close

လူသတ်ရန် ကြံစည်မှုဖြင့် ဝက်လက်ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို NUG ထောင် ၁၀ နှစ်စီချ

ရွာပကဖခေါင်းဆောင်ကို ပစ်ခတ်လုပ်ကြံသည့်အပေါ် သုံးလကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်တရားရုံးက ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဝက်လက်အခြေစိုက် ရွှေဘိုခရိုင် တပ်ရင်း (၂) မှ တပ်ဖွဲ့ဝင်များကို ဇူလိုင် ၁၉ က တွေ့ရစဉ်။ (ဓာတ်ပုံ- Wetlet People Defense Force Battalion 2)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးကို လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် သုံးလကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားရုံးက ထောင် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဝက်လက်မြို့မြောက်ဘက် ငါးမိုင်ခန့်အကွာရှိ ဆားတောင်ကြီးရွာမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံဖြစ်သူ ဦးမောင်စန်း ချောင်းမြောင်းပစ်ခတ်ခံရပြီး ပေါင်တွင် ဒဏ်ရာရရှိသည့် ကိစ္စနှင့် ပတ်သက်၍ ထိုဒေသတွင် လှုပ်ရှားသည့် GZ Special Task Force (GZ) အဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကနဦးတွင် GZ Special Task Force အဖွဲ့ဝင် ၁၉ ဦးအထိကို ဖမ်းဆီးခဲ့ကာ ၁၅ ဦးကို ဖမ်းပြီး မကြာမီ ပြန်လွှတ်ပေးခဲ့ကာ ကျန် ၄ ဦးအနက် ပစ်ခတ်မှုနှင့် မသက်ဆိုင်သူ ၂ ဦးကို ယခုရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရွာပကဖတာဝန်ခံကို ချောင်းမြောင်းပစ်ခတ်မှုနှင့် ပတ်သက်၍ အသက် ၂၇ နှစ်အရွယ် ကိုဖိုးနီတိုးနှင့် ၁၈ နှစ်အရွယ် ကိုအီကို တို့ကို ယခုလ ၉ ရက်၌ NUG ၏ ဝက်လက်မြို့နယ်တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သည်။

လက်နက်ကိုင်အစုအဖွဲ့ဖြင့် သတ်ဖြတ်ရန် ကြံစည်ခြင်း၊ အပြင်းအထန်နာကျင်စေခြင်းများ စစ်ဆေး ပေါ်ပေါက်သဖြင့် ထောင်ဒဏ်အနှစ် ၂၀ အထိ အမြင့်ဆုံးချမှတ်နိုင်သော်လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၇/၃၄ အရ ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်ခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ် NUG တရားသူကြီး ဦးစိုးမြင့်က ပြောသည်။

“နှစ် ၂၀ အထိ ချရမှာ။ သူတို့ရဲ့ဆရာ (GZ) ခိုင်းတာကို လုပ်ရတာဆိုတော့ ကျွန်တော်က သနားလို့၊ ကလေးတွေမို့ ထောင် ၁၀ နှစ် အနည်းဆုံးချလိုက်တာ”

NUG တရားရုံးက ချမှတ်သည့်အမိန့်ကို မကျေနပ်သဖြင့် အယူခံဝင်သွားမည်ဟု ကိုဖိုးနီတိုး၏ ဇနီးဖြစ်သူက ပြောသည်။

“ကျွန်မတို့က အယူခံဝင်ဖို့တော့ ရှိတယ်။ ၁၀ နှစ်ကြီး ချထားတယ်ဆိုတော့ မတရားမှုလို့ မြင်တယ်။ ရှေ့နေလည်း ငှားခွင့်ရတာ မရှိဘူး”

ဖမ်းဆီးခံထားရသည့် ခင်ပွန်းနှင့် တွေ့ခွင့်မရသော်လည်း ရံဖန်ရံခါ ဖုန်းပြောခွင့်ရသည်ဟု သိရသည်။

