သတင်း

စစ်ကောင်စီနှင့် ဆက်နွှယ်မှု စွပ်စွဲချက်ကြောင့် စင်ကာပူရေနံကုမ္ပဏီကို စိစစ်နေ

အကြမ်းဖက် စစ်ဆင်နေသည့် စစ်ကောင်စီကိုကူညီနေသည်ဟု စွပ်စွဲခံရသည့် Interra Resources ရေနံကုမ္ပဏီသည် မကွေးတိုင်းအတွင်း ဖက်စပ်လုပ်ငန်းတွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

စင်ကာပူအခြေစိုက် ရေနံကုမ္ပဏီ Interra Resources သည် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ၎င်းတို့၏ လုပ်ငန်းများမှတဆင့် စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေသည်ဆိုသည့် စွပ်စွဲချက်များကြောင့်  လက်ရှိအခြေအနေတွင် နိုင်ငံတကာ၏ စိစစ်မှုကို ခံယူနေရသဖြင့် နိုင်ငံတကာ ဥပဒေချိုးဖောက်နိုင်ခြေနှင့် ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်လာသည်။

Interra Resources သည် နိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်နှင့် ရေနံချောင်းမြို့နယ်များမှ ရေနံမြေလုပ်ကွက်များတွင် လုပ်ငန်းလည်ပတ်နေသည့်  Goldpetrol ဟု ခေါ်သော ဖက်စပ်လုပ်ငန်း၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar (JFM) ၏ အဆိုအရ ကုမ္ပဏီသည် အထက်ပါလုပ်ကွက်များမှ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ ရေနံစည်ပေါင်း နှစ်သန်းကျော်ကို မြန်မာစစ်ကောင်စီ တရားမဝင်ထိန်းချုပ်ထားသော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုသည် “မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စု၏ လက်နက်ဝယ်ယူနိုင်စွမ်းအားလျှော့ချရေး” အတွက် ကြိုးပမ်းမှုအနေဖြင့် MOGE အပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် MOGE အပေါ် ဥရောပသမဂ္ဂ၏  ပိတ်ဆို့အရေးယူမှု နောက်ဆက်တွဲဖြစ်သည်။

 “စစ်တပ်၏ နိုင်ငံတကာ ရာဇ၀တ်မှုများတွင် ကြံရာပါပတ်သက်နေသည်” ဟု စင်ကာပူကုမ္ပဏီစွပ်စွဲခံရသည့် ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သော JFM ၏ အစီရင်ခံစာ တွင် Interra အပေါ် တောင်းဆိုချက်များကို အသေးစိတ်ဖော်ပြထားသည်။ 

ထိုအချက်ကို တုံ့ပြန်သည့်အနေဖြင့် Interra သည် ဖေဖော်ဝါရီ ၆ ရက်နေ့က စင်ကာပူစတော့အိတ်ချိန်း (SGX) တွင် ကုန်သွယ်မှုကို ဆိုင်းငံ့လိုက်ပြီး ၎င်း၏လုပ်ရပ်များသည် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ အပါအဝင် နိုင်ငံခြားဥပဒေများကို ချိုးဖောက်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ဥပဒေအကြံဉာဏ် ရယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခုလအစောပိုင်းတွင် Interra က ၎င်းတို့၏ ဥပဒေရေးရာအကြံပေးများသည် အမေရိကန် သို့မဟုတ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ထားခြင်းမရှိကြောင်းနှင့် အဆိုပါပိတ်ဆို့မှုများကို ချိုးဖောက်နိုင်ခြေ အနည်းငယ်မျှသာရှိသည်ဟု ကောက်ချက်ချခဲ့သည်။ သို့သော်လည်း သဘောထား မှတ်ချက် အပြည့်အစုံကို ကုမ္ပဏီက တရားဝင်ထုတ်ပြန်ခြင်း မရှိသကဲ့သို့ Myanmar Now က မိတ္တူရယူရန် မေးမြန်းရာတွင်လည်း ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိပေ။

Interra၏ ဥပဒေကြောင်းအရသုံးသပ်ခြင်းချဉ်းကပ်မှုနှင့်ပတ်သက်၍ ရှေ့နေ ဒေါက်တာ Felicity Gerry KC က ကုမ္ပဏီအနေဖြင့် နိုင်ငံတကာဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စိုးရိမ်မှုများကို အပြည့်အဝဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

“Interra ဟာ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ သူ့ရဲ့လုပ်ငန်းတွေအပေါ် နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တာမျိုးဆိုတာထက် ပိတ်ဆို့အရေးယူမှုနဲ့ဆိုင်တဲ့ လိုက်နာမှုအပေါ် ကျဉ်းမြောင်းတဲ့ ဥပဒေဆိုင်ရာ သဘောထားအမြင်တွေမှာပဲ အသားကျနေပုံ ရပါတယ်”ဟု Myanmar Now နှင့် မေးမြန်းမှုတွင် ဒေါက်တာ Gerry က ပြောကြားခဲ့သည်။

