သတင်း

နယ်စပ်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီစခန်းများကိုစစ်ဆင်နေဟု KNU ပြော

နယ်စပ်ရှိ စစ်ကောင်စီစခန်းများသည် ဖော်ဆောင်မည့် အုပ်ချုပ်ရေးအတွက် အနှောင့်အယှက်ဖြစ်နေကြောင်း KNU က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်နိုင်ရန် နယ်စပ်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို စစ်ဆင်တိုက်ခိုက်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။

နယ်စပ်တွင် ရှိနေသော စစ်ကောင်စီတပ်စခန်းများ အားလုံးကို တိုက်ထုတ်မည်ဟု  KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတဲ့အနေအထားမှာ ကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်သူမှလည်း လာပေးတာမဟုတ်ဘူး။ အဲဒါကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ နယ်စပ်စခန်းမှာ ပိတ်ခံနေတဲ့ ဒီစခန်းတွေ အားလုံး၊ စခန်းကြီးကြီးပဲ ပြောပြော၊ သေးသေးပဲပြောပြော လုံးဝမထားတော့ဘူး” ဟု ၎င်းက ဆိုသည်။

နယ်စပ်တွင် ဖြစ်ပွားနေသည့် KNU ၏ စခန်းသိမ်းတိုက်ပွဲများနှင့် ပတ်သက်၍ မေလ နောက်ဆုံးပတ်တွင် Myanmar Now က ပဒိုစောတောနီးအားမေးမြန်းစဉ် ၎င်းက ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

ထိုစခန်းများသည် KNU ဖော်ဆောင်မည့် အုပ်ချုပ်ရေးအတွက်လည်း အနှောင့်အယှက်ဖြစ်နေကြောင်း ပဒိုစောတောနီးက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းပိုင်းဒေသများအထိ တိုက်စစ်ဆင်ခြင်းထက် နယ်စပ်ဒေသကို ထိန်းချုပ်နိုင်ရေး စစ်ဆင်ခြင်းသည် လတ်တလောတွင် KNU အတွက် အကောင်းဆုံး ပထမခြေလှမ်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပဒိုစောတောနီးက KNU အနေနှင့် မြို့သိမ်းတိုက်ပွဲများ လုပ်ဆောင်လိုသော်လည်း စစ်ဆင်ရေးအတွက် လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်း ရနိုင်မှု အကန့်အသတ်ရှိကြောင်း၊ ထိုအကန့်သတ်များကြားထဲကပင် စစ်ဆင်တိုက်နေကြောင်း ပြောသည်။

“ကျွန်တော်တို့ အဝေဖန်ခံနေရတဲ့ကာလမှာ ညပ်ပူးညပ်ပိတ်ဖြစ်ပြီး သူများလုပ်သလို မလုပ်နိုင်တဲ့အနေအထားရောက်နေလို့သာ အဲဒီလိုဖြစ်နေတာပါ။ အမှန်တော့ သူများလုပ်သလိုလည်း ကိုယ်က လုပ်ချင်တာပဲ” ဟု ပဒိုစောတောနီးက ဆိုသည်။

KNU ၏ တပ်မဟာ ၇ ခုအနက် တပ်မဟာ (၇)၊ တပ်မဟာ (၆)၊ တပ်မဟာ (၄) တို့မှ တပ်ရင်းများက ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ စခန်းများကို တိုက်စစ်ဆင်လာသည်။

တပ်မဟာ (၇) သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နေ့ မှစ၍ လှိုင်းဘွဲ့မြို့နယ်ရှိ KNU ဌာနချုပ်ဟောင်း မာနယ်ပလော ဒေသကို တပ်မဟာ (၅)  တပ်များနှင့်အတူ ပူးပေါင်းသိမ်းယူခဲ့ရာမှ နယ်မြေအတွင်း တိုက်ပွဲများ စတင်ခဲ့သည်။

လက်ရှိတွင် တပ်မဟာ (၇) နယ်မြေရှိ စစ်ကောင်စီ၏ စစ်ကောင်စီ၏ စစ်စခန်း ၆ ခုထက်မနည်းကို သိမ်းပိုက်ထားသည်။

တပ်မဟာ (၆) လက်အောက်ခံတပ်ဖွဲ့ဝင်များသည်လည်း မြဝတီမြို့တောင်ဘက်ရှိ ကနဲလေး၊ သေဘောဘိုး စသည့် စခန်းများကို သိမ်းပိုက်ထားသည်။

တပ်မဟာ (၄) သည် နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် ထီးခီးရှိ စစ်ကောင်စီဗျူဟာကုန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ရှင်းလင်းတိုက်ထုတ်ထားပြီး မောတောင်ဒေသ နယ်မြေ အများစုကိုလည်း ထိန်းချုပ်ထားသည်။

