သတင်း

ဧရာဝတီမြစ်အနီး စစ်တပ်ဗျူဟာကုန်း ၃ ခုနှင့် ပျူစောထီးရွာကို ရွှေဘိုခရိုင် PDF များ တိုက်ခိုက်သိမ်းပိုက်

ကျောက်မြောင်းနှင့်ရွှေဘိုအကြား စစ်ရေးအရ အရေးပါပြီး မြစ်ကမ်းတစ်လျှောက်နယ်မြေစိုးမိုးထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းများကို ရွှေဘိုခရိုင်တပ်ရင်းများ ၄ ရက်အတွင်း တိုက်ခိုက်သိမ်းပိုက် ခဲ့သည်။

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့အရှေ့ဘက် ဧရာဝတီမြစ်အနီးရှိ စစ်ရေးအရအရေးပါသော စစ်ကောင်စီတပ် ဗျူဟာကုန်း ၃ ခုနှင့် ပျူစောထီးရွာစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုမြို့နယ် ခရိုင်တပ်ရင်းများက ယခုလပထမပတ်အတွင်း တိုက်ခိုက်သိမ်းယူခဲ့ပြီး ဗိုလ်မှူးတစ်ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။

ရွှေဘိုမြို့အရှေ့ဘက်၊ ကျောက်မြောင်းမြို့၏ တောင်ဘက် ၄ မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အနောက်ဘက် ကမ်းတွင် တည်ရှိသော ပျူစောထီးရွာဟု နာမည်ကြီးသည့် ဟင်္သာကြီးရွာနှင့် ထိုရွာ အနောက်ဘက်  ဘိုးနတ်တောင်ရွာအနီး တည်ရှိသော စစ်ကောင်စီဗျူဟာကုန်း ၃ ခု ကို  ဇူလိုင် ၄ ရက်နေ့မှ စတင်ကာ ဇူလိုင် ၇ ရက်နေ့အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၄ ရက်နေ့တွင် ဗျူဟာကုန်း ၁ ခုနှင့် ဟင်္သာရွာရှိ ပျူစောထီးစခန်းတို့အား တစ်ပြိုင်တည်း ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ပြီး အခြား ဗျူဟာကုန်း ၂ ခုကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင် သည့် PDF ခရိုင်တပ်ရင်းအချို့က ဆိုသည်။

စစ်တပ်နှင့် ပြည်သူ့စစ် အင်အား ၆၀ နှင့် ၇၀ ကြား အခြေချတပ်စွဲထားသည့် ဟင်္သာကြီးရွာရှိ ပျူစောထီး စခန်းကို ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင် ကွပ်ကဲပြီး ဘိုးနတ်တောင်ရွာ၏တောင်ဘက် ကပ်လျက် ဗျူဟာကုန်းကို စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီး သောင်းစိန် ကွပ်ကဲကြောင်း  သိရသည်။ 

စစ်လေယာဉ်ဖြင့် ဗုံးကြဲနေသည့်ကြားမှ  ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဟင်္သာကြီးရွာရှိ ပျူစောထီး စခန်းနှင့်ရွာကို ရွှေဘိုခရိုင် PDF များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဟင်္သာကြီးရွာမှ မြောက်ဘက်ရှိ ကျောက်မြောင်းမြို့ဘက်သို့ ဆုတ်ခွာသော စစ်ကောင်စီတပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို ယင်းနေ့ ညနေမှာပင် အရှင်ဖမ်းမိခဲ့သည်ဟု ရွှေဘိုခရိုင် PDF အမှတ် (၂၆) တပ်ရင်း  ပြန်ကြားရေးတာဝန်ရှိ သူက Myanmar Now ကို ပြောသည်။

ဆက်လက်၍  ယင်းနေ့မှာပင် ဟင်္သာကြီးရွာအနီးရှိ ဘိုးနတ်တောင်ဗျူဟာကို ထိုးစစ်ဆင်ခဲ့သည်ဟု ၎င်းက ဆိုသည်။ 
“ဟင်္သာကြီးစခန်းရပြီးတော့ G1 (စစ်ဦးစီးပထမတန်း) ဖြစ်တဲ့ ဒုဗိုလ်မှူးကြီးသောင်းစိန် ကွပ်ကဲတဲ့ ဘိုးနတ် တောင် ဗျူဟာကို (မွန်းလွဲ) ၃ နာရီမှာ ကျွန်တော်တို့ သိမ်းလိုက်နိုင်တယ်။ G1 က တောင်လှဆိုတဲ့ စခန်းကုန်း ကို တပ်ဆုတ်သွားပါတယ်” 

