သတင်း

ပဲခူးအနောက်ခြမ်းမင်းလှက ရွာ၈ရွာကို စစ်တပ်မီးတင်ရှို့

ဇွန်လလယ်က အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံးခဲ့သည့် ရန်ကုန်-ပြည်လမ်းရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းကို သာယာဝတီခရိုင် PDF ကဝင်ရောက်ပစ်ခတ်မှုအပြီး စစ်တပ်ကအရပ်သားနေအိမ်များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည်ရွာ ၈ ရွာမှ နေအိမ်များကို မီးရှို့ထားကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်အချို့က ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၂၅ ရက်တွင် ကျွဲမကိုင်းရွာနှင့် စမ်းဘုတ်ရွာရှိ အရပ်သားနေအိမ်များကို မီးရှို့နေကြောင်း မင်းလှမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ပြောသည်။ အဆိုပါ ရွာ ၂ ရွာသည် မင်းလှမြို့နယ် အရှေ့ဘက် ရန်ကုန်-ပြည်လမ်းနှင့် ပဲခူးရိုးမတောင်ခြေကြားတွင် ရှိသည်။

“ကျွဲမကိုင်းရွာအား ဇွန်၂၅ရက် မွန်းတည့် ၁၂နာရီ ၁၀မိနစ်ခန့်မှာ စခတွေ မီးတင်ရှို့နေပါတယ်။ စမ်းဘုတ်ရွာအား ဇွန်၂၄ရက် ည ၇နာရီခန့်မှာ စခတွေ မီးတင်ရှို့ရာ မီးအကုန်မလောင်၍ ဇွန်၂၅ရက် နံနက် ၉နာရီခန့်မှာ ထပ်မံမီးတင်ရှို့နေပါတယ်” ဟု ရဲဘော်မိုးထက်က Signal မှတဆင့် Myanmar Now ကိုပြောသည်။

စစ်ကောင်စီစစ်ကြောင်းတွင် ပြည်မြို့နယ်အခြေစိုက် တပ်မ (၆၆) မှ တပ်ဖွဲ့ဝင်အများစုပါဝင်ပြီး ဒရုန်းကျွမ်းကျင်သူများပါဝင်ကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်အချို့က ၎င်းတို့ရထားသည့် ထောက်လှမ်းရေးသတင်းကို အခြေခံ၍ ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၂၀ ရက်မှစတင်ကာ မင်းလှမြို့နှင့် စစ်ကွင်းမြို့၏အရှေ့ဘက်ရှိ ရန်ကုန်-ပြည်လမ်းမတစ်ဆင့် ပဲခူးရိုးမသို့ဦးတည်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

 ဇွန်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်မီးရှို့သွားသည့် ဦးတိုကျွဲလမ်းစုရွာမှ နေအိမ်တစ်လုံး
Photo Credit – မင်းလှ ပကဖ

၎င်းတို့စစ်ကြောင်းထိုးရာလမ်းရှိ ငလှစမ်း ၊ ကံကော်ပင် ၊ တောင်ပြတ်ရွာသစ် ၊ ဗိုလ်တစ်ထောင် ၊ ခွက်မ ၊ ဦးတိုကျွဲလမ်းစု ၊ ကျွဲမကိုင်း၊ စမ်းဘုတ်စသည့် ရွာ ၈ ရွာအတွင်းဝင်ရောက်ကာ အရပ်သားပိုင်ပစ္စည်းများ ယူဆောင်ကြသည်။

ထို့အပြင် နေအိမ်များကိုလည်း မီးရှို့နေကြောင်း မင်းလှမြို့နယ် ပကဖနှင့် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) ဘက်က ဆိုသည်။

မကြာသေးသည့် ဇွန်လ ၁၆ ရက်ညနေ ၅ နာရီ ၃၀ မိနစ်တွင် စစ်ကွင်းမြို့အရှေ့ဘက် ရန်ကုန်-ပြည်လမ်းရှိ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းကို သာယာဝတီခရိုင် PDF အမှတ် (၃) တပ်ရင်း (၃၈၀၃-တပ်ရင်း) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၂၀ ဦးသေဆုံးခဲ့သည်။

PDF တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများထဲတွင် သာယာ၀တီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်း ၊ ဒုရဲမှူးကြီး စိုးခိုင်၊ စစ်တပ်အရာရှိ G1 ၁ဦးနှင့် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ရန်နိုင်အောင်တို့ ပါဝင်ကြောင်း သာယာဝတီခရိုင် ပကဖဘက်က ဆိုသည်။

