ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်များအပါအဝင် ဒေသခံ ၄ ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။
ဇွန်လ ၇ ရက်နေ့ ည ၁၀ နာရီကျော်ခန့်က ကျောက်ကြီးရွာ အထက်တန်းကျောင်း၊ ပုဇွန်ဖြေရွာ မူလတန်းကျောင်းတို့ကို စစ်ရဟတ်ယာဉ်က ဗုံးကြဲခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသူများမှာ ကျောက်ကြီးရွာစာသင်ကျောင်းတွင် နေထိုင်နေကြသည့် စစ်ဘေးရှောင် ဒေါ်အပု (၄၈ နှစ်)၊ ဦးထွန်းထွန်းဝင်း (၄၂ နှစ်)၊ ဒေါ်နှင်းဝေခိုင်(၄၃ နှစ်)၊ မဧပြီမိုး (၁၂ နှစ်) တို့ ဖြစ်ကြသည်။
ပြင်းထန်စွာ ဒဏ်ရာရရှိသွားသူတို့မှာ ကျောက်ကြီးရွာ သား ၈ယောက်နှင့် ပုဇွန်ဖြေရွာသား ၂ ဦးတို့ ဖြစ်သည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီက AA ထိန်းချုပ်နယ်မြေများကို မကြာခဏဗုံးကြဲနေသည်၊ ဗုံးကြဲမှုက အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်ဟု စစ်ရှောင်အရေး အကူအညီပေးနေသည့် သံတွဲဒေသခံတစ်ဦးက ဆိုသည်။
“ဗုံးဘယ်အချိန်လာကြဲမလဲဆိုပြီး စိုးရိမ်ပူပန်နေရတယ်။ ထမင်းကောင်းကောင်းမစားရ၊ အိပ်ရေးဝဝ မအိပ်ရတဲ့ အခြေအနေဖြစ်နေတယ်။ လွတ်မြောက်နယ်မြေမှာ နေရပေမယ့် ကျန်တာလွတ်လပ်ပေမယ့် လေယာဥ်အန္တရာယ် တစ်ခုတော့ သိပ်ကြောက်နေရတယ်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီကို အွန်လိုင်းတွင် ထောက်ခံရေးသားသူများကလည်း AA အပါအဝင် တော်လှန်ရေး အင်အားစု သိမ်းပိုက်ရရှိ ထားသည့် မြို့နယ်များကို ဗုံးကြဲရန် မကြာခဏလှုံ့ဆော်လေ့ရှိသည်။
စစ်ကောင်စီက ထိုသို့ဗုံးကြဲရာတွင် အရပ်သားများကိုလည်း ပစ်မှတ်ထားနေသည်ဟု ရခိုင်အရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။
“မကွေးဘက်တို့၊ ကျောက်ဖြူဘက်တို့မှာ စစ်ကောင်စီက စခန်းတွေကျဆုံးနေတယ်လို့ သိရတယ်။ ဆိုတော့ အဲဒီဘက်ကတိုက်ပွဲတွေကို အရှိန်လျော့စေချင်လို့ ဒီဘက်က ပြည်သူတွေကို လေယာဥ်နဲ့တိုက်ခိုက်ပြီး စစ်ရှိန်လျော့ကျဖို့ ဖိအားပေးတဲ့သဘောလို့မြင်တယ်” ဟု ၎င်းကဆိုသည်။
“သူတို့က အသိမ်းခံထားရတဲ့မြို့တွေကို ပြန်ထိုးစစ် မဆင်နိုင်ပေမယ့် ပြည်သူတွေနေလို့မရအောင်ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်နေတာတွေ လုပ်နေတယ်”
AA သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် တို့ကိုလည်း အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ရန် ရည်ရွယ်ထားသည်ဟု ကြေညာထားသည်။
ဇွန် ၃ တွင် ရခိုင်-မကွေးအစပ် နတ်ရေကန်ဗျူဟာကုန်း စခန်းအနီးရှိ MPT တာဝါတိုင် ဆက်သွယ်ရေးစခန်းကိုလည်း AA က သိမ်းပိုက်ရရှိထားသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားနေသည်၊ ထိုရဲတပ်ရင်း ကာကင်းစခန်းတချို့ကို AA က သိမ်းပိုက်ရရှိထားသည်။
မေ ၃၀ ရက်နေ့တွင် AA က တိုက်ပွဲအတွင်း သုံ့ပန်းတချို့ ရရှိခဲ့သည်။ ထိုအထဲမှ ရာထူးအကြီးဆုံးမှာ တိုင်းစစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် ဖြစ်သည်။
မေလကုန်ပိုင်းတွင် တပ်မ ၁၁ ခြေမြန်တပ်မဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင် နှင့် အခြား တစ်ဦးမှာ AA လက်ဖြောင့်တပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးသွားသည်၊ ရုပ်အလောင်းကို ရန်ကုန်သို့ ပို့လိုက်သည်ဟု ရခိုင်ပြည်နယ်သတင်းများ အထူးပြုတင်ဆက်သော နိရဉ္ဇရာသတင်းဌာန၏ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
အွန်လိုင်းတွင် တွေ့ရသော နာရေးဖိတ်စာတစ်စောင်တွင် အဆိုပါဗိုလ်မှူးချုပ် မေလ ၂၇ ရက်နေ့က တာဝန်ထမ်းဆောင်စဉ် သေဆုံးသည်၊ မေလ ၂၉ ရက်နေ့တွင် ရုပ်အလောင်းကို ရန်ကုန်ရှိ စစ်သင်္ချိုင်းတွင် သင်္ဂြိုဟ်မည်ဟု ဖော်ပြထားသည်။



