ဆောင်းပါးအတွေးအမြင်

ငြိမ်းချမ်းရေး ဖိုရမ် သို့မဟုတ် စစ်တပ်၏တရားမဝင်အာဏာ ခဝါချပွဲ

ပြည်သူတို့အသတ်ခံနေရချိန် ရွေးကောက်ပွဲအတွက်ရည်ရွယ်သော ငြိမ်းချမ်းရေးဖိုရမ် တက်ရောက်သူများထဲတွင် စစ်ကျွန်ဇာတ်သွင်းမှုကို တက်ကြွစွာ ကူညီနေသူများ ပါဝင်သည်။

ဇွန်လ ၂၅ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီး၍ “ငြိမ်းချမ်းရေးဖိုရမ်” အမည်ဖြင့် နေပြည်တော်တွင် ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်သည် မင်းအောင်လှိုင်၏ ဒုတိယအကြိမ် ကြိုးပမ်းမှုဖြစ်ပြီး၊ လွန်ခဲ့သော သုံးလတိတိ ဖြစ်သော မတ်လ ၂၅ ရက်နေ့က ပထမအကြိမ် ဆောင်ရွက်ခဲ့သေးသည်။

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေးဖိုရမ်များ အကြိမ်ကြိမ်ကျင်းပရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းထားခြင်းကြောင့် နိုင်ငံတကာဥပဒေအရသော်လည်းကောင်း၊ နိုင်ငံရေး ဂုဏ်သိက္ခာအရသော်လည်းကောင်း တရားဝင်မှု (Legitimacy) ကင်းမဲ့နေသည့် စစ်တပ်၏ ယခုနှစ်ကုန်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

စစ်တပ် တရားမဝင်သိမ်းယူထားသော အာဏာကို ပြည်တွင်းပြည်ပတွင် တရားဝင်မှုပုံသဏ္ဌာန် ဖော်ဆောင်ရန် မင်းအောင်အောင်လှိုင်၏ အဆိုပါကြိုးပမ်းမှုသည် တရားမဝင်အာဏာကို “ခဝါချခြင်း” သာ ဖြစ်သည်။ စင်စစ် “ခဝါချခြင်း” ဆိုသည့် အသုံးအနှုန်းကို စီးပွားရေးလောကတွင် အလွန်တွင်ကျယ်စွာ သုံးစွဲလေ့ရှိသည်။

စီးပွားရေးလောကတွင် တရားမဝင်နည်းလမ်းများဖြင့် ရှာဖွေရရှိထားသော ငွေမဲ (Black money) များကို တရားဝင်ငွေကြေး သို့မဟုတ် ငွေဖြူ ဖြစ်လာစေရန် “ငွေကြေးခဝါချခြင်း” (Money Laundering) ဆိုသည့် အသုံးအနှုန်းရှိသည်။ အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်ရောင်းဝယ်မှုနှင့် အကျင့်ပျက်ခြစား၍ ရရှိလာသော ငွေမဲများကို တရားဝင်ငွေကြေးအဖြစ် ပြောင်းလဲခြင်းဖြစ်ပြီး၊ ၎င်းသည် အလွန်ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုကြီး ဖြစ်သည်။

ထို့အတူ ငြိမ်းချမ်းရေးဖိုရမ်အမည်ခံ ထိုဆွေးနွေးပွဲများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံအရပ်သားအစိုးရထံမှ တရားမဝင်သိမ်းယူထားသော နိုင်ငံတော်အာဏာကို ပြည်တွင်းပြည်ပမှ ၎င်းတို့အားထောက်ခံသူ လက်တစ်ဆုပ်စာလူတစ်သိုက်ဖြင့် တရားဝင်အာဏာဖြစ်လာစေရန်၊ ထိုမှတစ်ဆင့် ရွေးကောက်ပွဲပါ တရားဝင်စေရန် ရည်ရွယ်၍ နိုင်ငံရေး “ခဝါချခြင်း” (Political Laundering) ကို ပြုလုပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်တပ်နှင့် ပူးပေါင်းနေသော ပြည်တွင်းနိုင်ငံရေးသမားတစ်စုနှင့် စစ်တပ်ကို ထောက်ခံကူညီနေ သော တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများမှ နိုင်ငံတကာဧည့်သည် လက်တစ်ဆုပ်စာဖြင့် တရားမဝင် သိမ်းယူထားသော အာဏာ “ခဝါချခြင်း” ကို ခပ်စိတ်စိတ် ကျင်းပ ပြုလုပ်လာခြင်း ဖြစ်သည်။

