သတင်း

ဖားကန့်တွင်တိုက်ပွဲပြင်းထန်နေ၊ ဒေသခံများထွက်ပြေးနေရ

ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များ ယမန်နေ့(ဇွန်လ ၂၅) ညနေမှစတင်ကာ ယနေ့(ဇွန်လ ၂၆) နံနက်အထိ တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟုသိရသည်။

ကချင်ပြည်နယ်ရှိ ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များ ယမန်နေ့(ဇွန်လ ၂၅) ညနေမှစတင်ကာ ယနေ့(ဇွန်လ ၂၆) နံနက်အထိ တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟုသိရသည်။

ယမန်နေ့ ညနေက ၄ နာရီခန့်က ဖားကန့်မြို့မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ အမှိုက်ပုံရွာ(ဆွတ်ဘွမ်ရွာ)မှ စစ်ကောင်စီစစ်ကြောင်းတစ်ခုမှာ အဆိုပါရွာ၏ အနောက်ဘက် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် အင်မားယန်ရွာဘက်သို့ဦးတည်ကာ စစ်ကြောင်းထိုးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထိုသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အမှိုက်ပုံရွာနှင့် အင်မားယန်ရွာကြားတွင် KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိုးချုပ်သည့်အထိ တိုက်ပွဲများပြင်းထန်ခဲ့သည်ဟု အသက်(၃၀)ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အင်မားယန်ကို တက်တာပေါ့​၊ အင်မားယန်ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေက အတက်မခံဘဲ ပစ်ချနေတာပေါ့နော်၊ ပစ်ချလိုက် တက်လိုက်နဲ့။ စစ်ကောင်စီကလည်း တက်ပြီဆိုရင် လက်နက်ကြီးပစ်ကူကလည်း ဖားကန့်ဗျူဟာကုန်းကနေ တစ်ဂျိန်းဂျိန်းချတာပေါ့နော် အဲဒီလိုမျိုးဆိုတော့ အသံက အကြီးသံ အသေးသံအစုံပေါ့” အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ညဦးပိုင်းအထိ တိုက်ပွဲဖြစ်ပွားသံများ၊ ဖားကန့်မြို့ပေါ်ရှိ ဖားကန့်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးသံများကို ကြားနေခဲ့ရပြီး ညနက်ပိုင်းတွင် အသံများ ငြိမ်သက်သွားသော်လည်း ယနေ့နံနက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

“ဒီနေ့မနက်ကလည်း ၄ နာရီကျော်လောက်ကနေစတက်တာ၊ စစ်ကောင်စီက တက်လာလို့ ဖြစ်နေတယ်။ အင်မားယန်တစ်ကြောကိုရရင် စစ်ကောင်စီက လမှောင်ကုန်းကိုရဖို့အတွက် ခြေလှမ်းလှမ်းနိုင်မယ့်အနေအထားရှိတယ်။ ဆိုတော့ တော်လှန်ရေးတပ်ဘက်ကလည်း လမောင်ကုန်းကို မပေးရဖို့အတွက်ကြိုးစားနေတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

လမောင်ကုန်းမှာ ဖားကန့်မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိပြီး ဖားကန့်မြို့အနီးရှိ အမြင့်ဆုံး စခန်းကုန်းများထဲမှ တစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်များအတွက်ပါ အရေးပါသည့် စခန်းကုန်းတစ်ခုဖြစ်သည်ဟု KPDF ထံမှ သိရသည်။

အဆိုပါ စခန်းကုန်းနှင့် ဖားကန့်မြို့အနောက်ဘက်ရှိ စခန်းကုန်းအများစုကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ဖားကန့်မြို့အနောက်ဘက် ကျေးရွာအများစုကိုလည်း ထိန်းချုပ်ထားနိုင်သည်။

