မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ပိုးဇာနွယ်ကျေးရွာကို စစ်ကောင်စီလေတပ်က ယမန်နေ့ (ဇူလိုင် ၁၄ ) ညနေတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ငါးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ များထံက သိရသည်။
ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် မန္တလေး- မိုးကုတ်ကားလမ်းဘေး ကျောက်လှည်းဘီးရွာ အုပ်စုမှ ပိုးဇာနွယ်ကျေးရွာအတွင်းသို့ တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းအနီး နေအိမ်များပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်ဟွမ်မဆီးနှင့် ၎င်း၏အသက် ၁၄ နှစ်မှ ၁ နှစ်အရွယ်ကြား သားသမီး သုံးဦး၊ ထိုအိမ်သို့ အလည်အပတ်ရောက်ရှိနေသော နောက်ထပ် ကလေး နှစ်ဦးတို့ သေဆုံးခဲ့သည်။
“ဒီအမျိုးသမီးရဲ့ နို့စို့အရွယ်ကလေးလေးရော၊ သူ့အိမ်ကို အလည်ရောက်နေတဲ့ကလေးနှစ်ယောက်ရော သေဆုံးသွားရတယ်၊ ဗုံးက သူတို့အိမ်နားကပ်ကျသွားတာ”ဟု ဖြစ်စဉ်ကိုသိသည့် ပိုးဇာနွယ်ရွာအနီး နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။
ဗုံးကြဲခံရသည့်ကျေးရွာသည် လီဆူတိုင်းရင်းသားအများစုနေထိုင်သည့် တော်ပေါ်ဒေသတစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ရွာတစ်ရွာဖြစ်သည်။
“ ၁၀၂၇ စစ်ဆင်ရေး” ကာလများနှင့် မိုးကုတ်မြို့သိမ်း တိုက်ပွဲကာလများတွင် တော်လှန်ရေး ပူးပေါင်း တပ်များက ပိုးဇာနွယ်ကျေးရွာအပါအဝင်း ယင်းဒေသအနီးတဝိုက်တွင် ခြေကုပ်ရယူပြီး စစ်ကောင်စီ ၏ စစ်ကူလမ်းကြောင်းများဖြတ်တောက်ခဲ့ရာဒေသလည်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များထံက သိရသည်။
“ကျွန်တော်တို့ရဲ့ တပ်ရင်းတစ်ခုက ရဲဘော်အများစုနေခဲ့တဲ့ရွာလည်းဖြစ်၊ ဖြတ်တောက်ရေးဝင်ခဲ့တဲ့မြို့ လည်း ဖြစ်တာကြောင့် ပစ်မှတ်ထားခံရတယ်လို့ ယူဆပါတယ်”ဟု အဆိုပါဒေသတွင် စစ်ရေးများတွင် ပါဝင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အမှတ် (၂၂၂) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါကျေးရွာအတွင်း PLA တပ်များနေထိုင်ခြင်းမရှိတော့သော်လည်း မဟာမိတ် တပ်တချို့ လှုပ်ရှားသွားလာမှုများရှိနေသေးသော်လည်း တော်လှန်ရေးတပ်များဘက်မှ ထိခိုက်မှု မရှိ ကြောင်းသိရသည်။

သပိတ်ကျင်းမြို့ပေါ်နှင့်မြို့နယ်၏ နေရာအများစုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ က သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း လက်ကျန် တပ် ၃ တပ် ကျန်ခဲ့သဖြင့် စစ်တပ်က လေကြောင်း မှ လူ၊ ရိက္ခာများဖြည့်တင်းခဲ့သဖြင့် တိုက်ပွဲများဆက်ဖြစ်နေသည်။
လက်ကျန်တစ်တပ်ဖြစ်သော ၇ မိုင် အခြေခံလေ့ကျင့်ရေးတပ်အတွင်းမှ စစ်ကောင်စီတပ်များက ပြီးခဲ့ ဇွန် ၆ ရက်နေ့မှ စပြီးသပိတ်ကျင်းမြို့ဘက်သို့ စတင်ထိုးစစ်ဆင်နေခဲ့ပြီး တိုက်ပွဲများနေ့စဉ် ပြင်းထန် နေသည်။
စစ်ကောင်စီ၏ ထိုးစစ်များက ယမန့်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၁) စစ်ဒေသ ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့အနီး ၄ မိုင်ကျေးရွာအထိ ရောက်ရှိလာပြီး ၄ မိုင်ကျေးရွာအတွင်း မှ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၂ ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ် လိပ်ကျရွာ ဗုံးကြဲခံရပြီး ၁၆ နှစ် အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရကာ နေအိမ် ခြောက်လုံး ပျက်စီးခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။
မန္တလေး-မိုးကုတ်ကားလမ်းမပေါ်တွင် ရွှေလုပ်ငန်းဖြင့် အသက်မွေးသူများ နေထိုင်ကြသည့် လိပ်ကျရွာ ကို စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းမှ တိုက်ခိုက်နေ၍ သေဆုံး ဒဏ်ရာရသူ ဆယ်နှင့်ချီရှိ သည်။
ယင်းညမှာပင်သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ ပြီး အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် လေးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်များတွင် ရွှေတူးဖော်ရေး လုပ်ငန်းကို အများဆုံး လုပ်ကိုင်အသက်မွေးကြသည်။
မြောက်ပိုင်းမဟာမိတ်တပ်များနှင့်တော်လှန်ရေးတပ်များ၏ ထိုးစစ်များကြောင့် နယ်မြေအများစုကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် မြေပြင်ထိုးစစ်၊ လေကြောင်းပစ်ကူဖြင့် နယ်မြေများ ပြန်ရ နိုင်ရေး ကြိုးပမ်းနေသည်။
ယမန်နေ့တစ်နေ့တည်းမှာပင် မန္တလေးတိုင်းသာမက စစ်ကိုင်းတိုင်း ကောလင်း၊ ရှမ်းမြောက် သီပေါ၊ ကယား (ကရင်နီ ) ပြည်နယ် ဖားဆောင်းမြို့နယ်တို့အား လေကြောင်းမှ ဗုံးကြဲခဲ့၍ ထိခိုက် သေဆုံး၊ ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။
ဝါဆိုလပြည့်နေ့ (ဇူလိုင် ၉) ကလည်း မကွေးတိုင်းထဲမှ မြိုင်မြို့နယ်၊ ကရင်နီပြည် (ကယားပြည်နယ်) ထဲမှ မော်ချီးဒေသ၊ မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၂ နှစ် မှ ၁၂ နှစ် အတွင်းရှိ ကလေးငါးဦးအပါအဝင် အနည်းဆုံးအရပ်သား ကိုးဦးသေဆုံးခဲ့ပြီး ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဇွန်လအတွင်း စာရင်းများအရ မန္တလေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် ၅၅ ကြိမ်အထိ တိုက်ခိုက်ခံရ ကြောင်း သိရသည်။