Interra အနေဖြင့် မြန်မာတွင် ရေနံထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်နေခြင်းက စစ်ကောင်စီကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံအားပေးနေခြင်းပင်ဖြစ်ပြီး အရပ်သားပြည်သူများအပေါ် ဆက်လက် ဒုက္ခပေးနေခြင်းပင် ဖြစ်သည်ဟုလည်း သူက သတိပေးခဲ့သည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ ကုမ္ပဏီတွေဟာ တာဝန်ခံကြဖို့နဲ့ တာဝန်ခံမှုရှိရမယ်ဆိုတဲ့ အမြင်သဘောထားမျိုး ရှိရပါမယ်” ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။

ဒေါက်တာ Gerry သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ကုမ္ပဏီများနှင့် ပတ်သက်၍ ဥပဒေနှင့် ကျင့်ဝတ်ဆိုင်ရာ အလေးထားမှုများကို မြှင့်တင်ပေးခဲ့သည့် သမိုင်းကြောင်းလည်း ရှိခဲ့သူ ဖြစ်သည်။ သူသည် ယခင်က မြန်မာစစ်ကောင်စီထံက ငှားရမ်းထားသော မြေယာပေါ်တွင် တည်ဆောက်ခဲ့သည့် စင်ကာပူ စာရင်းဝင်ကုမ္ပဏီ Emerging Towns and Cities နှင့်ပတ်သက်၍ ရှေ့နေ Daye Gang နှင့် အတူ တရားဝင်စာချွန်လွှာတစ်ရပ်ကို ပူးတွဲရေးသားခဲ့သည်။ 

JFM က ထုတ်ပြန်ခဲ့သောထိုစာချွန်လွှာတွင် အဆိုပါကုမ္ပဏီများကို စင်ကာပူစတော့အိတ်ချိန်း SGX တွင် စာရင်းသွင်းခွင့်ပြုခြင်းသည် ကုန်သွယ်ရင်းနှီးမြှုပ်နှံသူများနှင့် စင်ကာပူအစိုးရ နှစ်ရပ်စလုံးအပေါ်တွင် နိုင်ငံတကာဥပဒေအကြောင်းအရ တာဝန်ရှိစေလာနိုင်မည် ဖြစ်ကြောင်း သတိပေးထားသည်။

Interra ကို စင်ကာပူစတော့အိတ်ချိန်းတွင် ဆက်လက်စာရင်းသွင်းထားခြင်းသည် အလားတူ အန္တရာယ်များကိုဖန်တီးနေပြီး စင်ကာပူ၏ကမ္ဘာ့ဂုဏ်သတင်းကိုထိခိုက်စေနိုင်ကြောင်း ဒေါက်တာ Gerry က ယခုထပ်မံ သတိပေးထားသည်။

“ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကျူးလွန်သူ အာဏာရှင်များနှင့် ပတ်သက်နေသော ကုမ္ပဏီများကို စာရင်းသွင်းခွင့်ပြုခြင်းသည် ရင်းနှီးမြုပ်နှံသူတို့ရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး ကုမ္ပဏီတစ်ခုရဲ့ လူမှုပတ်ဝန်းကျင်ပေါ် အကျိုးသက်ရောက်မှုကို အလေးပေးတဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံ (ESG regulations) နှင့်ပတ်သက်၍ စင်ကာပူအပေါ် ယုံကြည်ကိုးစားမှုကို ပျက်ပြားစေနိုင်ပြီး နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက်ပါ ရှုပ်ထွေးသွားစေကြောင်း” ဒေါက်တာ Gerry က ဆက်လက်ရှင်းပြခဲ့သည်။

ဘဏ္ဍာရေးဆိုင်ရာ အဓိကအဖွဲ့အစည်းတစ်ရပ်အနေဖြင့် SGX သည် ပိုမိုအားကောင်းသော ကြီးကြပ် ထိန်းသိမ်းရေးမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ခြင်းအားဖြင့် လူ့အခွင့်အရေးကို ထိန်းသိမ်းရန် တာဝန်ရှိကြောင်းလည်း သူက အလေးပေးပြောကြားခဲ့သည်။

စွပ်စွဲချက်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် Myanmar Now က တောင်းဆိုသော်လည်း Interra Resources နှင့် SGX နှစ်ခုစလုံးက မှတ်ချက်မပေးခဲ့ကြပေ။

Related Articles

Back to top button