၂၀၂၅ ဇူလိုင် ၁၁ ရက်နေ့တွင်  စစ်လေယာဉ်က  စစ်ကိုင်းမြို့နယ်၊ လင်းတလူကျေးရွာရှိ စစ်ရှောင်များခိုလှုံနေသည့် သစ္စာဝါဒီဘုန်းကြီး ကျောင်းကို  ဗုံးကြဲလိုက်ရာ  ၂၂ ဦး သေဆုံး၊ ၅၀ ခန့် ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူ့ဆန္ဒကို ဆန့်ကျင်သော “ခေတ်သစ် ခွေးကတက်” နိုင်ငံရေးသမားများ

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များ သက်ဆိုးရှည်ရသည့် အကြောင်းရင်းကို သုံးသပ်ကြသည့်အခါ လက်နက်မဲ့ နိုင်ငံရေးသမားတို့ကို စစ်ဗိုလ်ချုပ်များက လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျခြင်းကြောင့်ဟု နောက်ဆုံးတွင် အဖြေထုတ်လေ့ရှိသည်။ ထိုယူဆချက်သည် ပြည့်စုံခြင်း မရှိဘဲ အလေးအနက် ပြန်လည်ဆင်ခြင်စရာ အကြောင်းများ ယခုအခါ ပေါ်ပေါက်လာပြီဖြစ်သည်။

စင်စစ် ခေတ်အဆက်ဆက် နိုင်ငံတော်အာဏာကို “အဓမ္မ” နည်းလမ်းဖြင့် ရယူထားသော စစ်ဗိုလ်ချုပ်များနှင့် ပူးပေါင်းကာ ခွေးကတက်တွင် နေရနေရ အရာဝင်လိုသော ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ အမြဲရှိနေခြင်းသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုအဖြစ် ထည့်သွင်းသုံးသပ်မှသာ မှန်ကန်ပေလိမ့်မည်။

တစ်ချိန်က မြန်မာ့နိုင်ငံရေးလောကတွင် “ဝိဓူရ သခင်ချစ်မောင်” ဟု အမည်တွင်သော လက်ဝဲနိုင်ငံရေးသမားကြီးတစ်ဦး ရှိခဲ့ဖူးသည်။ နှယ်နှယ်ရရမဟုတ်သည့် ထိုပုဂ္ဂိုလ်ကြီးသည် အင်္ဂလိပ်ကိုလိုနီများကို ဆန့်ကျင် တော်လှန်ခဲ့သော “သခင်မျိုးဟေ့ ဒို့ဗမာ” များထဲမှ “သခင်” ဘွဲ့ရတစ်ဦးလည်း ဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် အာဏာရှင်ဟောင်း နေဝင်းက ဦးနုအစိုးရကို အတင်းအကျပ်ဖိအားပေး၍ အာဏာလွှဲ ပြောင်းရယူခဲ့ခြင်းကို၊ ထိုစဉ်က လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးချစ်မောင်က လွှတ်တော်ထဲတွင် ဝိဓူရ ဇာတ်ထုတ်ခင်းကာ ကန့်ကွက်ခဲ့သည်။ ထို့ကြောင့် နောင်တွင်  “ဝိဓူရ သခင်ချစ်မောင်” ဟု လူသိများ ထင်ရှားခဲ့ခြင်း ဖြစ်သည်။

သို့သော် ၁၉၅၈ ခုနှစ် စစ်တပ်၏ နိုင်ငံတော်အာဏာရယူမှုကို ဆန့်ကျင်ခဲ့ဖူးသော ဝိဓူရ သခင်ချစ်မောင်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီစနစ်ကို ဖြိုဖျက်၍ ဆိုရှယ်လစ်စနစ်သစ် တည်ဆောက် မည်ဆိုရာတွင် “ခွေးကတက်မှာ နေရနေရ” ဟု ပြောကာ အာဏာရှင်ဟောင်း နေဝင်းထံ အပြေးအလွှား ခစား၍ နိုင်ငံရေးတစ်နေရာ ရယူရန် ကြိုးပမ်းခဲ့သည်။ ထိုကြောင့် “ခွေးကတက် ချစ်မောင်” ဟုပင် အမည်တွင်ခဲ့ပြန်သည်။

