သတင်း

ရွှေအခွန်လျော့ချပေးဖို့ NUG ထံ စဉ့်ကူးမှရွှေတူးဖော်သူအချို့တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲမှ ဝါးပိုးလေး ရွှေလုပ်ကွက်ကို ကုမ္ပဏီများထံ လေလံမပစ်ရန်နှင့် ယင်းလုပ်ကွက်အတွင်း ရွှေတူးဖော်ခွင့်အတွက် အခွန်ကို ၁၀ ရာခိုင်နှုန်းထက်ပိုမကောက်ခံရန် ဒေသတွင်းမှရွှေတူးဖော်သူအချို့ကတောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ်ထဲမှ ဝါးပိုးလေး ရွှေလုပ်ကွက်ကို ကုမ္ပဏီများထံ လေလံမပစ်ရန်နှင့် ယင်းလုပ်ကွက်အတွင်း ရွှေတူးဖော်ခွင့်အတွက် အခွန်ကို  ၁၀ ရာခိုင်နှုန်းထက်ပိုမကောက်ခံရန် ဒေသတွင်းမှရွှေတူးဖော်သူအချို့ကတောင်းဆိုထားသည်။ 

ဧက ၂၀ ခန့်ကျယ်ဝန်းသည့် အဆိုပါ ဝါးပိုးလေးရွှေလုပ်ကွက်အပါအဝင် စဉ့်ကူးမြို့နယ်ထဲမှ ဧရိယာအများစုကို ပြီးခဲ့သည့်နှစ် ဇူလိုင် ၂၀ ရက်တွင် မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF)က  အပြီးသတ်သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ မြို့နယ် ပအဖ၊ ပကဖ နှင့် MDY-PDF တို့က စစ်ဘက်အရပ်ဘက်ပူးပေါင်း၍ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ထူထောင်ကာ အုပ်ချုပ်နေသည်။

ဒေသခံအချို့၏အဆိုအရ စဉ့်ကူးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့သည် ဝါးပိုးလေးရွှေလုပ်ကွက်ကို ယခုနှစ် ဇွန်လတွင် ကုမ္ပဏီတစ်ခုအား စီမံခန့်ခွဲခွင့်ပေးခဲ့ကြောင်း၊ ထိုကုမ္ပဏီက ရွှေတူးဖော်လိုသူများအား Subcontract စနစ်ဖြင့်  ၃၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ကာ ထပ်ဆင့်လုပ်ပိုင်ခွင့်ပေးနေသည်ဟု ဆိုသည်။

ကုမ္ပဏီကြားခံပြီး အခွန်ကောက်သည့်စနစ်ကို ပယ်ဖျက်ရန်နှင့် အခွန်ကိုလည်း  ၁၀ ရာခိုင်နှုန်းထက်ပို မကောက်ခံရန် စဉ့်ကူးအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့နှင့် ၎င်းအတို့အကြားဆွေးနွေးနေသည်ဟု ဝါးပိုးလေးရွှေလုပ်ကွက်တွင် ရွှေတူးဖော်နေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ယင်းဆွေးနွေးပွဲမတိုင်ခင် လုပ်ပိုင်ခွင့်ရသည့် လေလံကုမ္ပဏီနှင့်ဆွေးနွေးခြင်း၊ လူစုပြီးကန့်ကွက် ဆန္ဒပြခြင်းတို့ လုပ်ခဲ့သော်လည်း သဘောတူညီချက် တစုံတရာမရသေးဟုလည်း ၎င်းကဆိုသည်။

“… စစ်ဘေးရှောင်နဲ့ ဒုက္ခသည်အများဆုံး၊ ဆင်းရဲသားအများဆုံးလုပ်စားတဲ့ ကွက်ရပ်ကလေးမို့လို့ သူတို့ခွဲတဲ့ခွဲကြေးနဲ့ ကျွန််တော်တို့ ကွက်ရပ်ကလေးရဲ့ဖြစ်တည်ပုံနဲ့ ဘယ်လိုမှကို မအပ်စပ်ဘူး” ဟု ၎င်းက ပြောသည်။ 