ယနေ့နံနက် အစောပိုင်းမှစတင်ကာ အင်မားယန်ရွာအနီးဖြစ်ပွားေနသည့် တိုက်ပွဲမှာ ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် ငြိမ်သက်သွားသော်လည်း လက်နက်ကြီးပစ်ခတ်မှုများ အနည်းငယ်ရှိနေသေးသည်ဟု ဖားကန့် KPDF ထံမှ သိရသည်။

ထို့အပြင် ဖားကန့်မြို့အရှေ့ဘက် မုိင် ၄၀ ခန့်အကွာ စစ်တပ်ထိန်းချုပ်ထားသည့် ကာမိုင်းမြို့မှ ဖားကန့်-ကာမိုင်း လမ်းကြောင်းအတိုင်း တက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့် KIA ပူးပေါင်းတပ်တို့ နန့်ယားရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ရက်ခန့်ရှိနေပြီဟု သိရသည်။

ဖားကန့်မြို့က တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ယမန်နေ့မှစတင်သည့် တိုက်ပွဲကြောင့် တိုက်ပွဲဧရိယာအနီးရှိသည့် အမှိုက်ပုံရွာ၊ အင်မားယန်ရွာနှင့် အနီးဝန်းကျင်ရွာများဖြစ်သည့် သာယာကုန်း၊ တောင်ယာကုန်းစသည့်ရွာများမှ ဒေသခံအများစုမှာ နီးစပ်ရာရွာများနှင့် ဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်နေကြရသည်ဟု အခြား ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဖားကန့်မြို့ပေါ်မှာ ရှောင်လာကြတာချည်းပဲကို လူဦးရေ ၁၀၀၀ ကျော်သွားပြီ၊ ပြီးတော့ လုံးခင်းတို့ မှော်စီစာတို့၊ ဆိပ်မူတို့ပေါ့နော် အဲဒီဘက်ကို ရှောင်ကြတဲ့သူတွေလည်းရှိတယ်ဗျ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

“မှော်စီစာမှာလည်း ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိတယ်၊ မှော်စီစာ တောင်ပေါ်ကျောင်းမှာ စစ်ကောင်စီက တပ်စွဲထားတော့ အောက်ကျောင်းမှာ စစ်ရှောင်တွေများတာပေါ့။ ပြီးတော့ လုံးခင်းမှာက ကာမိုင်း-ဖားကန့်လမ်းကြောက လူတွေလာရှောင်ကြတာများတယ်။ လုံးခင်းက ဘုန်းကြီးကျောင်းတွေ၊​ Church ကျောင်းတွေမှာရှောင်ကြတယ်”

တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများတွင် မရှောင်ဘဲကျန်ရစ်နေသူများလည်း ရှိနေပြီး အဆိုပါဒေသခံများကို အမြန်ဆုံးရှောင်တိမ်းကြရန် ဒေသခံအချင်းချင်း တိုက်တွန်းနေကြသည်ဟု သိရသည်။

ဖားကန့်မြို့အနောက်ဘက်တွင်ရှိသည့် စစ်ကောင်စီတပ်၏ စခန်းကုန်းအများစုနှင့် ဆိုင်းတောင်ရွာကြီးတို့ကို KIA နှင့် ပူးပေါင်းတပ်များက ယခုနှစ်ဆန်းပိုင်းတွင် သိမ်းပိုက်ထားပြီးဖြစ်သည်။

ထို့အပြင် ဖားကန့်မြို့အနောက်ဘက်ရှိ ဖားကန့်-ဆယ်ဇင်းလမ်းပိုင်းနှင့် ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းကိုလည်း KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

ဖားကန့်မြို့ကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း မေလကုန်တွင် ဖားကန့်မြို့ကို ရောက်ရှိလာပြီးနောက် ဖားကန့်မြို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ဒေသခံ ထိိခိုက် သေဆုံးမှုအရေအတွက်နှင့် စစ်ရှောင်အရေအတွက်မှာလည်း တဖြည်ဖြည်းမြင့်တက်လာသည်။

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။

ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။




Related Articles

Back to top button