အာဏာရှင်ဟောင်း နေဝင်းသည် ခွေးကတက် ချစ်မောင်ကို ကောင်းစွာ အသုံးချခဲ့သော်လည်း နိုင်ငံရေးအရ အရေးပါသော ရာထူးမျိုးကို မည်သည့်အခါမျှ မပေးခဲ့ပါ။ နိုင်ငံရေးသမားများကို  စစ်ဗိုလ်ချုပ်များ၏ ခြေဖဝါးအောက် ချနင်းအသုံးချသည့် အစဉ်အလာကို နေဝင်းက စတင်ကျင့်သုံးခဲ့သည်မှာ ယနေ့ အထိ ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ထောက်ခံအားပေးခဲ့သော နိုင်ငံရေးသမားအချို့ကို မင်းအောင်လှိုင်သည် ကာလတစ်ခု အသုံးချခဲ့ပြီးနောက် ယခုအခါ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ သို့သော် စစ်ဗိုလ်ချုပ်များကို မျက်နှာချိုသွေးမည့် နိုင်ငံရေးသမားများက တန်းစီ၍ ရှိနေဆဲဖြစ်သည်။

မကြာသေးခင်က အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်ပြုလုပ်ခဲ့သော အမည်ခံ “ငြိမ်းချမ်းရေးဖိုရမ်” သို့ တက်ရောက်ခဲ့ကြသည့် အရပ်သားနိုင်ငံရေးသမားများ၏ နှုတ်ထွက်ပြောဆိုချက်များကို နားထောင်မိသောအခါ “ခေတ်သစ် ခွေးကတက် နိုင်ငံရေးသမားများ” အများအပြားကို တွေ့ခဲ့ရသည်။

ထိုသို့ပြောလျှင် မလွန်အံ့ထင်။ အကြောင်းမှာ ထိုနိုင်ငံရေးသမားများသည် ပြည်သူလူထု ထောက်ခံမှု ကင်းမဲ့နေခြင်း၊ လူထုက လေးစားစံပြုထိုက်သော နိုင်ငံရေးဂုဏ်သိက္ခာ၊ နိုင်ငံရေးအယူဝါဒ၊ နိုင်ငံရေးစံနှုန်းများ ချွတ်ခြုံကျနေသော၊ နိုင်ငံရေးဒေဝါလီခံထားရသောသူများ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် စစ်ကောင်စီနှင့်မှ မပူးပေါင်းလျှင် နိုင်ငံရေးလုပ်စရာ နေရာတစ်ခု မရှိတော့သည့် အညံ့စား နိုင်ငံရေးသမားများသည် အမည်ခံ ငြိမ်းချမ်းရေးဖိုရမ်သို့ အပြေးအလွှား တက်ရောက်ခဲ့ကြပြီး၊ ခေတ်ပျက်ကြီးထဲ နိုင်ငံရေးတစ်နေရာ ဖျာခင်းခြင်းသာ ဖြစ်ပေသည်။

အဆိုပါ နိုင်ငံရေးသမားတစ်သိုက်သည် မဝေးလှသော တစ်ချိန်က ဒီမိုကရေစီစနစ်ကို ယုံကြည်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒမဲများကို လေးစားတန်ဖိုးထားကြောင်း  ပြောဆိုလာခဲ့ကြသူများ ဖြစ်သည်။ ယခုအခါ ၎င်းတို့၏ ဟန်ဆောင်မျက်နှာဖုံးများ ကွာကျခဲ့ပြီဖြစ်သည်။ စစ်တပ်နှင့် တက်ကြွစွာပူးပေါင်းသော ၎င်းတို့၏ လုပ်ရပ်သည် ရွေးကောက်ခံအရပ်သားအစိုးရထံမှ စစ်တပ်၏ အဓမ္မအာဏာသိမ်းမှုကို တရားဝင်ထောက်ခံခြင်း သို့မဟုတ် “နိုင်ငံရေးခဝါချပေးခြင်း”သာ ဖြစ်သည်။

