သတင်း

အပစ်ရပ်ထားချိန် လေတပ်ဗုံးကြဲမှုကြောင့် ဆောဒေသခံ ၃ ဦး သေဆုံး

မော်တော်ယာဉ် ပြင်ဆင်သည့်နေရာ ဗုံးကြဲခံရသဖြင့် ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ၆ ဦး ဒဏ်ရာရသည်ဟု မကွေးတိုင်း၊ ဆောမြို့နယ်ဒေသခံတို့က ပြောသည်။

ယာယီအပစ်ရပ်ကြေညာထားသော်လည်း စစ်တပ်က  မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ရွာကို ယမန်နေ့ (ဇွန် ၅) တွင် တိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသား ၃ ဦး ပွဲချင်းပြီးသေဆုံး၊  ၆ ဦး ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။

ယမန်နေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် ဆောမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ညောင်ကန်ရွာကို  ဗုံး ၂ လုံးကြဲချခဲ့ရာ ရွာစွန်ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

“တစ်ကြိမ်ပဲချတာ။ ဗုံးက အဲ့ဒီဝင်းထဲ တည့်တည့်သွားကျတာ။ အိမ်ပေါ်တည့်တည့် မဟုတ်ဘူး အိမ်ဘေးနား ကပ်ကျသွားတာ။ လေယာဉ်က တစ်ကြိမ်ပဲဝဲပြီးတော့ တန်းပစ်သွားတာ”ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ 

ထိုဗုံးကျရောက်ပေါက်ကွဲသည့်နေရာသည် ကားဝပ်ရှော့ဆိုင်ဖွင့်ထားသည့် ခြံဝန်းဖြစ်ရာ  ကားပြင်ရန် ရောက်လာသူများအနက် အသက် ၄၀ အရွယ် ၂ ဦး၊ အသက် ၃၀ အရွယ် ဒေသခံ ၁ ဦးတို့  သေဆုံးသွားသည်။

ထို့ပြင် ဆိုင်ရှင်လင်မယား အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၆ ဦးအနက် အမျိုးသား ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု အခင်းဖြစ်ပွားရာကို ရောက်ရှိခဲ့သည့် အထက်ပါ ဒေသခံကပြောသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးသည်၊  ဝပ်ရှော့မှစက်ပစ္စည်းများနှင့် ပြင်ဆင်ရန် ရောက်နေသည့် ကား ၁ စီးလည်း မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ညောင်ကန်ရွာဒေသခံများမှာ လယ်ယာစိုက်ပျိုးရေးအဓိက လုပ်ကိုင်ကြပြီး ရွာအနီး တိုက်ပွဲလည်းမရှိသလို မြေပြင်စစ်ကြောင်းမဝင်သည်မှာလည်း နှစ်နှင့်ချီကြာမြင့်နေပြီ ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။  

“စစ်ရေးလှုပ်ရှားမှုလည်းရှိတဲ့ နေရာလည်းမဟုတ်ဘူး၊ တိုက်ပွဲဖြစ်တာမျိုးလည်းမရှိတော့၊ ထင်ထားတာ မဟုတ်တော့ အဲ့လိုဖြစ်သွားတာ။ ရှောင်ချိန်မရလိုက်တာလည်း ပါတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထင်မှတ်မထားသည့် ထိုလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရသည့် ဒေသခံတို့မှာ ညဘက်တွင်ရွာထဲမအိပ်ရဲဘဲ တောထဲတွင်အိပ်နေရသည်ဟုလည်း အထက်ပါ ဒေသခံက ဆိုသည်။ 

မကွေးတိုင်း၊ ဆောမြို့နယ် ညောင်ကန်ရွာကို ဇွန် ၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသည့် အပျက်အစီးများ။ (ဓာတ်ပုံ –   ယောအလင်းတန်း) 

ညောင်ကန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်သည်၊  ၂၀၂၂ နှစ်ကုန်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့်  ငလျင်အပြီး  ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် သတ်မှတ်ထားသော ယာယီအပစ်ခတ်ရပ်စဲမှုကို ဇွန်လကုန်အထိ သက်တမ်းတိုးသည်ဟု စစ်ကောင်စီက ကြေညာထားသည်။ သို့သော် ဒေသအချို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင် စစ်ကြောင်းထိုးမှုများ ဆက်ရှိနေဆဲဖြစ်သည်။

စစ်ကိုင်း၊ ချင်းတို့နှင့် ထိစပ်နေသည့် မကွေးတိုင်း မြောက်ပိုင်း ယောဒေသ တွင်လည်း  နေ့စဉ်နီးပါး  လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

ငလျင်အပြီး မတ် ၂၈ ရက်မှ မေ ၃၀ အထိ နှစ်လတာအတွင်း စစ်တပ်က နိုင်ငံအနှံ့ လေ ကြောင်း တိုက်ခိုက်မှု ၅၂၀ ကျော်ပြုလုပ်ခဲ့ရာ အရပ်သား ၄၆၂ ဦးသေဆုံးပြီး ၈၈၄ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇွန် ၂ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ယာယီအပစ်ရပ်ထားသည်ဟု ကြေညာခဲ့သည့် စစ်တပ်က အရပ်ဘက်နေရာများကိုပါတိုက်ခိုက်နေပြီး မေလဆန်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ရွာ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံး၊ ကျောင်းသား ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

Related Articles

Back to top button