.၂% ပြီးစီးသွားပြီ ဖြစ်ကြောင်း မဲရေတွက်မှုရလဒ်များကို ဖော်ပြနေသော ဘန်ကောက်ပို့စ် သတင်းစာကြီး၏ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။ Move Forward ပါတီက မဲဆန္ဒနယ်အခြေခံ အနိုင်ရရှိမှု ၁၁၂ နေရာနှင့် Party List အရ ၃၈ နေရာ၊ နေရာစုစုပေါင်း ၁၅၀ ဖြင့် ဦးဆောင်လျက်ရှိပါသည်။ ဒုတိယမဲအများဆုံး အနိုင်ရပါတီက Pheu Thai ပါတီဖြစ်ပြီး၊ မဲဆန္ဒနယ်အခြေခံ အနိုင်ရရှိမှု ၁၁၃ နေရာနှင့် Party List အရ ၂၉ နေရာ၊ စုစုပေါင်း ၁၄၂ နေရာ ရရှိထားပါသည်။

ထိုပါတီ နှစ်ခုသည် ထိုင်းပြည်သူများ၏ ထောက်ခံမှုအများဆုံးရနိုင်သော ပါတီများဖြစ်သည်ဟု ရွေးကောက်ပွဲမတိုင်မီ လူထုစစ်တမ်းကောက်ယူမှုများက ခန့်မှန်းတွက်ချက်ထားခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ်များ ထွက်လာချိန်တွင် လူထုစစ်တမ်းကောက်ယူမှုရလဒ်များ မှန်ကန်ကြောင်း တွေ့ရှိခဲ့ရသည်။

လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရတွင် ပါဝင်ပြီး၊ ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲတွင် ၅၁ နေရာရရှိခဲ့သော Bhumjaithai ပါတီသည် မဲဆန္ဒနယ်အခြေခံ အနိုင်ရရှိမှု ၆၇ နေရာနှင့် Party List အရ ၃ နေရာ၊ စုစုပေါင်း နေရာ ၇၀ ဖြင့် လူထုထောက်ခံမှု ပိုမိုရရှိလာပြီး တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။  

သို့သော် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် ၁၁၆ နေရာ အနိုင်ရရှိခဲ့ပြီး၊ လက်ရှိအာဏာရ ညွန့်ပေါင်းအစိုးရတွင် အဓိကဦးဆောင်ပါတီကြီးဖြစ်သော Palang Pracharath ပါတီသည် မဲဆန္ဒနယ်အခြေခံ အနိုင်ရရှိမှု ၃၉ နေရာနှင့် Party List အရ ၂ နေရာ၊ စုစုပေါင်း ၄၁ နေရာသာ အနိုင်ရရှိခဲ့သည်။

Palang Pracharath ပါတီကို စစ်ဗိုလ်ချုပ်ကြီးဟောင်းနှင့် ၂၀၁၄ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သူ ဒု-ဝန်ကြီးချုပ် ပရာဝပ် ဦးဆောင်ထူထောင်ခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ်ချန်အိုချာကို ထိုပါတီက လက်ရှိဝန်ကြီးချုပ်နေရာ ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုရွေးကောက်ပွဲမတိုင်မီ လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ၎င်းဦးဆောင်သောပါတီသစ် United Thai Nation ကို ဖွဲ့စည်းပြီး၊ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်အခြေခံ အနိုင်ရရှိမှု ၂၃ နေရာနှင့် Party List အရ ၁၃ နေရာ၊ စုစုပေါင်း ၃၆ နေရာသာ ရရှိခဲ့သည်။ ထို့ကြောင့် ပရာရွတ်ကို ထိုင်းပြည်သူများ မည်မျှ ဆန့်ကျင်လျက်ရှိသည်ကို ရွေးကောက်ပွဲရလဒ်က သက်သေပြသခဲ့ပြီး၊ ဝန်ကြီးချုပ်ရာထူး ဆက်လက်ရယူနိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်။

ထိုင်းပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသလို၊ ထိုင်းနိုင်ငံရေးကို စစ်တပ်က ကြိုးကိုင် ခြယ်လှယ်နေမှုကိုလည်း ဆန့်ကျင်ကြသည်။ ထို့ကြောင့် Palang Pracharath ပါတီနှင့် United Thai Nation ပါတီတို့ကို ထူထောင်ပြီး၊ အရပ်သားနိုင်ငံရေးခေါင်းဆောင်များအသွင် ဖန်တီးခဲ့ကြသော အာဏာသိမ်းစစ်ခေါင်းဆောင်များကို ထိုင်းပြည်သူများက ၎င်းတို့၏ဆန္ဒမဲများဖြင့် မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲကတစ်ဆင့် ဖြုတ်ချရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

