ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နှင့် ကယား (ကရင်နီ)ပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသအား စစ်ကောင်စီတပ်က ယမန်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အနည်းဆုံး ၈ ဦး သေဆုံးသည်ဟု ဒေသခံများထံက သိရသည်။
ကယား (ကရင်နီ) ပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသသတ္တုတွင်းရပ်ကွက်အား ယမန်နေ့ (ဇူလိုင် ၁၄) မွန်းလွန်၂ နာရီအချိန်တွင် လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ အမျိုးသမီးများအပါအဝင် ခြောက်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
“အမျိုးသမီး ငါးဦးတော့ ပွဲချင်းပြီးပါပြီ။ အမျိုးသားတစ်ဦးကတော့ လမ်းမှာ သွားရင်း သေသွားပါတယ်” ဟု ကိုဗညားက ဆိုသည်။
ထို့ပြင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း နှစ်ဦး ဒဏ်ရာရခဲ့ပြီး သတ္တုတွင်းလုပ်သားတို့၏ နေအိမ်များ ပျက်စီးခဲ့သည်ဟု ဆိုသည်။
ယခုလ ဇူလိုင် ၉ ရက်နေ့ ည ၇ နာရီခန့်တွင် ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုလော်ထီးကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲ ချခဲ့စဉ်ကလည်း အသက် ၃ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံး ပြီး သုံးဦး ဒဏ်ရာရခဲ့သည်။
မော်ချီးသတ္တုတွင်းသည် စည်သွပ်ဘူးမှစ၍ ဒုံးကျည်အထိ စစ်ဘက်နှင့် အရပ်ဘက်သုံး ပစ္စည်းများတွင် အသုံးဝင်သည့် ခဲမဖြူနှင့် အဖြိုက်နက်သတ္တုများ ထွက်ရှိသည့်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်က အဆိုပါ နေရာကို မကြာခဏ ပစ်မှတ်ထား၍ တိုက်ခိုက်နေသည်။
အလားတူ ဇွန် ၂၅ ရက်နေ့ နံနက်တွင် မော်ချီးဒေသ ဗုံးကြဲခဲ့စဉ်ကလည်း သတ္တုတူးဖော်ရေး အလုပ်သမား ခုနစ်ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်။
မော်ချီးဒေသကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ဟာမိတ်တပ်များက ထိန်းချုပ် ထားရာ စစ်ကောင်စီတပ်က ၂၀၂၄ ဧပြီမှ ဇွန်အထိ ငါးကြိမ်၊ ၂၀၂၅ ခုနှစ်တွင် လေးကြိမ် လေကြောင်းမှ ဗုံးကြဲတို က်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများတွင် သတ္တုလုပ်သားများအပါအဝင် အရပ်သား ၂၀ ဦး ထက်မနည်း သေဆုံးခဲ့သည်။
အဖိုးတန် ခဲမဖြူနှင့် အဖြိုက်သတ္တုများ ထွက်ရှိနေဆဲ မော်ချီးသတ္တုတွင်းကို ကယားပြည်နယ်သတ္တု ထုတ်လုပ်ရေးကုမ္ပဏီ (KMPC) အမည်ဖြင့် စစ်တပ်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၂၀၀၂ ခုနှစ် မှစ၍ ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးခြင်းဖြင့်၂၀၂၄ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရရှိထားသည်။
၂၀၂၄ ဇန်နဝါရီတွင် ကရင်နီပူးပေါင်းတပ်များက မော်ချီးသတ္တုတွင်းအပါအဝင် မော်ချီးမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းမှစ၍ စစ်ကောင်စီလေတပ်က ပစ်မှတ်ထားတိုက်ခိုက်နေသော နေရာဖြစ်လာသည်။
ယနေ့ (ဇူလိုင် ၁၅) နံနက် ၁ နာရီကလည်း မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သောကြောင့် လူ ငါးဦး ဒဏ်ရာရကာ နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း ဒေသအခြေစိုက် ကန္တာရဝတီတိုင်း(မ်) မီဒီယာတွင် ