close

မန္တလေး၊ ပုသိမ်ကြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏သား ပစ်သတ်ခံရ

ရပ်ရွာလူထုကို ဖိနှိပ်နေသည်ဆိုသော အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူကို နေအိမ်သို့ ဆိုင်ကယ် နှစ်စီးဖြင့် ရောက်လာသည့် လူ ၄ ဦးက ပစ်ခတ်သွားခြင်းဖြစ်ကာ ဆေးရုံအရောက် သေဆုံးသည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ၎င်းတို့ကို ဆန့်ကျင်သူများကို လိုက်ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-STR/AFP via Getty Images)

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ယမန်နေ့ (ဧပြီ ၂၇) ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ သားဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံအရောက် သေဆုံးသွားသည်။

ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်ကြီး၏သား အသက် ၃၉ နှစ်အရွယ် ဆန်းယုမောင်ကို ညနေ ၅ နာရီခန့်တွင် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသည့် လူ ၄ ဦးက ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

“အိမ်မှာ ရေသောက်နေတဲ့အချိန် လာပစ်သွားတာ။ ဆေးရုံရောက်မှ ဆုံးတာ။ စစ်ဆေးရုံကို ခေါ်သွားတာလို့ ပြောတယ်။ ဒဏ်ရာက ပြင်းတယ်။ ပစ်ခံရတုန်းက အသက်ရှိသေးတယ်” ဟု မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် လက်ကောင်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ရောက်ရှိလာကာ ရှာဖွေစစ်ဆေးသည်ဟုလည်း သိရသည်။

PDF များက ဖခင် အုပ်ချုပ်ရေးမှူးကို မတွေ့သဖြင့် သားဖြစ်သူကို ပစ်ခတ်ခဲ့ရာ ခန္ဓာကိုယ်ညာဘက်ခြမ်းရှိ တံတောင်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ နံကြားဖောက်ဝင် ဒဏ်ရာတစ်ချက်ဖြင့် မန္တလေးနန်းတွင်းရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများက ဖော်ပြကြသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၏သား ပစ်ခတ်ခံရသည့်ဖြစ်စဉ်သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း မန္တလေးမြို့တွင် “အောင်စည်တော်စစ်ဆင်ရေး” အမည်ဖြင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် AST-MDY အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ပစ်ခတ်ထားရသော အသက် ၃၉ နှစ်အရွယ် ကိုဆန်းယုမောင်ကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တချို့တွင် ဖော်ပြထားစဉ်။

ဆန်းယုမောင်သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုကို အနိုင်ကျင့်မှုများရှိနေသောကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု AST-MDY အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ဧည့်စာရင်းအကြောင်းပြပြီး လုပ်စားတယ်။ မေမြို့လမ်းပေါ်မှာ စျေးရောင်းစားနေကြတဲ့ စျေးသည်တွေကို ဟိုနေရာ မဖွင့်ရဘူး၊ ဒီနေရာမဖွင့်ရဘူးဆိုပြီး လုပ်တယ်။ ရွာထဲမှာ EPC က Non (CDM) တွေနဲ့ ပေါင်းပြီး လုပ်စားတယ်” ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

အရပ်သားပြည်သူများကို အနိုင်ကျင့်သည့် လုပ်ရပ်များနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူးသားအဖကို အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း၊ လက်ရှိတွင် အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း AST-MDY ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူက ပြည်သူလူထုကို ဖိနှိပ်သည်ဆိုသော အချက်နှင့် ပတ်သက်၍ အသေးစိတ် မသိရသည့်နည်းတူ သီးခြားအတည်မပြုနိုင်ပေ။ 

ပုသိမ်ကြီးမြို့နယ်အတွင်း ယခုလ ၆ ရက်ကလည်း ဓာတ်အားခွဲရုံအစောင့် တာဝန်ကျနေသည့် ရဲတပ်ကြပ် အောင်နွယ်စိုးဆိုသူ ကွမ်းယာထွက်ဝယ်စဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။

မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များ စုပေါင်းထားသည့် AST-MDY အဖွဲ့သည် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲနှင့် သတင်းပေးဒလန်ဟု ယူဆရသူများအပြင် အုပ်ချုပ်ရေးမှူးရုံး၊ လျှပ်စစ်မီတာရုံး၊ ကင်းတဲနှင့် ရဲစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။ ဖေဖော်ဝါရီနှင့် မတ်လအတွင်း ရာအိမ်မှူး လေးဦးအထိ ပစ်ခတ်လုပ်ကြံခံရသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။