close

မန္တလေးတွင် လျှပ်စစ်မီး တစ်နေ့ ၁ နာရီသာရ

မန္တလေးတွင် နေထိုင်သူများသည် ဗိုလ်ချုပ်ကြီးများ၏ စီမံခန့်ခွဲမှုကြောင့် ဖြစ်ပေါ်လာသော ဓာတ်အား နည်းပါးလာခြင်းပြဿနာကို ရာသီဥတု ဆိုးရွားနေချိန်တွင် အကြီးအကျယ် ရင်ဆိုင်နေရသည်။

လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည့် ချမ်းအေးသာစံမြို့နယ်အတွင်း တစ်နေရာကို ​​မေလ ၉ ရက် ညပိုင်းကတွေ့ရစဥ်။ ဓာတ်ပုံ- ပေးပို့

မန္တလေးမြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ဧပြီလကုန်ပိုင်းမှ စတင်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး တစ်နေ့လျှင် ၁ နာရီသာ ဓာတ်အားရရှိသည်ဟု မြို့ခံများက ယနေ့ (မေ ၉) တွင် ပြောသည်။

မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်များ အားလုံးတွင် ထိုအခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

မတ်နှင့် ဧပြီလဆန်းပိုင်းတွင် တစ်ရက်လျှင် ၄ နာရီခန့် လျှပ်စစ်မီး ရရှိခဲ့သေးသည်ဟု ချမ်းအေးသာစံမြို့နယ်နေ အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်နာရီကျော်ကိုတောင် တစ်ခါတည်းပေးတာ မဟုတ်ဘူး။ ၁၅ မိနစ် လာလိုက် ပျက်သွားလိုက်။ ထမင်းတစ်အိုးတောင် ဖြောင့်အောင် တည်လို့မရဘူး။ နောက်ဆုံး ရာသီဥတုပူပူနဲ့ ထင်းမီးနဲ့ ချက်ရတယ်။ ဒုက္ခတွေလည်း များလိုက်တာ” ဟု ၎င်းကပြောသည်။

ငွေကြေး ပိုမိုတတ်နိုင်သူများက လောင်စာဆီသုံး အသေးစားဓာတ်အားပေးစက်များ၊ နေစွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင် သုံးစွဲလာကြပြီး ငွေကြေးမတတ်နိုင်သည့် အခြေခံလူတန်းစားများမှာမူ ပိုမို၍ ဒုက္ခပင်လယ်ဝေနေရသည်ဟု ယင်းအမျိုးသမီးက ဆက်ပြောသည်။

“ဆိုလာပြားတွေ သုံးလာကြတယ်၊ ပန်ကာဖွင့်တာ၊ ဖုန်းအားသွင်းတာ၊ မီးထွန်းတာတို့ကို ဖြေရှင်းလို့ရကြတယ်၊ အဲဒီဆိုလာကလည်း အစ်မတို့မှာက မတတ်နိုင်ဘူး။ ဒီတော့ ဖယောင်းတိုင် သုံးရတယ်၊ ထင်းမီးသုံးရတယ်၊ ရှေးခေတ်ကို ပြန်ရောက်သွားတာပဲ” ဟု ၎င်းက ဆိုသည်။ 

မဟာအောင်မြေမြို့နယ်နေ ကျောက်သွေးလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၀ အရွယ် အမျိုးသားကလည်း လျှပ်စစ်ဓာတ်အား မရခြင်းကြောင့် လုပ်ငန်းရပ်ထားရသည်ဟု ပြောသည်။

“ကျောက်မသွေးရတာလည်း တော်တော်ကို ကြာပြီ၊ ဒီမီးနဲ့က ဘာလုပ်စားရမှန်းကို မသိတော့တာ။ နောက်ဆုံး ဖုန်းအားသွင်းဖို့၊ ထမင်းအိုးတည်ဖို့တောင် လုံလုံလောက်လောက် မရဘူးဗျာ” ဟု ထိုအမျိုးသားက ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ထင်းမီးများ၊ မီးသွေးဖိုများနှင့် ဖယောင်းတိုင်များကို ပြန်လည်သုံးစွဲလာကြရာ နောက်ဆက်တွဲ မီးဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေရသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းပြီး နိုင်ငံစီမံအုပ်ချုပ်ရေး ဆောင်ရွက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမြို့အများအပြားတွင် လျှပ်စစ်ဓာတ်အားပြဿနာ တက်လာရာ ယမန်နှစ် ၂၀၂၂ ခုနှစ်မှ စတင်ကာ ထိုပြဿနာ ပိုမိုဆိုးရွားလာပြီး ယခုနှစ်တွင်မူ အဆိုးဆုံးအခြေအနေ ပေါ်ပေါက်နေသည်။

