ထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားသော ငလျင်အပြီး မြန်မာပြည်သူတို့၏ လူမှုစီးပွားရေးဘ၀များကို ကုစားနိုင်ရန် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၉၂ ဒသမ ၅၀ သန်း သုံးစွဲမည့် စီမံကိန်း ၂ ခု အကောင်အထည်ဖော်ကူညီပေးမည်ဖြစ်ကြောင်း မေလ ၂၉ ရက်နေ့တွင် အတည်ပြုလိုက်သည်။
၅၂ ဒသမ ၅၀ သန်းကို ရပ်ရွာအခြေပြု အခြေခံ အဆောက်အအုံများကို ပံ့ပိုးကူညီမှုများ၊ အသက်မွေးဝမ်းကြောင်းပညာ လေ့ကျင့်သင်ကြားမှုများ အပါအဝင် ရေတိုမှ ကာလလတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဦးစားပေး ဆောင်ရွက်မည့် စီမံကိန်းအတွက် သုံးမည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။
ထိုစီမံကိန်းတွင် မတ်လ ၂၈ ရက်နေ့က ပေါ်ပေါက်ခဲ့သော အင်အားပြင်းငလျင်ကို တုံ့ပြန်သည့် အနေဖြင့် ရေ နှင့် အမိုးအကာများ အပါအဝင် အခြားလိုအပ်သောဝန်ဆောင်မှုများ၊ အကူအညီများ အရေးပေါ် ထောက်ပံ့ပေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်ထံက သိရသည်။
ထို့အပြင် ရပ်ရွာနေ လူထုကို ဘဏ္ဍာငွေထောက်ပံ့ပေးခြင်း၊ လယ်ယာလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သီးနှံမျိုးစေ့ နှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ခြင်းတို့ ပါဝင်မည်ဖြစ်သည်။
စီမံကိန်း၏ ဒုတိယအစိတ်အပိုင်းတွင် ရပ်ရွာအခြေပြုအသိုင်းအ၀ိုင်းများ အားကောင်းစေရေး၊ ဒေသပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှု၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှု၊ လေ့ကျင့်လမ်း ညွှန်မှုများ အပါအဝင် ပဋိပက္ခ သို့မဟုတ် ပေါင်းစပ်အန္တရာယ်များကြောင့် ထိခိုက်ခံစားရသော လူမှု အသိုက်အဝန်းများ၏ အရေးပေါ်လိုအပ်များကို ကူညီပေးသွားမည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။
ဒေါ်လာ သန်း ၄၀ တန် စီမံကိန်း
နောက်ထပ်စီမံကိန်းတစ်ခုမှ ဒေါ်လာ သန်း ၄၀ သုံးစွဲသွားမည့် ကျန်းမာရေးဆိုင်ရာအကူအညီ နှင့် အာဟာရထောက်ပံ့မှု စီမံကိန်းဖြစ်သည်၊ ထိုစီမံကိန်းသည် အမျိုးသမီးများ နှင့် ကလေးသူငယ်များကို အထူးအာရုံစိုက် ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။
ထိုစီမံကိန်းကို ကုလသမဂ္ဂအေဂျင်စီများဖြစ်သော ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) နှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့မှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်၊ အရပ်ဘက်အဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့များ အပါအဝင် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။
ရစ်ချ်စတာ စကေး ၇.၇ အဆင့်ရှိသည့် ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၀ ခုမှ လူဦးရေ ၅ သိန်းကျော် ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃၇၃၉ ဦးရှိခဲ့ကြောင်း စစ်ကောင်စီက မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် လူနေအိမ် ၅ သောင်းကျော်၊ ဌာနအဆောက်အအုံ ၁ သောင်းကျော်၊ ဆေးရုံ နှင့် ဆေးခန်း ၇၀၀ ကျော်၊ စာသင်ကျောင်း ၂၅၀၀ ကျော်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း နှင့် အခြားဘာသာရေးအဆောက်အအုံပေါင်း ၅၅၈၈ ပျက်စီးခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ မြန်မာပြည်သူလူထုအပေါ် ကူညီထောက်ပံ့မည့် ငွေကြေးများသည် စစ်ကောင်စီထံ မစီးဆင်းစေရေး သတိပြုရန် လိုအပ်မည်ဟု Blood Money – သွေးစွန်းငွေ လှုပ်ရှားမှုလုပ်ဆောင်နေသော အရပ်အဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက Myanmar Now သို့ ပြောသည်။
“လူတွေ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေခဲ့တဲ့ စစ်ကိုင်းငလျင်ဖြစ်ပြီးတဲ့အချိန်မှာ စစ်အုပ်စုက လူထု ကယ်ဆယ်ရေးကို စိတ်မဝင်စားပါဘူး၊ သူတို့မှာရှိတဲ့ စစ်လေယာဉ်တွေနဲ့ ကူညီကယ်ဆယ်ရေးတွေ လုပ်ရမဲ့အစား ဗုံးကြဲသတ်ဖြတ်နေတာ” ဟု သူက ပြောဆိုသည်။
ယခု ကမ္ဘာ့ဘဏ်၏ စီမံကိန်း ၂ ခုသည် ကုလသမဂ္ဂအဖွဲ့အစည်းများ မှတစ်ဆင့်ဆောင်ရွက်မည်ဆို သော်လည်း ထိုစီမံကိန်းများအတွက် သုံးစွဲမည့် နိုင်ငံခြားငွေကို စစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ဘဏ်များသို့ လွှဲပြောင်းလိုက်ရုံဖြင့် စစ်ဗိုလ်ချုပ်များ အသုံးပြုနိုင်သွားမည်ဖြစ်သည်ဟု သူက ထောက်ပြသည်။
“ပြည်တွင်းမှာ သုံးစွဲဖို့ မြန်မာကျပ်ငွေကို သူတို့စိတ်ကြိုက်ရိုက်ထုတ်သုံးစွဲလို့ရတယ်၊ စစ်အုပ်စုလက်ထဲကို ဒေါ်လာရောက်သွားပြီ ဆိုကတည်းက သွေးစွန်းငွေဖြစ်သွားပြီ” ဟု Blood Money – သွေးစွန်းငွေအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ယခုသတင်းနှင့်ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် Myanmar Now က ကမ္ဘာ့ဘဏ်ကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ယခုစီမံကိန်း ၂ ခုအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်သည် ဒေါ်လာ ၄၇ ဒသမ ၄ သန်း သုံးစွဲပြီး အကူအညီများပေးနေသော စီမံကိန်း ၃ ခုကိုလည်း ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ထားသည်။



