မဟာမိတ်အဖြစ်အပြန်အလှန်သတ်မှတ်ထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် ယမန်နေ့ ဇွန် ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တပ်များက ထုတ်ပြန်ထားသည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်က မိုးမိတ်မြို့အနောက်ဘက် ၁၅ မိုင်ခန့်အကွာ မိုးဟောက်ကျေးရွာအုပ်စုအနီးတွင် ကင်းလှည့်နေသည့် TNLA တပ်ကို SSPP တပ်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထို့နောက် နံနက် ၁၁ နာရီခွဲခန့်တွင် တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့သလို မွန်းလွဲပိုင်းတွင် TNLA တပ်များရှိရာသို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး SSPP က ယမန်နေ့ကထုတ်ပြန်ရာတွင် ၎င်းတို့တပ်များ ရှိသည့်နေရာသို့ TNLA က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က မိုးဟောက်ကျေးရွာ တောင်ဘက်ရှိ SSPP စခန်းနေရာသို့ TNLA စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ဇွန်လ ၁၉ ရက်နေ့တွင် TNLA ၏ တပ်မဟာ(၂), (၃), (၉) တို့မှ စုပေါင်းအင်အား ၂၀၀ ခန့်မှာ မိုင်းလုံ, မိုးကုတ်မှ မိုးမိတ်မြို့နယ်ရှိ SSPP/ SSA စခန်းရှိရာ မိုးဟောက်ရွာဘက်သို့ ဦးတည်ပြီး ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ ယမန်နေ့က ပစ်ခတ်မှုအပြီး ညနေခင်းတွင် TNLA တပ်မှ တပ်သားနှစ်ဦးက မိုးမိတ်မြို့နယ် မန်ဘွေးရွာအနီးတွင် SSPP တပ်ကို ဆက်သွယ်ဆွေးနွေးခဲ့သော်လည်း SSPP တပ်က အဆိုပါ TNLA တပ်သားနှစ်ဦးကို ဖမ်းဆီးပြီး လက်နက်များ သိမ်းယူခဲ့သည်ဟု သိရသည်။
“TNLA တပ်သားနှစ်ယောက်က သွားရောက်ပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ SSPP က လက်နက်တွေသိမ်းတာမျိုးတွေ၊ လူတွေထိန်းသိမ်းထားတာမျိုးတွေရှိတယ်၊ နောက်ပြီးတော့မှ အဲဒီ မန်ဘွေးမှာ အခြစိုက်နေတဲ့ ကျွန်မတို့ တပ်သား ၅ ဦးကိုလည်း သွားရောက်ပြီးတော့မှ ထိန်းသိမ်းတာမျိုးရှိပါတယ်” ဟု လွေးယေဦးက ပြောသည်။
ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် TNLA က စာပေးပို့အကြောင်းကြားခဲ့သည့်အတွက် ယနေ့နံနက်မှာေတာ့ တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဖက်တပ်များကို ဆက်သွယ်ရာတွင် SSPP/SSA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
TNLA နှင့် SSPP တို့သည် ယခင်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA)ကို တိုက်ခိုက်ရာတွင် အတူပူးပေါင်းခဲ့သည့် လက်နက်ကိုင်နှစ်ဖွဲ့မှာ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက် အငြင်းပွားမှုများအပြင် ထိတွေ့တိုက်ခိုက်မှုများပါ ဖြစ်ပွားလာသည်။
ဇွန် ၁၅ ရက်နေ့က ကျောက်မဲမြို့နယ်ရှိ ဟူးဆွန်တောင်တွင်လည်း TNLA နှင့် SSPP တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA မှ နှစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်ဟု TNLA က ဆုိသည်။
SSPP/SSA တပ်အနေဖြင့် ယခုလို TNLA တပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းက တော်လှန်ရေးကို ကြန့်ကြာစေနိုင်သည့်အတွက် SSPP နှင့် ဆွေးနွေးညှိနှုိင်းရန် ကြိုးစားနေသည်ဟု TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
တစ်ဖက်တွင်လည်း TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီကို ထိုးစစ်ဆင်နေသည့်အတွက် ယနေ့နံနက်တွင် နောင်ချိုအနီးဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု လွေးယေဦးက ပြောသည်။
“မနက်အထိ တက်လာတဲ့ တိုက်ပွဲသတင်းအရဆိုရင်တော့ စစ်ကောင်စီတပ်နဲ့ တောင်းခမ်းမှာ တည်ရှိတဲ့ ရေွှတွင်း၊ ကုန်းသာ၊ နောင်အော်ရွာနဲ့ လဖက်ကုန်းဘက်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်၊ တိုက်ပွဲကာလမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုး လက်နက်ကြီးနဲ့ ပစ်တာမျိုးတော့ရှိပါတယ်၊ သို့ေပမယ့် စခန်းတွေလက်လွှတ်ရတာမျိုးတော့မရှိသေးပါဘူး” ဟု လွေးယေဦးက ေပြာသည်။
၂၀၂၃ အောက်တိုဘာလက စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ကိုးကန့်တပ်(MNDAA) အာရက္ခတပ်တော်(AA)တို့နှင့် ပူးပေါင်းကာ ရှမ်းမြောက်ရှိ မြို့ကြီးအချို့ကို သိမ်းယူနိုင်ခဲ့သည်။
အဆုိပါ မြို့များထဲမှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ နမ့်စန်၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင် မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို TNLA က သိမ်းပိုက်ထားသည်။
အဆိုပါ မြို့များရှိ အခြားတိုင်းရင်းသား လက်နက်ကိုင်များနှင့်လည်း TNLA က မကြာခဏ အြငင်းပွားမှုများဖြစ်ပေါ်နေရာ ကွတ်ခိုင်နှင့် အခြားဒေအချို့တွင်လည်း ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် အြငင်းပွားမှုများ ရှိနေဆဲဖြစ်သည်။



