close

ခင်ဦးတော်လှန်ရေးအဖွဲ့များ နယ်ကျွံစစ်သားနှစ်ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်းတွင် စခန်းချရာနေရာမှ ထွက်လာသော လက်နက်ကိုင် စစ်သားနှစ်ဦးကို တော်လှန်ရေးသမားတို့က လမ်းတွင် ချုံခိုတိုက်ခိုက်ပြီး မီးသင်္ဂြိုဟ်ပေးလိုက်ကြောင်း သိရသည်။

ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသော သိမ်းဆည်းရမိသည့် သေနတ် နှစ်လက်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းတွင် ယနေ့ (မေ ၁၀) နေ့လယ်ပိုင်းက နယ်ကျွံလာသော လက်နက်ကိုင် စစ်သား ၂  ဦးကို ဒေသအခြေစိုက် တော်လှန်ရေးသမားများက ပစ်သတ်လိုက်သည်။

ထို ၂ ဦးမှာ မူးမြစ်ပေါ်ရှိ မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော အင်အား ၃၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ ဖြစ်သည်၊ တစ်မိုင်ခွဲခန့်အကွာရှိ သာဂရကျေးရွာဘက်သို့ ထွက်လာစဉ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပူးပေါင်းအဖွဲ့များက ချုံခိုတိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

“နှစ်ယောက်တည်း နယ်မြေကျွံလာတာကို သတင်းရပြီးတော့ ကျွန်တော်တို့ သွားရောက် တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ပစ်အားကတော့ နည်းပါတယ်၊ ကျွန်တော်တို့က ပေ ၃၀ လောက်အကွာအထိကို ကပ်ပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု  မြို့နယ်ပကဖ တပ်စိတ်မှူးတစ်ဦးက ပြောသည်။

၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်အပြီး စစ်သား ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့သည်၊ ၎င်းတို့ထံမှ MA 1 တစ်လက်၊ AK-47 (ဒင်ခေါက်) တစ်လက်၊ ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၃ ဘောက် ရရှိသည်ဟု ဆိုသည်။

ပကဖရဲဘော်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။

ထိုစစ်သား ၂ ဦး သာဂရကျေးရွာဘက်သို့ ထွက်ခွာလာသည့် အကြောင်းရင်းကို မသိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏ ဒေသတွင်း အခြေစိုက်တပ်စွဲလေ့ရှိသလို ဝင်ရောက်စစ်ကြောင်းထိုးလေ့ရှိသော စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် ခင်ဦးမြို့နယ်သည် အပါအဝင်ဖြစ်သည်။

စစ်တပ်ရှိသဖြင့် ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ မကြာခဏ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်သားနှစ်ဦး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ-ပေးပို့)

ခင်ဦးတောင်ပိုင်းတွင် မင်္ဂလာဧည့်ခံပွဲတစ်ခုအတွက် ဟင်းသီးဟင်းရွက် သွားရောက်ဝယ်ယူသော ရွာသားနှစ်ဦး မေ ၆ ရက်နေ့က စစ်ကောင်စီတပ်စခန်းအနီး ရောက်ရှိသွားစဉ် ဖမ်းဆီးခံရပြီး ယနေ့အထိ သတင်းအစအန ပျောက်နေကြောင်း မြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရွာသန်းကျေးရွာသားတစ်ဦးနှင့် လက်ပံလှကျေးရွာသားတစ်ဦးတို့ ခင်ဦးမြို့နယ်အနောက်ခြမ်းသို့ သွားရောက်စဉ် စစ်တပ်က တပ်စွဲထားသည့် ရေဦး-ခင်ဦးလမ်းပေါ်ရှိ အင်းပတ်ကွေ့ဈေးတန်းအနီး အဖမ်းခံရကြောင်း၊ သူတို့ စီးနင်းလာသည့် ထော်လာဂျီကိုပါ စစ်တပ်က သိမ်းထားသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“ဖမ်းခံလိုက်ရပြီးကတည်းက ဘာသတင်းမှ မကြားရဘူး။ စစ်သားတွေပဲ သတ်ပစ်လိုက်ပြီလား၊ သူတို့ဖမ်းခံရပြီး စစ်ကြောင်းတစ်ခု ထိုးသေးတာရှိတော့ အဲ့ဒီစစ်ကြောင်းနဲ့ပဲ ဓားစာခံအဖြစ် ခေါ်သွားခံရသလား မသိရဘူး” ဟု ၎င်းက ပြောသည်။

ထိုရွာသားနှစ်ဦးနှင့် ပတ်သက်ပြီး စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ခင်ဦးမြို့နယ်အရှေ့ခြမ်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကိုလည်း မြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းဘက်မှ ကူးလာသော အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်များက မေ ၇ မှ စတင်၍ စီးနင်းမီးရှို့နေရာ အနည်းဆုံး ကျေးရွာ ၆ ရွာခန့်မှ ဒေသခံ ၃၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

မြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခင်ဦးမြို့နယ်ခြေစိုက်တပ်များ၊ မြို့နယ်ပကဖနှင့် ဒေသခံအဖွဲ့များအပါအဝင် မန္တလေးတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့များကလည်း လာရောက်ပူးပေါင်း တိုက်ခိုက်နေသည်။

မေ ၇ မှ ၁၀ အထိ တိုက်ပွဲများအတွင်း ခင်ဦးအခြေစိုက် ရွှေဘိုခရိုင်  PDF အမှတ် (၃) တပ်ရင်းမှ PDF ရဲဘော်တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်က မြို့နယ်အရှေ့ခြမ်း မြစ်ကမ်းဘေးကျေးရွာများဖြစ်သော ရွှေတောကြီး၊ ကုတ္တက်၊ ကဘွဲ့ ကျေးရွာများကို မီးရှို့ခဲ့သလို ရုံးပင်၊ သင်ပေါင်းကျေးရွာတို့ကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းက ရုံးပင်ကျေးရွာအတွင်း နေရာယူထားပြီး၊ ထိုတပ်ဖွဲ့ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မန္တလေးတိုင်းအတွင်း ပြန်လည်ဝင်ရောက်သွားနိုင်သည်ဟု တော်လှန်ရေးအဖွဲ့များက ခန့်မှန်းထားကြသည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းသည့် စစ်တပ်က ဆန့်ကျင်ကန့်ကွက်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု နေရာအနှံ့တွင် ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များမှာ အပြင်းအထန်ခုခံသည့် ဒေသများ ဖြစ်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။