သတင်း

မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ အိုးဘိုထောင်အတွင်း ကွယ်လွန်

အသက် ၆၉ နှစ်အရွယ် ဦးအောင်ကျော်ဦးသည် အကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးဝါးလာပြီး အရေးပေါ်ဆေးကုသမှုပေးခဲ့သော်လည်း အသက် ဆုံးပါးခဲ့သည်။

မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယနေ့ (ဇွန် ၂၇) နံနက်က ထောင်ဆေးရုံအတွင်း အရေးပေါ်ဆေးကုသမှု ခံယူစဥ် ဆုံးပါးသွားသည်ဟု မိသားစုနှင့်နီးစပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် များထံက သိရှိရသည်။

” ဟုတ်တယ်။ မနက်ကဆုံးသွားတာ။ ရုတ်တရက်ကြီး အမောဖောက်လာတယ်လို့ ပြောတယ်။ ရောဂါ ကြီးကြီးမားမားတော့ အရင်က မကြားဖူးဘူး”ဟု မန္တလေးတိုင်း NLD ပါတီဝင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဦးအောင်ကျော်ဦး၏ မိသားစုက သင်္ဂြိုလ်ခွင့်ရရန် စစ်ကောင်စီထံ တောင်းဆိုခဲ့ပြီး ယနေ့ မွန်းလွဲအထိ အလောင်းထုတ်ယူခွင့်မပေးသေးဟု သိရှိရသည်။

အသက် ၆၉ နှစ်အရွယ် ဦးအောင်ကျော်ဦးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီ ကိုယ်စားပြုကာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပြီး မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။

ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ထိုမဲဆန္ဒနယ်မှ ထပ်မံအနိုင်ရရှိခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ ရပ်ကွက်၊ လမ်း ၉၀ နေအိမ်၌ အကျယ် ချုပ် ထိန်းသိမ်းခံရသည်၊ လအနည်းငယ်အကြာ ဧပြီလတွင် ၎င်းကိုလာရောက်ဖမ်းဆီးခဲ့ပြီး သားဖြစ်သူ မဟာအောင်မြေမြို့နယ် NLD အလုပ်မှုဆောင် ကိုငြိမ်းချမ်းစိုး ကိုလည်း ဖမ်းဆီးသွားသည်။

ထိုစဥ်က ၎င်း၏ချွေးမဖြစ်သူနှင့်မိသားစုဝင်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ပြီး NLD ရပ်ကျေးရုံးပါ တွဲဖွင့်ထားသဖြင့် ရုံးခန်းနှင့်ဆိုင်းဘုတ်များရှိသည့် နေအိမ်ကိုလည်း ဖျက်ဆီးခဲ့ ကြသည်။

ရွေးကောက်ပွဲမဲဆွယ်ကာလ ၂၀၂၀ အောက်တိုဘာလဆန်းက တွေ့ရသော ဦးအောင်ကျော်ဦး၏ နေအိမ်။ (ဓာတ်ပုံ-Mandalay NLD) 

ထို့နောက် ဦးအောင်ကျော်ဦးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၅ နှစ် ချမှတ်ခံရသည်။

ဦးအောင်ကျော်ဦးသည် လျှော့ရက်များဖြင့် လွတ်ရက်စေ့ခါနီးတွင် ယင်းသို့သေဆုံးခဲ့ခြင်းဖြစ် သည်ဟု မန္တလေးမြို့ခံ န်ိုင်ကျဥ်းအမျိုးသားတစ်ဦးက ဆိုသည်။

“လွတ်တောင်လွတ်တော့မှာဗျ။ သူတို့က သားအဖနှစ်ယောက်အတူကျတာလေ။ကျွန်တော်နဲ့ တစ်ခန်း တည်း နေခဲ့ရတာ။ အစက သုံးနှစ်ကျတာဗျ နောက်မှ အခန်းရွှေ့သွားပြီး NLD တိုက်ထဲ ရောက်သွားတာ လေ။ အဲဒီတော့မှ အမှုတိုးတယ်ထင်ပါတယ်”ဟု မန္တလေးမြို့ခံနိုင်ကျဥ်းဟောင်းက ပြောသည်။ 