စစ်ကောင်စီ၏ စခန်းကုန်း ၁ ခုနှင့် ပျူစောထီးရွာကို ရလိုက်သော်လည်း ယင်းညမှာပင် စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီးဆုတ်ခွာသွားသည့် တောင်လှစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နောက်တစ်နေ့ (ဇူလိုင် ၅ ) နံနက်တွင် တောင်လှဗျူဟာစခန်းကို PDF ခရိုင်တပ်ရင်းများက သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးသည် တောင်လှစခန်းမြောက်ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မခေါက်ရွာအနီးတွင်ရှိသော  ဗျူဟာကုန်းကို ထပ်မံဆုတ်ခွာခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်သည့် PDF ခရိုင် တပ်ရင်းများထံက သိရသည်။ 

ရွှေဘိုမြို့အရှေ့ဘက်တိုက်ပွဲပြမြေပုံ ။

မခေါက်ရွာသည် ကျောက်မြောင်းမြို့နှင့် ဟင်္သာကြီးရွာကြားတွင် ရှိသည်။ မခေါက်ရွာအနီးရှိ စစ်ကောင်စီ ဗျူဟာကုန်းကို PDF များက ဗိုလ်ထွန်းကျော်စခန်းဟု  ခေါ်ဝေါ်ကြသည်။

ပျူစောထီးရွာနှင့် စစ်ကောင်စီဗျူဟာကုန်း ၂ ခု သိမ်းပြီးနောက် ခရိုင် PDF များက နယ်မြေရှင်းလင်းရေး လုပ်နေစဉ် စစ်ကောင်စီတပ်သည် မခေါက်ရွာဘက်မှ တစ်ဆင့် စစ်ကြောင်းထိုးလာသည်။

ထို့ကြောင့် ဇူလိုင် ၆ နှင့် ၇ ရက်တွင် တိုက်ပွဲများဆက်ဖြစ်နေကြောင်း ရွှေဘိုခရိုင် PDF အမှတ် (၂၆) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင် ၇ ရက် နေ့ ညနေ ၅ နာရီတွင် ဗိုလ်ထွန်းကျော်စခန်းကို PDF များက ဆက်လက်ထိုးစစ်တိုက်ခိုက်ရာ စခန်းကုန်းကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မခေါက်ရွာအတွင်း ဆုတ်ခွာသွားကြောင်း သိ ရသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရွှေဘိုခရိုင် တပ်ရင်း ၆ ရင်းဖြစ်သည့် တပ်ရင်း -၁၅ ၊ ၁၈ ၊ ၂၃ ၊ ၂၆ ၊ ၁၇၀၁ နှင့် ၉၇၀၆ တို့ပါဝင်သလို ဒေသခံ ကာကွယ်ရေးအဖွဲ့များဖြစ်သော Brave Brothers နှင့် ရွှေဘိုကျားကြီး (ပကဖ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ ကြသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများရှိပြီး PDF ဘက်က တစ်ဦးသေဆုံးကာ ၄ ဦး မစိုးရိမ် ရသည့် ဒဏ်ရာရထားကြောင်း သိရသည်။

သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီဗျူဟာကုန်း ၃ ခုတွင်တပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက် အတိအကျ မသိရပေ။

စစ်ရေးဗျူဟာကျသည့် မြစ်ကမ်းဘေးက စစ်စခန်းတွေကို ဘယ်လိုသိမ်းပိုက်ခဲ့လဲ 

စစ်ရေးအရ အရေးပါပြီး ဧရာဝတီမြစ်ဘေးတစ်လျှောက်နယ်မြေစိုးမိုးထားသော အဆိုပါ ပျူစောထီးရွာ နှင့် ဗျူဟာကုန်းများကို ရွှေဘိုပကဖနှင့်ပူးပေါင်းအဖွဲ့များက ဇွန် ၂၈ ရက်နေ့ နံနက် ၆ နာရီခွဲတွင် တပြိုင် တည်း စတင်တိုက်ခိုက်ခဲ့သည်၊ ဘိုးနတ်တောင်နှင့် ပျူစောထီးရွာစခန်း ရပြီးနောက် လက်ကျန်စခန်းတစ်ခု တိုက်ခိုက်ရာမှ ပြန်ဆုတ်ခဲ့ရသည်။ 

လက်နက်တချို့ ချွတ်ယွင်းသွားသောကြောင့် ပစ်ခတ်အားလျော့နည်းသွားချိန် စစ်ကောင်စီတပ်ကလည်း ရေကြောင်းဖြင့် စစ်ကူအင်အား ထပ်မံဖြည့်တင်းလာသည့်အတွက် ဆုတ်လိုက်ရခြင်း ဖြစ်သည်ဟု တော် လှန်ရေးအဖွဲ့များဘက်က ထိုစဉ်က ပြောထားသည်။

စစ်ကောင်စီ ထိန်းချုပ်သော ရွှေဘိုမြို့နှင့်  ဧရာဝတီမြစ်အနောက်ဘက်ကမ်းကျောက်မြောင်းမြို့အကြား အဆိုပါစခန်းများကို  ယခုလဆန်းတွင် ခရိုင်တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ကျောက်မြောင်း၏ တစ်ဘက်ကမ်းရှိ စဉ့်ကူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY-PDF) က ထိန်းချုပ်ထားသည်။

