နေပြည်တော်နှင့် ရန်ကုန်တွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ရဲစခန်းတစ်ခု ယမန်နေ့ (ဇွန် ၁၂) ညနေပိုင်းက ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ညနေ ၅ နာရီခန့်က လယ်ဝေးမြို့၊ အမှတ် (၃) ရပ်ကွက်၊ ရုံးလမ်းရှိ မြို့မရဲစခန်း ပေါက်ကွဲမှုတွင် ရဲအုပ်ပြုံးချို၊ ရဲတပ်ကြပ်ကျော်သူနှင့် ရဲတပ်သား ဒီသုခတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ရဲအုပ်ပြုံးချိုသည် ဦးခေါင်းနောက်စေ့ဒဏ်ရာ၊ ရဲတပ်ကြပ်ကျော်သူသည် ခြေထောက်ဒဏ်ရာ၊ ရဲတပ်သားဒီသုခသည် ဦးခေါင်းနှင့် ခြေထောက်တို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လယ်ဝေးမြို့၊ ခုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရဲတပ်ကြပ် ဒီသုခ သေဆုံးသွားသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။ သို့သော် သီးခြားအတည်မပြုနိုင်သေးပါ။
စစ်ကောင်စီဝါဒဖြန့် People Media ၏ တယ်လီဂရမ်စာမျက်နှာတွင် လယ်ဝေးမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်ဖွဲ့ဝင်တို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဗုံးပစ်တိုက်ခိုက်သဖြင့် ရဲ ၃ ဦး ဒဏ်ရာရကြောင်း ရေးထားသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့သည်ကို မသိရသေးပါ။
ရန်ကုန်မြို့ တိုက်ခိုက်မှု
ယမန်နေ့ည သန်းခေါင်အချိန်တွင် ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကြီးရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ရုံး ဗုံးဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရသည်။ အဖွဲ့ ၃ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု Freeland Attack Force (FLA) အမည်ရ မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။
မည်မျှထိခိုက်သွားကြောင်း စုံစမ်းရ ခက်ခဲနေသည်ဟု ထိုအဖွဲ့က ပြောသည်။
“ဒီမနက် စစ်ကောင်စီကားတွေ တာမွေမြို့နယ်ထဲ သတိပဋ္ဌာန်လမ်းကနေ ဝင်လာပြီး ကျားကွက်သစ်လမ်း၊ ကျောက်ရေတွင်းလမ်းအတိုင်း ပတ်စစ်နေတယ်၊ အထိအခိုက် စုံစမ်းဖို့တော့ ကပ်လို့မရတော့ မသိသေးပါဘူး။ ဒုတိယအလုံးက ကင်းကားတွေ ရောက်တဲ့အချိန်နဲ့ ကွက်တိလောက် ကျပါတယ်” ဟု FLA အဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။
ဇွန်လ ၁ ရက်နေ့မှ ယနေ့အထိ ၁၂ ရက်အတွင်း ရန်ကုန်တစ်မြို့တည်းတွင်ပင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား နေရာများကို မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်မှု ၁၀ ကြိမ်နီးပါး ရှိနေသည်။
ထိုတိုက်ခိုက်မှုများတွင် ရန်ကုန်မြို့လယ်ကောင် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမရှိ အခွန်ဦးစီးမှူးရုံး ဗုံးဖြင့် တိုက်ခိုက်ခံရမှု၊ အင်းစိန်အကျဉ်းထောင်အနီး ဗုံးပေါက်ကွဲမှု၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မြို့မရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရမှုနှင့် တာမွေမြို့နယ် လူစည်ကားရာနေရာရှိ လျှပ်စစ်ရုံး ဗုံးဖြင့် တိုက်ခိုက်ခံရမှုတို့ ပါဝင်သည်။
အလားတူ မေလနောက်ဆုံးပတ်အတွင်းတွင်လည်း အာဏာသိမ်းစစ်တပ်ကို လူသိထင်ရှားထောက်ခံသူ အမျိုးသားရေးသမားဟုဆိုသူ ဦးတင့်လွင်နှင့် အဆိုတော်လီလီနိုင်ကျော်တို့ ၂ ဦး ရှေ့ဆင့်နောက်ဆင့် ပစ်သတ်ခံရသည်။
တစ်ဖက်တွင်လည်း ယခုလ ဒုတိယပတ်အထိ မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်များ ဖမ်းဆီးခံရမှု၊ လက်နက်သိမ်းဆည်းရမိမှုများကို စစ်ကောင်စီက ထုတ်ပြန်နေသည်။
မြို့ပြပြောက်ကျားအဖွဲ့များ၏ တိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်လာသည့်နောက် PDF များကို မြို့ပြတွင် ငှားရမ်းနေထိုင်ခွင့်ပြုသူများကို ပြစ်ဒဏ်ကြီးလေးသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူမည့်အပြင် ပိုင်ဆိုင်မှုများ သိမ်းဆည်းမည်ဟု ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက ထပ်မံထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်ဆိုကာ ရန်ကုန်တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းကြောင်း မေ ၅ ရက်နေ့က ကြေညာထားသည်။
နိုင်ငံတကာသံရုံးများ တည်ရှိရာ မြို့တော်ဟောင်း ရန်ကုန်၏ လမ်းဆုံလမ်းခွတချို့တွင် စစ်ကောင်စီတပ်သားများအတွက် ကင်းစခန်းငယ်များ အခိုင်အမာ တည်ဆောက်ထားပြီး လက်နက်ကိုင်ကင်းလှည့်မှုကိုလည်း ရံဖန်ရံခါ တွေ့နိုင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)