ပြည်သူကို စစ်ကျွန်ဇာတ်သွင်းသော နိုင်ငံရေးသမားတစ်သိုက်

စစ်တပ်၏ အမည်ခံ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့သော နိုင်ငံရေးသမားများသည် လူထုတစ်ရပ်လုံး စစ်ဖိနပ်အောက်မှ မျိုးဆက်လိုက် မလွတ်မြောက်နိုင်စေရန် စစ်ကျွန်ဇာတ်သွင်းခြင်းကို တက်ကြွစွာ ကူညီနေခြင်းပင် ဖြစ်သည်။ ထိုအချက်ကို အကြောင်းမဲ့ပြောခြင်းမဟုတ်ဘဲ ဆင်ခြင်နိုင်ရန် အထောက်အထားဖြင့် တင်ပြပါမည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံအရပ်သားအစိုးရထံမှ လက်နက်အင်အားသုံး၍ အတင်းအဓမ္မအာဏာသိမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခွင့်ပြုမထားပေ။ ထို့ကြောင့် ၂၀၀၈ ခြေ/ဥကို ဖောက်ဖျက်ခဲ့သော မင်းအောင်လှိုင်ကို ကုလသမဂ္ဂနှင့် အာဆီယံအသင်းကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက ယနေ့အချိန်အထိ တရားဝင်အသိအမှတ်မပြုခြင်း ဖြစ်သည်။

သို့သော် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းခြင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “အာဏာထိန်းခြင်း” ဖြစ်သည်ဟု လိမ်ညာခဲ့သည်။ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသော အဆိုပါ နိုင်ငံရေးသမားတစ်သိုက်ကလည်း စစ်တပ်လေသံအတိုင်း “အာဏာထိန်းခြင်းပါ” ဟု ပြည်တွင်းမီဒီယာများ ရှေ့မှောက်တွင် ဗြောင်လိမ်ညာပြောဆိုနေကြသည့် သက်သေအထောက်အထားများ များစွာရှိနေပြီဖြစ်သည်။

၎င်းတို့ပြောသကဲ့သို့ “အာဏာထိန်းသည်” ဆိုလျှင်ပင် ယင်း၏အဓိပ္ပာယ်မှာ အနာဂတ်တွင်လည်း စစ်တပ်သည် ရွေးကောက်ခံအစိုးရတစ်ရပ်ကို အချိန်မရွေး ဖြုတ်ချပိုင်ခွင့်ရှိသည့် အာဏာကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက တရားဝင်ခွင့်ပြုထားသည်ဟု အဆိုပါ နိုင်ငံရေးသမားများ လက်ခံအတည်ပြုပေးလိုက်ကြ ခြင်းပင် ဖြစ်သည်။

ဤနည်းဖြင့် စစ်တပ်သည် တရားမဝင်သိမ်းယူထားသော နိုင်ငံတော်အာဏာကို တရားဝင်စေရန် “ခဝါချခြင်း” ကို နိုင်ငံရေးသမားတစ်သိုက်က ပူးပေါင်းကူညီနေကြခြင်း ဖြစ်သည်။ ထိုနိုင်ငံရေးသမားများ၏ လုပ်ရပ်ကြောင့် အနာဂတ် မြန်မာ့နိုင်ငံရေးလောကသည် စစ်ဖိနပ်အောက်သို့ ပြားပြားမှောက် ရောက်ရှိသွားပေလိမ့်မည်။ မင်းအောင်လှိုင်အလွန် စစ်ခေါင်းဆောင်သစ်များသည် ထိုအခွင့်အရေးကို လုံးဝလက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။