သို့သော် ထိုင်းပြည်သူတို့၏ဆန္ဒကို ထိုင်းစစ်တပ်က လေးစားလိုက်နာမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းစစ်တပ်သည် အထက်လွှတ်တော်တစ်ခုလုံး၏ နေရာ ၂၅၀ ကို ထိန်းချုပ်ထားသဖြင့်၊ ပါတီငယ်များပေါင်း၍ ၁၂၆ နေရာ ပြည့်မီပါက စစ်တပ်က အဓိက အနိုင်ရပါတီကြီး နှစ်ခုဖြစ်သော Move Forward နှင့် Pheu Thai ပါတီတို့ကို ရှောင်ရှားပြီး၊ လူနည်းစုထောက်ခံသော အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်သောအခြေအနေ ရှိနေသေးသည်။

Move Forward နှင့် Pheu Thai ပါတီနှစ်ခုစလုံးသည် စစ်တပ်ပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို ၎င်းတို့ပါတီများ၏ ရွေးကောက်ပွဲကတိကဝတ်အဖြစ် ပြည်သူကို ကတိပေးထားရာ ယင်းသည် စစ်တပ်နှင့် ထိပ်တိုက်တွေ့နိုင်သော ပါတီမူဝါဒများ ဖြစ်နေသည်။

ထို့ကြောင့် Move Forward ဖြစ်စေ၊ Pheu Thai ဖြစ်စေ ဦးဆောင်ပြီး အစိုးရဖွဲ့မည်ဆိုလျှင် စစ်တပ်နှင့် မဖြစ်မနေ အပေးအယူ စေ့စပ်ညှိနှိုင်းမှုများ လုပ်ရနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရပါသည်။

ရှေ့လာမည့် ထိုင်းနိုင်ငံရေးအခြေအနေသည် စစ်တပ်က လူနည်းစုထောက်ခံသော လက်ရှိ ညွန့်ပေါင်းအစိုးရထဲမှ ပါတီများနှင့် ပေါင်းပြီး အစိုးရဖွဲ့လျှင်သော်လည်းကောင်း၊ စစ်တပ်မပါသော အစိုးရတစ်ရပ်ကို လူများစုထောက်ခံသော Move Forward နှင့် Pheu Thai ပါတီတို့က အခြားပါတီများကို စည်းရုံးပြီး အစိုးရဖွဲ့လျှင်သော်လည်းကောင်း ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေးသည် တည်ငြိမ်မှုရရှိရန် ခက်ခဲလိမ့်မည်ဟု သုံးသပ်နိုင်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဝါဒဖြန့် အညွှန်းကိန်းများနှင့် မြန်မာ့စီးပွားရေး၏ ပကတိလားရာ

ယခင်ဗိုလ်ချုပ်များနည်းတူ နိုင်ငံစီးပွားရေးကျသွားရန်သာ လုပ်တတ်သော မင်းအောင်လှိုင်က စီးပွားတိုးတက်မှုရှိလာကြောင်း ကိန်းဂဏန်းများနှင့် ပုံမှားရိုက်ရန် ကြိုးစားပြနေသည်။

ရုရှား၊ မင်းအောင်လှိုင်၏ နျူကလီးယားအိပ်မက်နှင့် ဒေသတွင်းအန္တရာယ်

မိတ်ဆွေနည်းနေသော စစ်ကောင်စီနှင့် ရုရှားတို့က အန္တရာယ်ကြီးမားသည့် ဓာတ်အားပေးစက်ရုံနှင့် အခြားစီးပွားရေးစီမံကိန်းများ ပူးတွဲလုပ်ဆောင်ရန် သဘောတူထားသည်။

စစ်အုပ်ချုပ်ရေး ကြေညာချက်တွင် ပေါ်လွင်နေသည့် စစ်ကောင်စီ ရုန်းကန်နေရမှု

စစ်ကောင်စီက ၎င်းတို့၏ အခြေအနေကို ထုတ်ပြန်ကြေညာလိုက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် တိုးချဲ့တိုက်ခိုက်မှုကို သတိထားရန် ခုခံသူတို့က တိုက်တွန်းလိုက်သည်။ 

စစ်ခေါင်းဆောင်၏ အထိနာကြောင်း ဝန်ခံချက်နှစ်ခု 

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် တစ်ဝက်ခန့်သာ ထိန်းချုပ်နိုင်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ထက်ဝက်နီးပါး CDM ပြုလုပ်သွားသည်ဟု အာဏာသိမ်းခေါင်းဆောင်က ထုတ်ဖော်ဝန်ခံသည်။

စစ်ကောင်စီကို အသွင်ပြောင်းပြီး မင်းအောင်လှိုင်ဘယ်လို ခေါင်းစွပ်ပြောင်းမလဲ

မင်းအောင်လှိုင် မည်သည့်လမ်းကို ရွေးသည်ဖြစ်စေ စစ်ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် နွေဦးတော်လှန်ရေးကို အဆုံးထိတိုင် သွားရန် မြန်မာပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို ရွေးချယ်ထားပြီးဖြစ်ပေသည်။