စစ်ရေး ဆက်လက်တင်းမာနေသည့် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို စစ်ကောင်စီလေတပ်က ယမန်နေ့ည(ဇူလိုင် ၇) ညသန်းခေါင်ယံအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် သုံးဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
ည ၁၁ နာရီ ၃၀မိနစ်ခန့်တွင်ကြဲချခဲ့သည့် စစ်တပ်ဗုံးကြောင့် သေဆုံးသူများထဲတွင် အသက် ၄နှစ်အရွယ်မဧပြီရှာနှင့် ဦးဖိုကွမ်း၊ ဒေါ်မူထန့် တို့ဖြစ်ပြီး ၎င်းတို့သုံးဦးသည် မိသားစုဝင်များဖြစ်သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှုး ကိုဗညား ကဆိုသည်။
ဒဏ်ရာရသူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးသည် စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး ကျန်နှစ်ဦးသည် အသေးစားဒဏ်ရာရခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
တချိန်တည်းတွင် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ နောက်ထပ်စစ်ရှောင်စခန်းတခုကိုလည်း စစ်တပ်က ဗုံးကြဲခဲ့သော်လည်း အဆိုပါဗုံးသည်မပေါက်ကွဲခဲ့သဖြင့် အရပ်သားများသက်သာရရခဲ့သည်ဟုလည်း ၎င်းကဆိုသည်။
လေကြောင်းဗုံးကြဲခံရသည့် စစ်ရှောင်စခန်းများမှာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဘီကင်းကျေးရွာအနီးတွင်ရှိပြီး မကြာသေးခင်က စစ်ရှောင်မိသားအချို့ပြောင်းရွှေ့ခိုလှုံလာကြသည့် နေရာများ ဖြစ်သည်ဟုဒေသခံများကဆိုသည်။
မိုးဗြဲမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ကြောင်း ဇွန်လ ၆ ရက်နေ့ကထုတ်ပြန်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီလေတပ်ကလည်း အရပ်သားများကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။
“အခုနောက်ပိုင်းလေယာဉ်သံက ဗုံးကြဲပြီးမှကြားရတယ်။ အရင်ကလို Y-12 နဲ့ ဝဲပြီးလာကြဲတာမျိုးမဟုတ်ဘူး။ ညဘက်လူအိပ်ချိန်ကြီးလာကြဲသွားတာဆိုတော့ ရှောင်ဖို့အချိန်မရလောက်ဘူး”ဟု ကိုဗညားကပြောသည်။
ကရင်နီပြည်နယ်၏ တံခါးပေါက်ဟုတင်စားခေါ်ဆိုကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ သည် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအတွက် စစ်ရေးအရ အလွန်အရေးပါသည့်နေရာဖြစ်ပြီး စစ်ကောင်စီ ယခုနှစ်ဦးပိုင်းတွင် အင်အားအများအပြားဖြည့်တင်းပြီး ခြောက်လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
မိုးဗြဲမြို့သည် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တောင်ဘက် ခြောက်မိုင်အကွာနှင့် လွိုင်ကော်မြို့၏ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာတွင်ရှိပြီး တော်လှန်ရေး အင်အားစုများက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက တိုက်ခိုက်သိမ်းပိုက်ပြီး တစ်နှစ်ကျော်ကြာ ထိန်းချုပ်နိုင်ခဲ့သည်။
ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီပြီးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒီမောဆိုမြို့နယ်နှင့် တိုက်ပွဲများနှင့်အလှမ်းဝေးသည့် ဖယ်ခုံမြို့နယ်အတွင်းတွင်လည်း စစ်ဘေးရှောင် နေရသည်။ မိုးတွင်းကာလဖြစ်သည့်အတွက် နေရာထိုင်ခင်းနှင့် သွားလာရေးအခက်အခဲများအပြင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးမလုံလောက်မှုများနှင့်လည်းကြုံတွေ့နေကြသည်။
“ ဖယ်ခုံအရှေ့ခြမ်းကနေ စစ်ဘေးရှောင်တွေအများကြီးထွက်လာကြတယ်။ တချို့ကလည်းမရှောင်နိုင်ကြသေးဘူး။ မိုးတွင်းကာလမှာ ပိုပြီးခက်ခဲကြတယ်။ (ပြောင်းရွှေ့ဖို့) ယာဉ် လိုအပ်ချက်ရှိတယ်။ စစ်ရေးအရ တင်းမာနေတော့ ယာဉ်တွေကို ပေါ်ပေါ်ထင်ထင် အသုံးပြုပြီး သွားလာလို့မရဘူး”ဟု ကိုဗညားကဆိုသည်။
ဆက်လက်၍ “နေရာထိုင်ခင်းအခက်အခဲရှိတယ်။ နေရာတော်တော်များများမှာလည်း နေရာပြည့်သွားလို့ နေရာသစ်တွေလိုက်ရှာရတာမျိုးရှိတယ်”ဟုပြောသည်။
ပြီးခဲ့သည့်ဇွန်လကတိုက်ပွဲများတကျော့ပြန်လည်ဖြစ်ပွားလာသည့် ဖားဆောင်းမြို့နယ်တွင်လည်း စစ်ကောင်စီ လေတပ်က မော်ချီးမြို့အနီးရှိ လူထုပိုင်ခဲကျင်းလုပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခဲကျင်းလုပ်သား အမျိုးသား ၇ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။



