ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်းဆောင်မှုသံသယဖြင့် ၎င်းတို့ဖမ်းဆီးထားသည့် တရုတ် နိုင်ငံသား ၁၄ ဦးကို ရက်ပိုင်းအတွင်း တရုတ်အစိုးရထံ ပြန်လွှဲပေးမည်ဟု စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ၏ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ဇူလိုင် ၈ တွင် ပြော သည်။
ထိုသူများမှာ ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီခရိုင်၊ ရွှေကုက္ကို မြို့သစ်အခြေစိုက် ကျားဖြန့်ဂိုဏ်းများကို ဦးဆောင်သူများဖြစ်ကြောင်း၊ လူသတ်မှု၊ မုဒိန်းမှု အစရှိသည့် ရာဇဝတ်မှု ကျူးလွန်ထားသည်ဟု ယူဆရကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Myanmar Now သို့ ပြောသည်။
“လွှဲတဲ့အခါကျရင်တော့ သူတို့ကို သီးခြားတော့ လွှဲပြောင်းမှာပေါ့၊ မတရားညှဉ်းပန်းထားတဲ့သူတွေ၊ မုဒိန်းမှုကျူးလွန်ထားတဲ့သူတွေ၊ ခေါင်းဆောင်ငယ်တွေပေါ့ ” ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။
ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် ပြောဆိုသည့် ၁၄ ဦးထဲတွင် ဖေဖော်ဝါရီလက တရုတ်သို့ပို့မည်ဟု ပြောဆိုထားသော ဖမ်းဆီးထားသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၆ ဦးလည်း ပါဝင်သည်ဟု သိရသည်။
ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်သည် လူသိများသည့် စောချစ်သူ ဦးဆောင်သော ကရင် နယ်ခြားစောင့်တပ် BGF ၏ တပ်မှူးတစ်ဦး ဖြစ်သည်။
၂၀၂၄ခုနှစ်၊ မတ်လတွင် ဗိုလ်မှူးကြီး စောချစ်သူက မြန်မာစစ်တပ်လက်အောက်မှ နုတ်ထွက်ကာ BGF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် Karen National Army (KNA) အနေဖြင့် ပြောင်းလဲဖွဲ့စည်း မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ မြေပြင်တွင် စစ်ကောင်စီ ပူးပေါင်း ဆောင်ရွက်နေဆဲဖြစ်သည်။
ကျားဖြန့်ခေါင်းဆောင်ဟု ယူဆရသူများကို စစ်ကောင်စီမှတဆင့် တရုတ်အစိုးရလက်ထဲ လွှဲအပ်မည်ဟုလည်း BGF ၏ပြောရေးဆိုခွင့်ရှိသူကဆိုသည်။
တရုတ်နိုင်ငံသား အများအပြားသည် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်ပြီး လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ကို ယူကာ ရာဇဝတ်မှုကြီးများ အဆက်မပြတ် ကျူးလွန်လျက်ရှိသည်။
ဇူလိုင် ၇ တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr.Chen Wen Feng ဦးဆောင်သောအဖွဲ့က ထိုင်းနိုင်ငံမှ တစ်ဆင့် မြ၀တီမြို့သို့ သွားရောက်ခဲ့ပြီး ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းအစိုးရတာဝန်ရှိသူများ၊ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ထိုလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သေးသည်။
ဆွေးနွေးပွဲ၌ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၃၀,၀၀၀ ကို ဖမ်းဆီးပေးရန် တရုတ်ဘက်က မြန်မာကို တောင်းဆိုခဲ့သည်ဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဆိုသည်။
၎င်းတို့သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်အတွင်း ဘုရားသုံးဆူ၊ မြ၀တီခရိုင်အတွင်း ရွှေကုက္ကို၊ KK Park၊ ဝမ်ခ၊ မယ်ထော်သလေး နှင့် ကျောက်ခတ်ဒေသတို့ရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်ဟု သူက ပြောသည်။
ယင်းဒေသများကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော BGF, ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော် (DKBA) နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့က ထိန်းချုပ်ထားကြသည်။
ကျားဖြန့်နှိမ်နင်းရေးနှင့် ပတ်သက်ပြီး မိမိထိန်းချုပ်စိုးမိုးနယ်မြေများတွင် ဝိုင်းဝန်းဖြေရှင်းကြရန် ကရင် လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား တိုက်တွန်းပြောဆိုထားပြီးဖြစ်သည်ဟု BGF ထံက သိရသည်။
BGF က လတ်တလောတွင် ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းပြီး တရုတ်နိုင်ငံသား ၆,၀၀၀ ခန့် အပါအဝင် နိုင်ငံခြားသား ၉,၀၀၀ ခန့်ကို တရုတ်နိုင်ငံ အပါအဝင် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
စစ်ကောင်စီ၏ ဇူလိုင် ၇ ရက်နေ့ သတင်းစာတွင်လည်း မြ၀တီမြို့ ရွှေကုက္ကို၊ မယ်ထော်သလေး(KK Park) နှင့် ကျောက်ခတ်ဒေသများတွင် တရားမဝင် အွန်လိုင်းလောင်းကစားများ၊ အွန်လိုင်းလိမ်လည်မှု များ၊ ဒုစရိုက်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှ ဇူလိုင်လ ၇ ရက်နေ့အထိ တရုတ်နိုင်ငံ သားများ အပါအဝင် နိုင်ငံခြားသား ၉,၁၉၈ ဦးကို ထိုင်းနိုင်ငံဘက်မှတစ်ဆင့် ၈,၉၈၇ ဦးလွှဲပြောင်းခဲ့သည်ဟု ဖော်ပြထားသည်။
ထပ်မံလွှဲပြောင်းပေးရန် ၂၁၁ ဦး ကျန်ရှိနေသေးဟု စစ်ကောင်စီက ဆိုသည်။
ယခုနှစ်၊ နှစ်စပိုင်းတွင် တရုတ်နိုင်ငံသား သရုပ်ဆောင်ဝမ်ရှင်းသည် မြ၀တီဒေသရှိ အွန်လိုင်း ငွေလိမ် ဂိုဏ်းတစ်ခုထံ ရောင်းစားခံရသည့် ဖြစ်စဉ်ပေါ်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် လုပ်ငန်းများကို ခွင့်ပြုပေးထားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့များကို အပြင်းအထန် ဖိအားပေးလာ သည်။
ထိုင်းနိုင်ငံက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျားဖြန့်လုပ်ငန်းအများအပြား ခိုအောင်းနေသော၊ BGF ထိန်းချုပ်ထားသော ရွှေကုက္ကို နှင့် KK Park အစရှိသော မြို့သစ်များရှိရာ ဒေသများကို လျှပ်စစ်မီး နှင့် လောင်စာဆီ ဖြတ်တောက်ခဲ့သည်။
ထို့နောက် BGF နှင့် DKBA တို့သည် ၎င်းတို့ထိန်းချုပ်ရာဒေသများကို ကျားဖြန့်လုပ်ငန်း အပြီးသတ် ရှင်းလင်းကြမည်ဟု အသီးသီးထုတ်ပြန်ကြေညာကြပြီး ထိုလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသားများ နှင့် လူကုန်ကူးခံရသော နိုင်ငံခြားသား ထောင်နှင့်ချီကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွဲပြောင်းနေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံဘက်ကလည်း ကျားဖြန့်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံ၊ မဲဆောက်လေဆိပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ယူလျက်ရှိသည်။