ဝါးပိုးလေးရွှေလုပ်ကွက်သည် ဧက ၂၀ ဝန်းကျင်သာကျယ်ပြီး စစ်ဘေးဒဏ်ကြောင့် အိုးပျက်အိမ်ပျက် ထွက်ပြေးလာရသည့် စစ်ဘေးရှောင်မိသားစုဝင်ထောင်ဂဏန်း အမှီသဟဲပြုနေကာ အုပ်ချုပ်ရေးပိုင်းက အခွန် ၃၀ ရာခိုင်နှုန်းကောက်မည်ဆိုပါက ရပ်တည်ရန်ခက်ခဲနိုင်ကြောင်း ၎င်းက ပြောသည်။ 

စစ်ဒဏ်အကြီးအကျယ်ခံခဲ့ရသည့် စဉ့်ကူးမြို့နယ်တွင် စိုက်ပျိုးရေးနှင့် အခြားအသက်မွေးဝမ်းကြောင်း လုပ်ငန်းများလည်းလုပ်ကိုင်ရန် အခွင့်မသာသဖြင့် တစ်ပိုင်တစ်နိုင်ရွှေလုပ်ကွက်များကို မှီခိုနေရသည်ဟု ဒေသခံများက ပြောသည်။ 

“ပြည်သူနဲ့တစ်ပြေးညီတည်းပေါ့နော်။ တရားမျှတစွာလေးနဲ့ ပြည်သူ့အသံကိုလည်း နားထောင်ပါဦး။ ဆင်းရဲသားတွေကိုလည်းပြန်လှည့်ကြည့်ပေးပါဦး။ အဲ့ဒါကိုပဲ မျှမျှတတလည်းဖြစ်စေချင်ပါတယ်။ အဲ့ဒါလေးပဲ ကျွန်တော်ပြောချင်တယ်ပေါ့နော်။ ယခုဖြစ်နေတဲ့ပုံစံလေးအတိုင်းပဲ ကြည်ကြည်ဖြူဖြူ သွားချင်ပါတယ်။ အုပ်ချုပ်နေတဲ့သူတွေကိုလည်း မြေပြင်ကိုဆင်းကြည့်ပါဦးပေါ့နော်” ဟု ၎င်းက ပြောသည်။ 

ထိုရွှေလုပ်ကွက်လေလံမတင်ရန်၊ တော်လှန်ရေးကာလအတွင်း အကျပ်အတည်းကြားမှ ပြည်သူကို မျက်နာမမူသည့် အဖွဲ့အစည်းများကို အရေးယူရန် ဒေသခံတို့က NUG ယာယီသမ္မတ ဒူဝါလရှီလထံ ဇူလိုင် ၉ ရက်စွဲဖြင့်တိုင်ကြားထားသည်။ 

ရွှေလုပ်ကွက်လေလံမတင်ရန်၊ ပြည်သူကို မျက်နာမမူသည့် အဖွဲ့အစည်းများကို အရေးယူရန် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီလထံ တိုင်ကြားစာ (ဓာတ်ပုံ- ပေးပို့) 

“(ရွှေတူးတဲ့သူတွေက) ပကဖတွေရော၊ ပအဖတွေရော၊ ပလဖတွေရော ပြီးရင် သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေရောကို ၁၀ပုံ၁ပုံပေးကြတယ်။  နောက်ပြီး ဧရာဝတီမြစ်ကျော်လိုက်တာနဲ့ စစ်ကိုင်းနယ်ကနေပြီးတော့ လာတဲ့ တော်လှန်ရေးရဲဘော်တွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ လာတယ်ဆိုရင်လည်း ဒီရွှေတွင်းလုပ်တဲ့ ပြည်သူတွေကနေပြီးတော့ ဗြုန်းအိတ်တွေ၊ ပိုက်ဆံတွေ လှူပေးနေတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

Myanmar Now က ရရှိထားသည့် ဒေသခံများနှင့် အုပ်ချုပ်ရေအဖွဲ့တို့တွေ့ဆုံသည့် အသံမှတ်တမ်းတွင် NUG အစိုးရတစ်ရပ်အနေဖြင့် လက်လီစိပ်၍ အခွန်ကောက်ခံရန် အဆင်မပြေသဖြင့် လေလံကုမ္ပဏီကို ရှာဖွေ၍ အခွန်တစ်လုံးတစ်ခဲတည်းကောက်ခံခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။ 

