
စစ်ကောင်စီနှင့် တအာင်းတပ် TNLA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နှင့် ကိုးမိုင်ခန့်အကွာ ကံကြီးရွာတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး ရွာကို အပြန်အလှန် ထိန်းချုပ်နေကြသည်ဟု ဒေသခံများထံက သိရသည်။
နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးနှင့်မိုင် ၅၀၊ စစ်တက္ကသိုလ်များတည်ရှိရာ ပြင်ဦးလွင်(မေမြို့)နှင့် မိုင် ၃၀ ခန့်သာကွာဝေးသည့် နောင်ချိုကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ ပြန်ရနိုင်ရန် စစ်တပ်ကအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာသည်။
ကောင်စီတပ်စစ်ကြောင်းသည် ကံကြီးရွာကို ဇွန်၅ ရက်နေ့တွင်ခြေချနိုင်ခဲ့သော်လည်း TNLA တပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် ထိုရွာကိုပြန်လည်ထိန်းချုပ်ခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။
“ကံကြီးကို စစ်တပ်ရောက်လာတော့ တော်လှန်ရေးတပ်တွေက နှစ်ရက်အတွင်း ပြန်တိုက်ရမယ်ဆိုပြီး သတင်းထွက်လာတယ်။ မနေ့ကတော့ ပြန်ထိန်းထားနိုင်တယ်”ဟုဒေသခံတစ်ဦးက ဇွန်လ ၉ ရက်နေ့တွင် ပြောသည်။
ယင်းတိုက်ပွဲတွင် TNLA ဘက်မှ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (DPLA)နှင့် PDF တပ်ဖွဲ့များက စစ်ကူပေးနေသည်ဟုလည်း သိရသည်။

တန်ပြန်ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကံကြီးရွာ အပြင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွား သည်ဟု ဒေသခံများ ကပြောသည်။
တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းကို ပိုမိုအားပြုထားသည်ဟု မြေပြင် တိုက်ပွဲ အခြေအနေ သိရှိသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စစ်တပ်က မြို့နဲ့ လက်တစ်ကမ်းရောက်လာတော့ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတာ။ မြို့ကို ရရင်ပြီးရော၊ ပျက်ရင် ပျက်ရင်ပျက်ပါစေဆိုတဲ့သဘောနဲ့ လက်နက်ကြီးနဲ့ ပစ်နေတာ” ဟု ၎င်းက ဆိုသည်။
ကံကြီးရွာကို ထိန်းချုပ်ခဲ့သည် စစ်တပ်က ဇွန်လ ၆ ရက်နေ့တွင် နောင်ချိုမြို့အတွင်း လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်ခဲ့သည့်အတွက် ဈေးရပ်ကွက်၊ ဘူတာရပ်ကွက် များတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၃၇ နှစ်အရွယ် အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။
စစ်မရှောင်ဘဲ ကျန်ခဲ့သည် မြို့ခံများနှင့် အနီးအနား ကျေးရွာမှ ဒေသခံများမှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့သို့ ထွက်ပြေး ခိုလှုံခဲ့ရသည်ဟု ဒေသခံများ က ပြောသည်။
“အခုကျောက်မဲမြို့နယ်ထဲက နောင်ပိန်ရွာ အထကကျောင်းမှာ နောင်ချိုကလာတဲ့ စစ်ရှောင် တစ်ထောင်ကျော်ရှိတယ်။ တစ်ခြားဘုန်းကြီး ကျောင်းတွေမှာလည်း ရှိတယ်။ ကျောက်မဲမြို့ပေါ်ကိုလည်း ရှောင်တဲ့သူရှိတယ်။ အားလုံး ငါးထောင်လောက်ရှိတယ်” ဟု ဒုက္ခသည် အရေး ကူညီပေးနေသည့် ကျောက်မဲမြို့ခံတစ်ဦး က ပြောသည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ အလှူရှင် ရှားပါးမှုများကြောင့် ဒုက္ခသည်တို့ ရိက္ခာ အကူအညီရရန် မလွယ်ကူကြောင်း ဒုက္ခသည်အရေး ကူညီပေးနေသူများက ဆိုသည်။
TNLA သည် လူဦးရေ တသိန်းလေးသောင်းခန့်နေထိုင်သည့် နောင်ချိုမြို့နယ်ထဲမှ နေရာအများစုကို ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ဤအတောအတွင်း နောင်ချိုကံကြီးရွာမှ ပြန်လည်ဆုတ်ခွာ သွားသည့် စစ်ကောင်စီတပ်က ထပ်မံထိုးစစ်ဆင်နိုင်ရန် ပြန်လည် ပြင်ဆင်နေသည့် ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ TNLA ပြန်ကြားရေးတာ ဝန်ရှိသူများကို မေးမြန်းရာ မြေပြင် အခြေအနေကို တိတိကျကျ မသိရသေးကြောင်းသာ ဖြေဆိုသည်။
စစ်တပ်က တိုက်ပွဲအကြောင်း သတင်းအမှောင်ချထားပြီး စစ်တပ်ထောက်ခံသူများကမူ နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရန် စစ်တပ်က အရှိန်ဖြင့် ဆက်လက် ထိုးစစ်ဆင်နေဆဲ ဖြစ်သည်ဟု အွန်လိုင်းတွင် ရေးသားနေကြသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့် မဟာမိတ်များ သိမ်းပိုက်ထားသည့် တောင်းခမ်း တိုက်နယ်ရှိ တပ်စခန်းများကို ၂၀၂၅ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် စစ်ကောင်စီ တပ်က ပြန်လည် ထိုးစစ်ဆင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးကာလတွင် မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းပြည်နယ် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့များကို TNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။
နောင်ချိုမြို့သည် စစ်တပ် သင်တန်းကျောင်းများရှိရာ ပြင်ဦးလွင်မြို့နှင့် ၃၅မိုင် အကွာ တွင်ရှိပြီး တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိသည့် အရေးပါသည့် မြို့ဖြစ်သည်။
တရုတ်ဖိအားကြောင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဧပြီလ ၂၈ ရက်မှ ၂၉ ရက်အတွင်း တွေ့ဆုံကြချိန် စစ်ကောင်စီတပ်က TNLA ကို နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များမှ ပြန်လည်ဆုတ်ခွာရန် တောင်းဆိုထားသည်။
TNLA ကမူ အဆိုပါမြို့များကို ပြန်ပေးရန် မဖြစ်နိုင်ကြောင်း၊ တရုတ်ဖိအားကို ကျော်လွှားရန် နည်းလမ်းရှာနေကြောင်း သတင်းစာရှင်းလင်းပွဲများတွင် ပြန်လည် တုံ့ပြန်ထားသည်။