၎င်းဆိုလိုသည်မှာ စစ်ကောင်စီက အိုးဘိုထောင်တွင် NLDပါတီဝင်များကို ထားရှိသည့် ပြစ်ဒဏ်တိုက်ဟု ခေါ်ဆိုသည့် တိုက်အမှတ် (၆) ကို ဆိုလိုခြင်း ဖြစ်သည်။ 

ဦးအောင်ကျော်ဦးအား အခြားအကျဥ်းသားများနှင့်အတူ ထားရှိပြီး ၆လကျော်အကြာမှ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်များနှင့်အတူ တိုက်အမှတ် (၆) သို့ ပြောင်းရွှေ့ခံရသည်ဟု အထက်ပါ နိုင်ကျဉ်း မန္တလေးသားက ပြောသည်။

-၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလက တွေ့ရသော ဦးအောင်ကျော်ဦး ။ (ဓာတ်ပုံ-Mandalay NLD)

ဦးအောင်ကျော်ဦးသည် ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ဦးဖြစ်ပြီး ၊ အကျဥ်းထောင်အတွင်း ရောက်စဥ် က ရောဂါအခံမရှိဘဲ ကျန်းမာရေးကောင်းမွန်သည်ဟု ဆိုသည်။

“ကျွန်တော်တို့နဲ့နေရစဥ် ၆လအတွင်းမှာ သူကျန်းမာရေးလည်းကောင်းတယ် ။ ဘာမှလည်း မဖြစ်ခဲ့ဘူး ။ အင်မတန်ကောင်းတယ်”

စစ်အာဏာသိမ်းပြီးနောက် နာမည်ဆိုးဖြင့်ကျော်ကြားသည့် အိုးဘိုအကျဥ်းထောင်အတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီဝင်များ၊မန္တလေးတိုင်းအစိုးရဝန်ကြီးများ အများအ​ပြား ဖမ်းဆီးထိန်း သိမ်းခံထားရသည်။

ထောင်အတွင်းဆေးကုသမှုလုံလောက်စွာမပေးသည့် အခြေအနေများကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ် သွေးကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင် မလုံလောက်သော ဆေးဝါးကုသမှုများကြားမှ သေဆုံးခဲ့ရပြီး များစွာသော နိုင်ကျဥ်းတို့သည် ကျန်းမာရေးအခက်အခဲတို့ကို ထောင်အတွင်းရင်ဆိုင်နေ ကြရသည်။

ထိုကဲ့သို့သောအခြေအနေသည် နိုင်ငံအနှံ့အကျဉ်းထောင်များတွင်ဖြစ်ပေါ်နေပြီး အထူးသဖြင့် ထောင် အာဏာပိုင်များက စစ်ကောင်စီကို ဆန့်ကျင်သူများအား ပြင်းထန်စွာဖိနှိပ်နေသည်။

မြန်မာနိုင်ငံအတွင်းရှိ ထောင်နှင့်ရဲဘက်စခန်းများတွင် ထောင်ဝင်စာဟုခေါ်ကြသည့် အကျဉ်းသားများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကာလ၊ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု စတင်မြင့်တက်လာသည့် ၂၀၂၀ စက်တင်ဘာ ပထမသတင်းပတ်တွင် စတင်တားမြစ်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆက်လက်ပိတ်ပင်ထားခဲ့ပြီး သုံးနှစ်ကျော်ကြာ ပိတ်ပင်ထားသည့် ထောင်ဝင်စာတွေ့ဆုံခွင့်ကို ကန့်သတ်ချက်များဖြင့် ၂၀၂၃ အောက်တိုဘာ ၂၄ ရက်နေ့မှစတင်ပြီး အကျဉ်း ထောင်တချို့တွင် ပြန်လည်ခွင့်ပြုခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမူ ထောင်များတွင် ဖိနှိပ်မှု ရှိမရှိ သွားရောက်စစ်ဆေးနေကြောင်း အခါအားလျော်စွာ ထုတ်ပြန်နေသည်။  

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အာဏာသိမ်းချိန်မှ စ၍ ၂၀၂၅ ဇွန် ၂၆ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူစုစုပေါင်းမှာ ၆၈၂၄ ဦး ရှိခဲ့ပြီဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသူ ၂၉၃၃၃ ဦးရှိပြီး ထိုအထဲမှ ၂၂၁၇၅ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေ ရသူများအနက်မှ ၁၀၈၇၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

Related Articles

Back to top button