မြန်မာနိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထ စစ်စခန်းကို စစ်ကောင်စီက သက်ရှိစည်းရိုးဟု အမည်ပေးထားပြီး ကာကင်းနှစ်ခုဖြင့် ကာရံထားသော်လည်း ဇူလိုင်လ ၁၂ ရက်တွင် ထိုစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။
ဥကရစ်ထ စခန်းသည် မြဝတီမြို့တောင်ဘက် မိုင် ၃၀ အကွာ ဥကရစ်ထရွာတွင် တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ် အနောက်ဘက် ကိုက် ၁၇၀ အကွာတွင်တည်ရှိသည့် စခန်းဖြစ်သည်။ ထိုစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက အင်အား ၃၀၀ ကျော်ဖြင့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်မှစတင်ကာ စခန်း၏ အနောက်ဘက်နှင့် တောင်ဘက်တို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ထိုသို့တော်လှန်ရေးတပ်များ၏ မအောင်မြင်ခဲ့သော တိုက်ခိုက်မှုကို စစ်ကောင်စီကပုံဖော်ကာ သက်ရှိစည်းရိုးအမည်ဖြင့် ဝါဒဖြန့် ရုပ်ရှင်ကားကို ၇၉ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည်ဆိုကာ ပြီးခဲ့သည့်နှစ်တွင် ဝါဒဖြန့်ပြသခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်များ၏ ပထမအကြိမ်ထိုးစစ်ကိုခံလိုက်ရသည့် စစ်ကောင်စီတပ်သားများသည် ယခုနှစ်တွင် ပင်မစခန်းကုန်းကို ကာကင်းနှစ်ခုဖြင့် ထပ်တိုးကာရံထားပြီး လုံခြုံရေးအဆင့်မြှင့်ခဲ့ထားခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်သည့် မြေပြင် သတင်းရင်းမြစ်အချို့ထံမှသိရသည်။ ထပ်တိုးလာသော ကာကင်းစခန်း ၂ ခုသည် ဥကရစ်ထ ပင်မစခန်း၏ အနောက်ဘက်နှင့် တောင်ဘက်တွင် တည်ရှိကြောင်း Google Earth ဆော့ဖ်ဝဲမှ တစ်ဆင့် မြင်ရသည်။
ဥကရစ်ထရွာသည် မြဝတီတောင်ဘက် လေးကေကော်ဒေသနှင့် မြဝတီမြို့၏ အရှေ့တောင်ဘက် ဝေါ်လေဒေသကို ဆက်သွယ်ထားသည့် ကားလမ်းကြောင်းပေါ်တွင် တည်ရှိသည်။ အဆိုပါရွာတွင် စစ်ကောင်စီ၏ အဓိကစစ်စခန်းသည် ရွာမြောက်ဘက် ကားလမ်းမဘေးတွင်တည်ရှိသည်။ စစ်စခန်းကို ရွာလမ်းမနှင့် အပြိုင် မြောက်မှာတောင်သို့ အလျားလိုက်တည်ဆောက်ထားသည်။
ထိုစခန်းတွင် ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် လေယာဉ်ကွင်းငယ်တခုရှိပြီး ရှည်လျားသည့် ဆက်သွယ်ရေးမြောင်းများပါဝင်သော ကတုတ်ကျင်းနှင့် မော်တာလက်နက်ကြီး ပစ်ကျင်းဟု ယူဆရသည့် ကျင်း ၁ ကျင်းရှိကြောင်း Google Earthမှ မြင်ရသည့်ပုံအရတွေ့ရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ရေးသတင်းရင်းမြစ်ကလည်း “ဒီစခန်းကို ပြန်တိုက်မယ်ဆိုရင် အတော်မာမာတိုက်ရမယ်ဆိုတာ သိပါတယ်။ အရင်ကျွန်တော်တို့တိုက်တုန်းကထက် အများကြီး ပြင်ဆင်မှုများတယ်။ ဘန်ကာတွေထူလာတယ်။ သူတို့ရဲ့ ခံစစ်ပြင်ဆင်မှုက တော်တော်လေး ကောင်းလာပါတယ်” ဟု ဆိုသည်။
၂၀၂၅ခုနှစ် ဇွန်လတွင် မြဝတီမြို့တောင်ဘက်ရှိ ဝေါ်လေဗျူဟာနှင့် ထီးသဲလယ် စခန်းများကို KNUနှင့် ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း စစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့နောက် တစ်လအကြာတွင် လုံခြုံရေးအဆင့်မြှင့်ထားသည့် ဥကရစ်ထ စစ်စခန်းကိုပါ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
“မြင်သာအောင် ပြောရရင် ဆန်အိတ်တစ်အိတ်ကို အကြိမ်ကြိမ်ထိုးခွဲတဲ့ အခါ ပွင့်ထွက်သလိုပဲ စစ်ကောင်စီတပ်သားတွေ မခံနိုင်တဲ့အဆုံး ဆုတ်ခွာသွားကြတာပါ” ဟု အမည်မဖော်လိုသူ KNU အဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။
KNU နှင့် ပူးပေါင်းတပ်များသည် စခန်းများကိုဦးစွာ ပိတ်ဆို့၍ ရိက္ခာနှင့် ရေဖြတ်တောက်ပြီးနောက် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ အရာရှိကဆိုသည်။ ဥကရစ်ထစခန်းအတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို စစ်ကောင်စီဘက်က စစ်လေယာဉ်ဖြင့် ကြဲချခဲ့သော်လည်း အများစုသည် စစ်ကောင်စီစခန်းထဲမကျဘဲ တော်လှန်ရေးတပ်များစိုးမိုးထားရာနေရာသို့ ကျရောက်ခဲ့သည်ဟုလည်း သူက ပြောသည်။