တိုက်ပွဲတွင် ပါဝင်သည့် ရွှေဘိုခရိုင် PDF အမှတ် (၁၈) တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်စွန်ရဲက စစ်ကောင်စီ ဗျူဟာကုန်းနှင့် ပျူစောထီးရွာသည် ဧရာဝတီမြစ်ကြောင်းနှင့် ခရိုင်ချင်းဆက် အမှတ် (၁၃) လမ်း စိုးမိုးရေး တွင် အရေးပါသည့် စစ်စခန်းများဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သော်လည်း ထိရောက်မှုမရှိသဖြင့် တိုက်ပွဲဆက်လက် ဆင်နွှဲနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်တပ်ကတော့ ပထမ Y-12 နဲ့ လာကြဲတယ်။ ဖိုက်တာနဲ့ လာကြဲတယ်။ ဒါပေမယ့် လက်ရှိဖော်ဆောင်နေ တဲ့ စစ်ဇုန်ထဲကို တစ်လုံးမှမကျဘူး။ ရဲဘော်တစ်ယောက်မှ အထိအခိုက်မရှိခဲ့ဘူး။ ပထမတော့ ကျွန်တော် တို့လည်း ရဲဘော်တွေကို လုံခြုံတဲ့နေရာ ယူကြဖို့စီစဉ်ထားတယ်။ နောက်ပိုင်းတော့မယူနဲ့တော့ လေကြောင်း က ငါတို့အတွက် အရမ်းကြီးမထိရောက်ဘူး ထိုးမယ်။ ထိုးစစ်ကို မရပ်ဘဲ ဆက်တိုက်ထိုးလိုက်တာပေါ့” ဟု Myanmar Now ကိုပြောသည်။

PDF တပ်ရင်းများအနေနှင့် အချင်းချင်းမခွဲခြားဘဲ အတူပူးပေါင်းတိုက်ခိုက်သဖြင့် ယခုလို စစ်ကောင်စီ စခန်းများကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ညီနောင် တပ်ရင်း ၆ ရင်းဖွဲ့တဲ့အချိန်မှာ စုဖွဲ့မှုအရင်လုပ်တယ်။ ကျွန်တော်တို့က သူ့တပ်ရင်း ၊ ကိုယ့်တပ်ရင်းပုံစံနဲ့ တိုက်တာမဟုတ်ဘူး။ အရင်ဆုံးရဲဘော်တွေကို ရောပစ်လိုက်တာ။ ရောပြီးမှ တပ်စိတ် တွေ ပြန်ခွဲတာပေါ့။ ပြီးရင်တပ်စိတ်မှူးထားတယ်။ စစ်ကြောင်းမှူး ပြန်ခန့်တယ်။ အဲ့လိုလုပ်ပြီးတိုက်တော့ အောင်မြင်မှုရတာပါ” 

ရွှေဘိုခရိုင် PDF တပ်ရင်း ၆ ရင်းအနေဖြင့် ဇွန် ၉ ရက်နေ့ကလည်း ရွှေဘိုမြို့အရှေ့ဘက် ဧရာဝတီမြစ် ရေလယ်ကျွန်းရှိ “ဆည်ပင်”အမည်ရ ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါရွာ စစ်စခန်းမှ ပျူစောထီး ၁၈ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်၊ ဆည်ပင်ရွာ၏အနောက်ဘက်တွင် ဟင်္သာကြီး ပျူစောထီးရွာရှိသည်။

ဆည်ပင်ရွာတိုက်ပွဲသည် ယခုနှစ်အတွင်း ရွှေဘိုခရိုင် PDF တပ်ရင်းများ၏ ပထမဆုံး ပူးတွဲစစ်ဆင်ရေး ဖြစ်ပြီး ဟင်္သာကြီး ပျူစောထီးရွာနှင့် စစ်ကောင်စီဗျူဟာစခန်းကုန်း ၃ ခုသိမ်းသည့် တိုက်ပွဲမှာ ဒုတိယ စစ်ဆင်ရေး ဖြစ်ကြောင်း ရွှေဘိုခရိုင် PDF တပ်ရင်း – ၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ပြောသည်။

ယမန်နှစ်များအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကောင်အထည်ဖော်ခဲ့သည့် ရှမ်း- မန်း စစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်းများ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး အမှတ် (၂၆) ၊ (၁၈) တပ်ရင်း အပါ အဝင် တပ်ရင်းတချို့မှ PDF များ ကျဆုံးမှုများရှိခဲ့သည်။

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းမှ  ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော် ၁၃ ဦး‌ ကျဆုံးခဲ့သည်။ အမှတ် (၂၆) တပ်ရင်းမှ တပ်ခွဲမှူးအပါအဝင် ၈ ဦးထက်မနည်း ကျဆုံးခဲ့သည်။ 

Related Articles

Back to top button