သတင်း

MDY-PDF ရှိနေသည့် မတ္တရာတွင်တိုက်ပွဲပြင်းထန်၊ စစ်တပ်လေကြောင်းမှ ဗုံးကြဲ

မန္တလေးမြို့နှင့် ကပ်လျက်တည်ရှိသော မတ္တရာတွင် လေကြောင်းတိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှုများ ဖြစ်ပွားနေသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ထံက သိရှိရသည်။

မန္တလေးမြို့နှင့်နီးကပ်နေသည့် မတ္တရာမြို့နယ် အရှေ့တောင်ဘက် ကျေးရွာများတွင် ဇွန်လပထမပတ်မှ စတင်ကာ တိုက်ပွဲများ စတင်ဖြစ်နေခြင်းဖြစ်သည်။ ယနေ့(ဇွန်၉)ရက်နေ့တွင်လည်း မန္တလေးမြို့နှင့် ၁၈မိုင်အကွာ၊ မတ္တရာမြို့နှင့် ၆မိုင်ခွဲအကွာရှိ ထန်းပင်ကုန်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များပြောသည်။

တော်လှန်ရေးတပ်များ မန္တလေးဘက်သို့ ချည်းကပ်ရာတွင် ဖြတ်သန်းအသုံးပြုဖွယ်ရှိသည့် ရွာများတွင် တိုက်ပွဲဖြစ်နေသည်ဟု မတ္တရာမြို့ခံ အသက်(၂၀)ကျော်အရွယ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“မတ္တရာမြို့ပေါ်နဲ့ နီးတဲ့နေရာတွေ၊ မန္တလေးဘက်ကို ကပ်မယ့် ရွာတွေဘက်တွေမှာ ဖြစ်နေတာ။ အခြေအနေက မငြိမ်သေးဘူးခင်ဗျ”ဟု  သူက ပြောသည်။

ဇွန်လ ၇ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်က  ထန်းပင်ကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု နှစ်ရက်ဆက်တိုက်  အပြင်းအထန်ပြုလုပ်ကြောင်း၊ ယင်းအပြင် မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကလည်း နေအိမ်များကို မီးရှို့နေကြောင်း ဒေသခံတို့ကဆိုသည်။

ထို့ပြင် ဇွန်လ(၅)ရက်နေ့ ညနေပိုင်းကလည်း မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF)က သိမ်းပိုက်ထားသည့် ပုသိမ်ကြီးမြို့နယ် Alpha ဘိလပ်မြေစက်ရုံ အနီးတဝိုက်နှင့် အောင်သပြေကျေးရွာကို ဗုံးနှစ်လုံးကြဲချကြောင်း၊ မန္တလေးမြို့ ထီးတော်မိုး ဒေသတွင် တပ်စွဲထားသည့် စစ်တပ်နှင့် ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာ အထိုင်စခန်းများမှလည်း လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ခတ်ကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရကာ အရပ်သားများလည်း ထိခိုက်မှုရှိသည်ဟု အထက်ပါ မတ္တရာဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“အရပ်သား သေဆုံး အထိအခိုက်တွေလည်းရှိတယ်။အခြေအနေတွေက မအေးဆေးသေးတော့အတိအကျ စုံစမ်းလို့မရသေးဘူးဖြစ်နေတယ်”ဟု သူက ဆိုသည်။

မတ္တရာမြို့နယ် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး  MDY-PDF က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

 မန္တလေးမြို့နှင့် ကပ်လျက်တည်ရှိသော မတ္တရာတွင် ရပ်ရွာများကို ဗုံးကြဲသည်၊ နေအိမ်မီးရှို့သည်ဟူသော  ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ပြောဆိုချက် ရယူနိုင်ရန်လည်း စစ်ကောင်စီကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲများ ဖြစ်ပွားနေသည့် မတ္တရာ ဒေသပြမြေပုံ။

ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)  အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကလည်း မတ္တရာအရှေ့ခြမ်းတွင် တိုက်ပွဲပြင်းထန်နေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုသည်။  မတ္တရာတွင် ၎င်းတို့PLAရဲဘော်များလည်း ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု Myanmar Nowကို ပြောသည်။

မတ္တရာမြို့နယ်တွင် စစ်ရေးလှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းမတ္တရာအရှေ့ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ပိုတိုးလာနေသည်ဟု  ဆိုသည်။

မတ္တရာတွင် မြို့အနောက်ပိုင်းကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး  တော်လှန်ရေးအဖွဲ့များက မြို့၏ ဒေသအများအပြားကို စိုးမိုးထားသည်ဟု သူကဆိုသည်။

“မတ္တရာမြို့ ပတ်ချာလည်လောက်ပဲ စစ်ကောင်စီက စိုးမိုးထားတာ၊ မတ္တရာမြို့ရဲ့ တစ်ဝက်ကျော်လောက်ကို တော်တော်များများ ကျွန်တော်တို့ စိုးမိုးထားနိုင်တယ်။ ကျွန်တော်တို့ ထိန်းချုပ်နေရာတွေမှာ အုပ်ချုပ်ရေးကိစ္စတွေလည်း အကုန်လည်ပတ်ပါတယ်”ဟု သူက ဆိုသည်။

ဒေသတွင်း စစ်ဘေးရှောင်များကိုအကူအညီပေးနေသည့် အမျိုးသားတစ်ဦးကလည်း မတ္တရာမြို့နယ်အတွင်းစစ်ဘေးရှောင်များ စားသောက်နေထိုင်ရေးအခက်တွေ့နေသည်ဟုဆိုသည်။

“မိုးတွင်းဆိုတော့ သူတို့တွေအတွက် အမိုးအကာတွေ၊ အနွေးအထည်တွေလိုအပ်တယ်။ လှေတို့ဘာတို့လည်း အရေးပေါ်လိုအပ်တယ်”ဟု သူက ပြောသည်။

“စစ်ရှောင်တွေက တောင်သူလုပ်ငန်းပေါ့၊ နေ့စားလိုက်ပြီး စားသောက်ကြတယ်၊ ရောင်းဝယ်ဖောက်ကားမှုတွေကတော့ဘယ်လိုမှအဆင်မပြေဘူး၊ မန္တလေးဘက်ခြမ်းက နေပိတ်ဆို့ထားတော့”

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀အကွာမတ္တရာမြို့နယ်အတွင်း ၂၀၂၃ခုနှစ် ဇွန်၂၅မှစကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

မတ္တရာမြို့နယ်မှ စခန်း၃၂ခု၊ပုသိမ်ကြီးမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ ကင်းစခန်း၊မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုပိုင်ဆိုင်သည့်ရွှေတွင်းတို့ အပါအဝင်စခန်း ၃ခု MDY-PDF ရရှိထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုများ များပြားခဲ့ပြီး လူနေအိမ်ထောင်နှင့်ချီကာမီးရှို့ဖျက်ဆီးခံခဲ့ရသည်။ လူဦးရေ တစ်သောင်းနီးပါးလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု ဒေသအခြေစိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများအရသိရသည်။

တိုက်ပွဲများပြင်းထန်နေသည့် မတ္တရာမြို့နယ်တွင်  ပြီးခဲ့သည့်နှစ်ဒီဇင်ဘာတစ်လအတွင်း၌ပင်လက်နက်ကြီးရန်ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ(၁၀)ဦးသေဆုံးခဲ့သည်၊အောက်တိုဘာလကုန်မှ နိုဝင်ဘာလအထိ တစ်လကျော်အတွင်း၌လည်း လူဦးရေ ၃၀ ကျော်သေဆုံးခဲ့သည်။






Related Articles

Back to top button