ဥကရစ်ထစခန်းနှင့် ဝေါလေအား စစ်ဆင်သည့် KNU နှင့် ပူးပေါင်းတပ်များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအများစုသည် အောင်မြင်ပြီး စစ်ကောင်စီစစ်စခန်းမှ ပစ်မှတ်များကို တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများနှင့် ကရင်နီ (ကယား) ပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အဆင့်မြင့်ဒရုန်းများ အသုံးပြုသော်လည်း ကရင်ပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီဘက်က အဆင့်မြင့်ဒရုန်းအသုံးပြုသည်ကို မတွေ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
ဥကရစ်ထစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့အား KNU နှင့် ပူးပေါင်းတပ်များက အရှင်ဖမ်းမိသလို စိန်ပြောင်း ၃ လက်နှင့် ချေမှုန်းရေးရိုင်ဖယ်အများအပြား သိမ်းမိကြောင်း KNU ဗဟိုက ထုတ်ပြန်သည့် ဓာတ်ပုံများအရသိရသည်။
ထိုးစစ်တွင် KNU ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် PDF တပ်များ ပါကြောင်း KNU ဗဟို၏ ဇူလိုင် ၁၃ ရက် ထုတ်ပြန်ချက်အရသိရသည်။
ဥကရစ်ထ စခန်းကို ရလိုက်သဖြင့် မြဝတီတောင်ဘက်တစ်ကြောတွင် KNU နှင့် PDF များအတွက် ရိက္ခာ နှင့် ဆေးဝါးအပါအဝင် ထောက်ပို့လမ်းကြောင်းများ ပွင့်သွားကြောင်း မြေပြင်သတင်းရင်းမြစ်များကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်များ၏ ထိုးစစ်ကို တောင့်မခံနိုင်ဘဲ ထိုင်းနိုင်ငံဘက် ဆုတ်ခွာထွက်ပြေးသွားသဖြင့် စခန်းကုန်း ၃ ခုကို သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထိုင်းနိုင်ငံအခြေစိုက် ထိုင်းသတင်းဌာနအချို့ကလည်း ဥကရစ်ထ စစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်တောင်ဘက်သို့ ထွက်ပြေးလာကြောင်း Facebook လူမှုကွန်ရက်တွင် ရေးသားကြသည်။

ပထမအကြိမ် ထိုးစစ်ကာလဖြစ်သည့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီတပ်က စစ်ကူပို့ခဲ့သည်ဟု သိရသည်။ ထို့ပြင်ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) များသုံးကာ ကရင်မဟာမိတ်တပ်များကို တန်ပြန်တိုက်ခဲ့သလို တိုက်လေယာဉ်ဖြင့်လည်း တစ်နေ့လျှင် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲကြောင်း တော်လှန်ရေး ပူးပေါင်းတပ်များက ဆိုသည်။ ထို့ကြောင့် တော်လှန်ရေးတပ်များဘက်က ရှေ့တိုးရန် အခွင့်မသာဘဲ နောက်ပြန်ဆုတ်ခဲ့ရသည်။
ဒုတိယအကြိမ်ထိုးစစ်တွင် စစ်ကောင်စီဘက်က မြေပြင် စစ်ကူစေလွှတ်နိုင်ခြင်းမရှိပေ။ အလားတူ စစ်ကောင်စီအတွက် တစ်ချိန်က စစ်ကူပေးခဲ့သည့် BGF ဘက်ကလည်း စစ်ကူပေးမှု မရှိတော့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့က ဆိုသည်။
ပထမအကြိမ် ထိုးစစ်အတွင်း မြဝတီတောင်ဘက်တွင် စစ်ကောင်စီ၏ နယ်စပ်အခြေစိုက် စစ်စခန်းအများစု ကျန်ရှိနေသော်လည်း ဒုတိယအကြိမ် ထိုးစစ်ကာလတွင် စစ်ကောင်စီ၏ နယ်စပ်စစ်စခန်းအများစုသည် KNU နှင့် PDF များ၏ သိမ်းပိုက်ထိန်းချုပ်ခံထားရပြီဖြစ်သည်။
မြဝတီတောင်ဘက်တွင် စစ်ကောင်စီ၏ ဥကရစ်ထ ၊ ထီးသဲလယ်နှင့် ဝေါ်လေမြို့အနီးရှိ ဝေါ်လေဗျူဟာစစ်စခန်းသာ တိုက်ရန် ကျန်တော့ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇွန်လ ၂၃ ရက်တွင် Myanmar Now ကို ပြောဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်တွင် ဝေါ်လေဗျူဟာရှိ စစ်ကောင်စီ၏ လက်နက်တိုက်ကို KNU တပ်မဟာ ၆ ဒရုန်းအဖွဲ့နှင့် Fight For Federal Democracy (FFD) ဒရုန်းအဖွဲ့တို့က ဒရုန်းဖြင့်တိုက်ခိုက်ထားသည်။ ထို့ကြောင့် ဝေါ်လေဗျူဟာကိုလည်း မကြာမီသိမ်းယူနိုင်မည်ဟု တော်လှန်ရေးတပ်များက ယုံကြည်နေသည်။
မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “အခုက နယ်စပ်တကျောလုံးက စကစ စခန်းတွေ တုံးကုန်ပြီဆိုတော့ မရှိလောက်တော့ဘူး သူတို့ဘက်က ခံစစ်ပဲရှိတော့တယ်။ ဝေါ်လေ တစ်ခုပဲကျန်တယ် ဝေါ်လေလည်း ကျွန်တော်တို့ တီးထုတ်နိုင်မယ်လို့ယုံကြည်တယ်” ဟု ပြောသည်။