စစ်ရေးလေ့လာသုံးသပ်သည့် ကရင်တိုင်းရင်းသားတစ်ဦးကမူ KNU တပ်မဟာ ၃ ခုက ဖော်ဆောင်သည့် တိုက်ပွဲများသည် မြဝတီဒေသရှိ အွန်လိုင်းမှ တစ်ဆင့်ငွေကြေးလိမ်လည်သော ကျားဖြန့် လုပ်ငန်း နှိမ်နင်းရေးသတင်းများကို ဖုံးလွှမ်းသွားစေကြောင်း ဆိုသည်။

 “တိုက်တဲ့နေရာတွေကလည်း ရေခမ်းတဲ့အိုင်မှာ ရှိနေတဲ့ ငါးကိုလိုက်နေတာပါ။ တကယ်ဖမ်းရမှာက ရေနက်ငါးတွေဖြစ်တယ်။ တိုက်နေကြောင်းကို ပြရုံပါပဲ။ လူထုအဆဲလဲနည်းသွားအောင်ပါပဲ” ဟု အမည်မဖော်လိုသော ထိုပုဂ္ဂိုလ်က မှတ်ချက်ပေးသည်။

ထို့အပြင် KNU က  တိုက်ပြီးသားစစ်စခန်းများကို  ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှတစ်ဆင့် စစ်ကောင်စီထံ ပြန်ပေးမည်ကို စိုးရိမ်ရသည်ဟု ၎င်းက  ဆက်ပြောသည်။

“လိုအပ်ရင် BGF တဆင့်ရန်သူကိုပြန်ပေးလိုက်မှာပဲ။ လာရှိုးလောက်တော့ အပုံမကြီးပေမယ့် အတူတူပဲ။ လက်ရှိ ကော့ကရိတ်ပဲကြည့်၊ တိုက်တယ်၊ ပြန်ပြီးတော့ ဘာအုပ်ချုပ်ရေးမှမချနိုင်။ နိုင်ငံရေးလဲအမြတ်မရှိ။ လူသေတာပဲ အဖတ်တင်တယ်။ တောင်ယာခုတ်ပီး ဘာအပင်မှမစိုက်သလို ဖြစ်နေတယ်။ နိုင်ငံရေး အမြတ်မရှိတဲ့စစ်ပွဲ မတိုက်တာတောင်ပိုကောင်းတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာအထိ BGF က ကရင်ပြည်နယ်ရှိ စစ်ကောင်စီစစ်စခန်းများကို    ကာကွယ်ပေးခဲ့သော်လည်း ယခုအခါ ကာကွယ်ပေးမှုမရှိတော့ကြောင်း ကရင်ပြည်နယ်အခြေစိုက် သတင်းရင်းမြစ်အချို့ကဆိုသည်။

KNU က ဖော်ဆောင်နေသည့် တိုက်ပွဲများအတွက် BGF ၏ အကူအညီများရနေကြောင်း သတင်းရင်းမြစ်တစ်ခုက ဆိုသော်လည်း Myanmar Now အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

KNU ပြောခွင့်ရ ပဒိုစောတောနီးကမူ ကရင်လက်နက်ကိုင်များအကြား ပစ်ခတ်တိုက်ခိုက်မှုမဖြစ်စေရန် လိုအပ်သည်ဆိုသော မူကို ဆက်လက်ကိုင်စွဲထားကြောင်း ပြောသည်။

BGF သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို Myanmar Now က ဆက်သွယ်၍ ကရင်ပြည်နယ်ထဲရှိ တိုက်ပွဲများအပေါ် သဘောထားမေးမြန်းခဲ့ရာ မှတ်ချက်ပေးရန်မရှိဟု သူက ဆိုသည်။

“တိုက်ပွဲတွေနဲ့ပတ်သက်လို့ အထွေအထူးဘာမှ ပြောစရာမရှိဘူး။ တာဝန်ယူထားတဲ့မြို့ကို လုံလုံခြုံခြုံဖြစ်အောင်ကာကွယ်ဖို့ပဲရှိတာပေါ့” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ကျားဖျန့်နှိမ်နင်းရေးကို ၎င်းတို့ ဆက်လုပ်နေပြီး ၎င်းတို့ထံတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ နေရပ်ပြန့်ပို့ပေးရမည့် နိုင်ငံခြားသား ၄၀၀ ကျော်ရှိနေကြောင်း ဆိုသည်။

“ကျားဖြန့်နဲ့ပတ်သက်တာတော့ ဒီရက်ထဲမှာ ဒုတိယအသုတ် ထပ်ဖမ်းမယ်။  တောက်လျှောက် ဖမ်းနေတယ်။ မရပ်ဘူး။   ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ ပမာဏနဲ့ ပြန်အပ်နိုင်တဲ့ပမာဏပေါ့။ ဒီဘက်မှာ တအားပုံနေရင်လည်း ပြန်ခေါ်ဖို့ ကြန့်ကြာနေတယ်ဆိုရင် ကိုယ်တို့ဘက်မှာပဲ ဆုံးရှုံးမှုများတယ်” ဟု သူက ပြောသည်။

Related Articles

Back to top button