ဒေသခံတို့အနေဖြင့် တစ်လ ရွှေ ၂၀ သား၊ တစ်နှစ်စာမြေငှားရမ်းခ သိန်း ၃၆၀ နှင့် အာမခံစပေါ်ကြေး ကျပ်သိန်း ၁၈၀၀ သွင်းနိုင်ပါက လေလံကုမ္ပဏီချပေးမည်မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။ 

ထိုရွှေလုပ်ကွက် လေလံတင်အခွန်ကောက်မည့်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး ပြေခွင့်ရ အော်စမွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။  

လေကြောင်းအန္တရာယ်ကြုံနေရပြီး အခြားတစ်ဖက်တွင် စစ်ကောင်စီကို အထွေထွေထိုးစစ်ဆင်နွဲရန် ပြင်နေချိန်တွင် စစ်ရေးလိုအပ်ချက်ဖြည့်ဆည်းရန်အတွက် အခွန်ငွေကောက်ခံမည်အခြေအနေအပေါ် ညှိနှိုင်းရန်ခေါ်သော်လည်း ဒေသခံတို့က မလာကြောင်း စဉ့်ကူးမြို့နယ် ပကဖနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လေလံပစ်တဲ့အခါကြတော့လည်း ထွက်ပြီးတော့ လေလံပစ်လို့ ဆန္ဒပြတယ်ပေါ့။ သူတို့ကလည်း သူတို့အခက်အခဲနဲ့သူတို့ကြောင့်မို့လို့ ဆန္ဒပြတယ်ပေါ့။ ဒီဘက်မှာလည်း NGU အစိုးရကလည်း အထွေထွေထိုးစစ်ပြန်လာတော့မယ့်အပိုင်းတွေရှိတော့ ထောက်ပို့လုပ်ငန်းတွေ ဒီစစ်ပိုင်းဆိုင်ရာမှ ဖြည့်တင်းဖို့လုပ်ငန်းတွေမှာ စပြီးလုပ်နေရပြီး အဲ့အပိုင်းတွေမှာ အခွန်မဆောင်နိုင်ရင် ကျွန်တော်တို့ လေလံပစ်တဲ့သဘောပေါ့နော်” ဟု ၎င်းက ပြောသည်။

“အဲ့ဒါကို မကျေနပ်လို့ဆန္ဒပြတာပေါ့။ အရင်တစ်ခေါက်က ဆန္ဒပြတော့လည်း ခေါ်ပြီးတော့ ညှိနှိုင်းဆွေးနွေးတော့လည်း သူတို့ကမလာဘူး။ အဲ့လိုမလာဘဲနဲ့ ပြည်သူတွေဘက်က နားလည်မှု လွဲနေတဲ့အပိုင်းတွေရှိတယ်ပေါ့” 

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာမှစတင်၍ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ  စစ်ကောင်စီတပ်စခန်းများကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ (အာရက္ခတပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်) နှင့် မဟာမိတ် PDF တပ်များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

မန္တလေးတိုင်းအတွင်း ရွှေထွက်ရှိသည့် စဉ့်ကူး၊ မတ္တရာအခြေခြမ်းကို MDY-PDF က သိမ်းပိုက်ထားပြီး အခြားရွှေထွက်နှုန်းကောင်းသည့် သပိတ်ကျင်း၊ ပုသိမ်ကြီးမြို့နယ်တို့တွင် တိုက်ပွဲဆက်ဖြစ်နေသည်။ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သည့် ဧက ၅၀၀၀ ကျော်ကျယ်ဝန်းသည့် ရွှေလုပ်ကွက်ကြီးတစ်ခုကိုလည်း MDY-PDF က ၂၀၂၄ ဩဂုတ်လတွင် သိမ်းပိုက်ခဲ့သည်။ 

သယံဇာတထွက်ရှိရာ နယ်မြေများတွင် စစ်ကောင်စီကို ဖယ်ရှားပြီး တော်လှန်ရေးတပ်များစိုးမိုးလာချိန် ပြည်သူကို မျက်နာမူရန်၊ ခိုင်မာသည့် မူဝါဒများချမှတ်ကာ စည်းစနစ်တကျတူးဖော်ရန် လိုအပ်ကြောင်း သံယဇာတတူးဖော်မှုဆိုင်ရာ စောင့်ကြည့်လေ့လာသူများကဆိုသည်။ 

Related Articles

Back to top button