close

မန္တလေးမှ ထင်ရှားသည့် နိုင်ငံရေးသမား ဒေါ်ဝင်းမြမြ ပြန်လည်လွတ်မြောက်

အသက် ၇၄ နှစ်အရွယ် မန္တလေးမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရအမတ်၊ ဝါရင့်နိုင်ငံရေးသမား ဒေါ်ဝင်းမြမြ ပုံမှန်လွတ်ရက်စေ့၍ ပြန်လွတ်လာသည်။

မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှုတွင် ဒေါ်ဝင်းမြမြကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စစ်ကောင်စီက ထောင်သုံးနှစ် ချထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရအမတ် ဒေါ်ဝင်းမြမြ ပုံမှန်လွတ်ရက်စေ့ရောက်၍ မန္တလေး အိုးဘိုထောင်မှ ယနေ့ ပြန်လွတ်လာသည်။

မန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးအနီး ၇၃ လမ်းနှင့် သိပ္ပံလမ်းတောင်ဘက်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုဖြင့် ဒေါ်ဝင်းမြမြကို စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၂ ဇွန် ၂၉ ရက်တွင် ထောင်ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။

ယနေ့ (မေ ၁၂) နံနက် ၁၀ နာရီဝန်းကျင်တွင် မန္တလေးမြို့ အိုးဘိုထောင်မှ နေအိမ်သို့ ပြန်လည်ရောက်ရှိကြောင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း အသက် ၇၄ နှစ်အရွယ် ဒေါ်ဝင်းမြမြက ပြောသည်။

“ဒူးနာတာတို့၊ အရိုးအဆစ်ကလေးတွေ တစ်ခါတစ်ရံ နာတာတို့တော့ ရှိပါတယ်”ဟု မန္တလေး အိုးဘိုထောင်ရှိ ငါးခန်းတွဲ တိုက်အမှတ် (၁၃) တွင် နေထိုင်ခဲ့ရသည့် ၎င်းက ပြောသည်။

မေ ၃ ရက်တွင် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူများထဲမှ ၂၀၀၀ ကျော်ကို နိုင်ငံအနှံ့ အကျဉ်းထောင်များမှ ပြန်လွတ်ပေးခဲ့သော်လည်း လွတ်မြောက်ရန် ရက်အနည်းငယ်သာ လိုတော့သည့် ထင်ရှား လူသိများသည့် ဝါရင့်နိုင်ငံရေးသမား ဒေါ်ဝင်းမြမြကို စစ်ကောင်စီက ချန်ရစ်ထားခဲ့သည်။

“ထောင်ထဲကို ရောက်သွားကတည်းကမှ လွှတ်ရင် ပြန်မယ်၊ မလွှတ်ရင် နေရုံပဲဆိုတဲ့ စိတ်နဲ့ဆိုတော့ ကိုယ့်ဟာကိုယ် လန်းဆန်းနေတာပဲ” ဟု ဒေါ်ဝင်းမြမြက ပြောသည်။

အိုးဘိုထောင်ထဲတွင် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် NLD ဒုဥက္ကဌ မန္တလေးတိုင်းဝန်ကြီးချုပ် သွေးကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်များ၊ NLD နာယက ဦးဝင်းထိန်တို့အပြင် နာမည်ကြီးတရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်နှင့် စစ်အာဏာရှင်တော်လှန်ရေး အင်အားစုများ ရှိနေသည်ဟု ဒေါ်ဝင်းမြမြထံမှ သိရသည်။

အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဒေါ်ဝင်းမြမြသည် NLD ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ထိုရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်များ၊ ရွေးကောက်ပွဲအနိုင်ရအမတ်များကို စစ်ကောင်စီက ဖမ်းခဲ့ရာ ဒေါ်ဝင်းမြမြလည်း ပါဝင်ခဲ့သည်။

ဒေါ်ဝင်းမြမြသည် ၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ ဖမ်းဆီးခံရဖူးသောကြောင့် ကျန်းမာရေးချို့ယွင်းနေသော်လည်း စိတ်ဓာတ်မာကြောသူ၊ နိုင်ငံရေးယုံကြည်ချက် ခိုင်မာသူ ဖြစ်သည်။

မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ ဒေါ်ဝင်းမြမြသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး နိုင်ငံရေးတွင် မဆုတ်မနစ် ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ၂၀၀၈ တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကျဉ်းထောင်အတွင်း၌ပင် ကန့်ကွက်မဲ ပေးခဲ့သည့် ဒေါ်ဝင်းမြမြ၏ နိုင်ငံရေးရပ်တည်ချက်မှာ ထင်ရှားသည်။

ဆက်စပ်ဆောင်းပါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။