လျှပ်စစ်မီးမရရှိမှုကြောင့် မန္တလေးတွင် ရေပြတ်လပ်နေပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း(မန္တလေး)၊ မီးသတ်တပ်ဖွဲ့များနှင့် အခြားသော ပရဟိတအသင်းများက မြို့နယ်အသီးသီးသို့ နေ့စဉ် ရေပေးဝေနေရသည်။

မန္တလေးတွင် စည်ပင်ဌာန ရေမီတာကို သုံးစွဲသူ များပြားပြီး ပိုက်လိုင်းရေကို ရေမော်တာစက်များ ခုတ်မောင်းကာ ရယူ သုံးစွဲကြသည်။

ယခုအခါ လျှပ်စစ်ဓာတ်အား အချိန်ပိုင်းသာ ရသဖြင့် ရေပင် နပ်မမှန်တော့ဟု ချမ်းအေးသာစံမြို့နယ်နေ အသက် (၄၅) အရွယ် အမျိုးသားက ဆိုသည်။

“မီးလာချိန် ရေအမြန်တင်ရတဲ့ အလုပ်တစ်ခုလည်း ပိုလာတယ်၊ မဟုတ်ရင် ချိုးစရာတောင် မရှိဘူး။

ရေရော မီးရော အတူတူပါပဲ၊ ခုဆို မီးလာချိန် ည ၂ နာရီ ၃ နာရီဆိုလည်း ရေထတင်ရတဲ့အလုပ်က ပိုလာတယ်၊ ရာသီဥတုပူလို့အိပ်မရတာနဲ့၊ ရေတင်နေရတာနဲ့၊ တစ်ရက်မှ ကောင်းကောင်း မနေရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

“ဟိုကာတွန်းလေးကို သွားသတိရမိတယ်၊ မီးလာလို့ ရေချူတာ၊ မီးက ပြန်ပျက်သွားတော့ ကိုယ့်ထဲက နှစ်ဖလား ဆုံးသွားတယ်ဆိုတဲ့ ဟာသလေးလိုပေါ့။ တစ်ခါတလေ တကယ်ကို အဲ့အတိုင်းပဲ”

လတ်တလောတွင် မန္တလေးတိုင်းအတွင်း နေ့ပျမ်းမျှအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ရှိနေရာ ဒေသခံတို့မှာ ရာသီဥတုပူပြင်းသည့်ဒဏ်ကို ပြင်းထန်စွာခံစားနေကြရပြီး လျှပ်စစ်မီးနှင့် ရေ လုံလောက်စွာ မရရှိမှုကြောင့် ပိုမို ဒုက္ခများနေကြရသည်။

စီမံခန့်ခွဲနိုင်ခြင်း မရှိပါက စစ်ဗိုလ်ချုပ်များ စစ်တန်းလျားတွင်သာ နေသင့်သည်ဟု စိန်ပန်းရပ်ကွက်တွင် နေထိုင်သူ မြို့ခံတစ်ဦးက ဝေဖန်သည်။

“ဓာတ်အား မလုံလောက်တာလား။ ဒါမှမဟုတ် ပြည်သူကို သူတို့ကို မကြိုက်လို့၊ ဆန့်ကျင်ခဲ့လို့ဆိုပြီး သက်သက်မဲ့ အငြိုးနဲ့လုပ်နေသလားလို့တောင် ထင်ရပါတယ်။ တာဝန်မကျေရင်၊ တာဝန်မယူနိုင်ရင်လည်း အမြန်ဆုံးသာ ဆင်းပေးကြပါတော့” ဟု သူက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။