စစ်ကောင်စီဘက်က မြို့နယ်နှင့် ခရိုင်အဆင့် အရာရှိများသေဆုံးသွားသည့်နောက် ဇွန်လ ၂၀ ရက်မှစတင်ကာ အင်အား ၄၀၀ ကျော်သုံး၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်ပကဖနှင့် တော်လှန်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သာယာဝတီခရိုင်အခြေစိုက်တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်း “ဗိုလ်မှူးကြီးတွေ ၊ ဒုဗိုလ်မှူးကြီးတွေ ၊ ဒီကောင်တွေ ၄ ယောက်လောက်ကျသွားတဲ့အခါကျတော့ သူတို့တွေ တော်တော်လေးကို ထိတ်လန့်သွားတဲ့ သဘောရှိတယ်။ အဲဒါနဲ့ မင်းလှထဲမှာ PDF တွေရှိနိုင်မယ့်နေရာတွေကို လာပြီးတိုက်ခိုက်ကြတာ” ဟုဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းအရှေ့ဘက် တောင်ပြတ်ရွာသစ်ရှိ သာယာဝတီခရိုင် PDF အမှတ် (၃) တပ်ရင်း ရဲဘော်များစခန်းချနေသည့် နေရာကို ဇွန်လ ၂၀ ရက်တွင် တန်ပြန် စီးနင်းတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် ပဲခူးခရိုင် ၃၇၀၁ တပ်ရင်းမှ ရဲဘော်တစ်ဦးအပါအဝင် သာယာဝတီခရိုင် PDF အမှတ် (၃) တပ်ရင်း မှ ရဲဘော် ၄ ဦးသေဆုံးသွားကြောင်း မြေပြင်အခြေအနေသိသည့် သာယာဝတီခရိုင်အမှတ် (၁) တပ်ရင်းမှ ယာယီဒုတပ်ရင်းမှူး ကိုညီညီက ပြောသည်။

၎င်းက “အဲဒီနေ့က ကင်းချထားပေမယ့် မနက်ပိုင်း မိုးလင်းပိုင်းသူတို့ အိပ်ပျော်သွားတယ်လို့ ယူဆရပါတယ်။ ပြောရမယ်ဆိုရင် ရဲဘော်တွေက နည်းနည်းအိပ်ရေးပျက်တာများပြီး သတိလျော့သွားတယ်ပေါ့။ အဲဒီအချိန်မှာ သူတို့ဘက်က ဝင်လုံးတာခံလိုက်ရတဲ့သဘောပါ” ဟု ဆိုသည်။

ရဲဘော် ၁ ဦးသည် စစ်ကောင်စီတပ်ကို ခုခံပစ်ခတ်နေစဉ် ဦးခေါင်းကို ကျည်ထိမှန် သေဆုံးသွားပြီး ကျန် ရဲဘော် ၄ ဦးမှာ အရှင်အဖမ်းခံရပြီးမှ အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း၊ ရဲဘော်များသေဆုံးသွားခြင်းသည် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ကိုညီညီက ပြောသည်။

“ရဲဘော် ၄ ယောက်ကတော့ အိမ်အောက်တိုက်ခန်းထဲမှာ ပိတ်မိပြီး မိသွားတာပေါ့။ ရဲဘော် ၅ ယောက်ကျတယ်။ လက်နက် ၄ လက်ပါသွားတယ်။ အရှင်မိတဲ့ ၄ ယောက်ကိုလည်း နှိပ်စက်ညှင်းပန်းပြီးမှ နေ့ခင်းလောက်မှာ သတ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးမှုကြောင့် မင်းလှမြို့နယ် အရှေ့ဘက်ခြမ်း ရန်ကုန်-ပြည်လမ်းနှင့် ပဲခူးရိုးမ တောင်ခြေကြားရှိ ရွာ ၄၀ မှ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရကြောင်း မင်းလှမြို့နယ် ပကဖ ၏ အချက်အလက်အရသိရသည်။

စစ်ရှောင်အများစုသည် မင်းလှအပါအဝင် ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့များတွင်တိမ်းရှောင်ကြပြီး စစ်ရှောင် ၁၀၀၀ ခန့်မှာ ပဲခူးရိုးမအတွင်း ခိုလှုံလာကြောင်း မင်းလှမြို့နယ် ပကဖ ပြန်ကြားရေးထံမှ သိရသည်။

စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ၊ အမိုးအကာနှင့် ဆေးဝါးများလိုအပ်နေကြောင်း မင်းလှမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က ဆိုသည်။

ဆက်လက်၍ ၎င်းက PDF ရဲဘော်များသည် ရန်ကုန်-ပြည်လမ်း အရှေ့ဘက်ရှိ ရွာများကို အခြေပြု၍ ရန်ကုန်-ပြည်လမ်းပေါ်တက်ကာ စစ်ရေးလှုပ်ရှားသည်ဟု စစ်ကောင်စီဘက်က ယူဆပုံရကြောင်း သုံးသပ်သည်။

“ဒီရွာတွေကို မီးရှို့လိုက်မှ PDF တွေလှုပ်ရှားလို့ မရနိုင်တော့ဘူးဆိုတာမျိုးပေါ့။ အဲဒီလိုသုံးသပ်ပြီး ဖျက်ဆီးတဲ့သဘော” ဟုဆိုသည်။

တော်လှန်ရေးတပ်များဘက်ကမူ အင်အားအလုံးရင်းဖြင့်လာသည့် စစ်ကောင်စီတပ်ကို မြေပြန့်ဖြစ်သည့် ရွာများတွင် ရင်ဆိုင်တိုက်ခြင်းထက် ပဲခူးရိုးမပေါ်တက်လာမှသာ ချေမှုန်းတိုက်ခိုက်ရန် စိတ်အားထက်သန်နေကြောင်း တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့က ပြောသည်။


Related Articles

Back to top button