ယင်းလုပ်ရပ်သည် နိုင်ငံရေးသမားများကိုယ်တိုင် ပြည်သူလူထုကို စစ်ကျွန်ဇာတ်သွင်းခြင်းမှလွဲ၍ အခြားမရှိပြီ။ သို့ဖြစ်ရာ ထိုနိုင်ငံရေးသမားများ ယုံကြည်ခံယူသော နိုင်ငံရေးအယူဝါဒနှင့် နိုင်ငံရေးစံနှုန်းများသည် ဒီမိုကရေစီစံနှုန်းများ မဖြစ်နိုင်တော့ပေ။ ၎င်းတို့နှုတ်ဖျားမှ အလေ့ကျပြောဆိုနေသော ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ဒီမိုကရေစီထွန်းကားရေး စကားလုံးများသည် အလိမ်အညာများသာ ဖြစ်ပေလိမ့်မည်။

ထိုနိုင်ငံရေးသမားတစ်သိုက်သည် ၎င်းတို့၏ တစ်ကိုယ်စာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရရှိရေးအတွက်၊ နိုင်ငံရေးတွင် “ခွေးကတက်က နေရနေရ” အာဏာသိမ်းစစ်ခေါင်းဆောင်၏ စစ်ဖိနပ်ရှေ့ ဒူးထောက်အညံ့ခံကြသော “မူမဲ့” နိုင်ငံရေးသမားများ သို့မဟုတ် နိုင်ငံရေးအယူဝါဒတစ်ခုအပေါ် အခြေမခံဘဲ နိုင်ငံရေးလုပ်ပိုင်ခွင့်ရရှိရေးကိုသာ အလေးထားသော အညံ့စားနိုင်ငံရေးသမားများ ဖြစ်သည်။

ထိုနိုင်ငံရေးသမားများသည် စစ်တပ်က အာဏာသိမ်းခြင်းကို မေးခွန်းမထုတ်၊ မဆန့်ကျင်ရဲကြပါ။ စစ်တပ်က ပြည်သူများကို သတ်ဖြတ်နေခြင်းကို အသံကျယ်ကျယ် မပြောရဲကြဘဲ၊ စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်နေသော ပြည်သူကိုသာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသူများအဖြစ် ပြောဆိုနေကြသည်။ ၎င်းတို့မျက်မှောက်တွင် ဖြစ်ပျက်နေသော သက်ရှိသမိုင်းမှန်များကို ပုံဖျက်ခြင်း၊ စစ်တပ်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို မမြင်လေဟန် ဖုံးကွယ်ပေးခြင်းဖြင့် အားပေးအားမြှောက်ပြုနေသူများအဖြစ် ရောက်ရှိ နေကြပြီ ဖြစ်သည်။

ပြည်သူကို စစ်ကျွန်ဇာတ်သွင်းရန် စစ်တပ်ကို ကူညီနေရုံမျှမက၊ စစ်တပ်၏ သတ်ဖြတ်ရက်စက်မှုမှန်သမျှကို ၎င်းတို့၏ နိုင်ငံရေးဘဝရှင်သန်နိုင်ရေးအတွက် အဂတိတရားကြီးစွာဖြင့် မျက်ကွယ်ပြုထားကြသည်။ ထိုသူတို့ ၏ လုပ်ရပ်သည် ပြည်သူ့အကျိုးအတွက်မဟုတ်ဘဲ၊ ၎င်းတို့၏ အာဏာနိုင်ငံရေးအတွက် လုပ်ကိုင်နေခြင်း ဖြစ်သည်။ နောင်တစ်ချိန် ၎င်းတို့သည် စစ်ဗိုလ်ချုပ်များနှင့်တန်းတူ ခုံရုံးတင် တရားစီရင်ခံထိုက်သူများ ဖြစ်ကြ ပေလိမ့်မည်။

စစ်တပ်နှင့် ပြည်သူအကြား ယုံကြည်မှု ပြိုလဲခြင်းကို မျက်ကွယ်ပြုထားသော နိုင်ငံရေးသမားများ 

ယနေ့ဖြစ်ပေါ်နေသော ပြည်သူများကိုယ်တိုင် ရွေးချယ်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးသည် လွန်ခဲ့သော နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလ ဆယ်စုနှစ် (၂၀၁၀ – ၂၀၂၀) တစ်လျှောက်လုံး မြန်မာပြည်သူများ မျှော်လင့်စောင့်စားခဲ့ကြသော စစ်တပ်၏ နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာပေးရေးအတွက် စစ်ခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များအကြား နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့သည့် စားပွဲဝိုင်းဆွေးနွေးမှုများ ကျဆုံးခြင်း၏ ရလဒ်ပင် ဖြစ်သည်။