NUG ရဲတပ်ဖွဲ့ တိုင်တန်းစာနှင့် ဖမ်းဝရမ်းထုတ်ပြန်ချက်။

စစ်ကောင်စီကို တော်လှန်နေသော လက်နက်ကိုင်အဖွဲ့အချင်းချင်း ပစ်ခတ်မှုကျူးလွန်သည့် GZ အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူကိုမူ လက်ရှိအချိန် ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်သည့် အဖွဲ့များ ပေါ်ပေါက်လာရာ ဝက်လက်မြို့နယ်မှ GZ Special Task Force လည်း ပါဝင်ပြီး ထိုအဖွဲ့မှာ NUG နှင့် ပတ်သက်မှုမရှိဘဲ သီးခြားလှုပ်ရှားနေသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၄ ဖြင့် အမှုဖွင့်ခံရပြီး ဖမ်းဝရမ်းထုတ်ခံထားရသောကြောင့် တိမ်းရှောင်နေသည့် GZ အဖွဲ့ခေါင်းဆောင်က NUG ၏ တရားစီရင်မှုသည် လွတ်လပ်မှုမရှိဟု တုံ့ပြန်သည်။

“ကျွန်တော့်ရဲဘော် ၁၉ ယောက်ကို ဖမ်းပြီး သူတို့ဖော်ထုတ်တဲ့အဖြေပေါ့ဗျာ။ အဲဒီကျတော့ ရဲဘော်တွေရဲ့ ထွက်ချက်တွေက သူတို့အလိုကျ ဖြေပေးရမှာပဲ”

ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးကမူ ကျေးရွာပကဖ တာဝန်ခံသည် အချက် ၂၀ ကျော် ပစ်ခတ်ခံရပြီး ကံကောင်းလွန်းသဖြင့် အသက်ရှင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“သတ်ဖို့ ကြံစည်တာပေါ့ဗျာ။ တစ်ချက်တည်း ပစ်တာ မဟုတ်ဘူးဗျ၊ အချက်နှစ်ဆယ်ကျော်အထိ ပစ်တာ…. တရားရေးဝန်ကြီးဌာနအောက်က‌ ထောင်မှာ နေရမှာပေါ့ဗျ။ ထောင်သားအခွင့်အရေးအရ တွေ့ခွင့်ရှိမှာပေါ့။ ဥပဒေအတိုင်းတော့ ဖြစ်မှာပေါ့”

လက်ရှိ ထောင်ဒဏ်ချမှတ်ခံထားရသူနှစ်ဦးကိုလည်း အကျဉ်းသားအခွင့်အရေးနှင့်အညီ ထိမ်းသိမ်းထားကာ တော်လှန်ရေးကာလဖြစ်သဖြင့် ထောင်ဝင်စာကို ယုံကြည်စိတ်ချရသည့် ပုဂ္ဂိုလ်များကို တွေ့ခွင့်ပေးသွားမည်ဟု သိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသူ နှစ်ဦးကို လက်ရှိ ရဲအချုပ်ခန်းမှ တရားရေးဌာနလက်အောက်ရှိ ထောင်သို့ ပြောင်းရွှေ့လိုက်သည်ဟု ဆိုပြီး မည်သည့်ပုံစံဖြင့် ချုပ်နှောင်ထားသည်ကိုမူ မသိရပေ။

လူသတ်မှုဖြင့် စွဲဆိုခံနေရသူ GZ လူငယ်များကို လွှတ်ရန် ဝက်လက်ဒေသခံတချို့က ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း လက်မှတ်ထိုး၍ NUG ထံ တောင်းဆိုခဲ့ကြသေးသည်။

စစ်ကောင်စီကို တော်လှန်နေသည့် ဒေသခံ လက်နက်ကိုင်အဖွဲ့များ အချင်းချင်း အပြန်အလှန် ဖမ်းဆီး သတ်ဖြတ်သည့် ဖြစ်စဉ်များ ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။