အဓိကပြဿနာမှာ စစ်တပ်နှင့် ပြည်သူအကြား ယုံကြည်မှု ပြိုလဲသွားခြင်း ဖြစ်သည်။ ထိုသို့ ယုံကြည်မှု ပြိုလဲသွားခြင်းသည် စစ်ခေါင်းဆောင်များ၏ လက်နက်အားကိုး ဥပဒေမဲ့ အာဏာသိမ်းခြင်းကြောင့် ဖြစ်ပြီး၊ ဤအခြေအနေကို ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသော နိုင်ငံရေးသမားတစ်သိုက်က မျက်ကွယ် ပြုထားကြသည်။

ထို့မျှမက လာမည့်ရွေးကောက်ပွဲတွင် စစ်တပ်လက်ခံနိုင်သော ရလဒ်ထွက်ရန် လိုအပ်သည်ဟုပင် ထိုနိုင်ငံရေး သမားတစ်သိုက်က ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ၎င်းတို့၏ ကြိုတင်သတ်မှတ်ထားချက်ကို ထုတ်ဖော်ပြောဆို လာကြသည်။ ယင်းသည် စစ်ဖိနပ်အောက် နိုင်ငံရေးဒေဝါလီခံထားကြသော နိုင်ငံရေးသမားတစ်သိုက်၏ လားရာပင် ဖြစ်သည်။

စစ်တပ်နှင့် ပြည်သူအကြား ယုံကြည်မှုပြိုလဲခြင်းပြဿနာကို ရှောင်လွှဲခြင်းမရှိဘဲ တည့်တည့်ရင်ဆိုင် ဖြေရှင်းရဲသော နိုင်ငံရေးသတ္တိ အဆိုပါ နိုင်ငံရေးသမားတစ်သိုက်တွင် မရှိကြပေ။ အကြောင်းရင်းမှာ ၎င်းတို့ ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖမ်းဆီးနှိပ်စက်မည့် အန္တရာယ်ကို ရင်မဆိုင်ရဲကြ၍ ဖြစ်သည်။

သို့သော် ၎င်းတို့ရင်ဆိုင်နေရသော အခြေအနေအပေါ် ပြည်သူက အပြစ်မဆိုဘဲ၊ နိုင်ငံရေးအဂတိတရားကင်းစွာ ရိုးသားရန်ကိုသာ မျှော်လင့်ကြသည်။ ထိုနိုင်ငံရေးသမားတစ်သိုက်သည် ၎င်းတို့တွင် စစ်ခေါင်းဆောင်များ အပေါ် ဩဇာလွှမ်းမိုးနိုင်လေဟန်၊ လက်ရှိနိုင်ငံရေးပြဿနာများကိုပင် ဖြေရှင်းနိုင်လေဟန် ဟန်ဆောင်နေခြင်းကို ပြည်သူများ မြင်တွေ့နေရသည်မှာ လွန်စွာ စက်ဆုတ်ရွံရှာဖွယ် ကောင်းလှပေသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် စစ်ခေါင်းဆောင်၏ တရားမဝင်အာဏာ ခဝါချပွဲကို ပူးပေါင်းကူညီခဲ့ကြသော နိုင်ငံရေးသမားတစ်သိုက်သည် မည်သည့်အခါမျှ ပြည်သူတို့၏ နှလုံးသားနှင့် ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပါ။ ထိုနိုင်ငံရေးသမားတစ်သိုက်ကြောင့် မြန်မာ့နိုင်ငံရေးလောက စစ်ဖိနပ်အောက် ရောက်ရှိသွားခြင်းသာ အဖတ်တင်ကျန်ရစ်ပေတော့မည်။ နွေဦးတော်လှန်ရေး အောင်မြင်မှသာလျှင် စစ်ဖိနပ်အောက်မှ လွတ်မြောက်နိုင်မည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာ ဗုံးကြဲခံရပြီးနောက် အပျက်အစီးများ။ (ဓာတ်ပုံ- One Nation News)




Related Articles

Back to top button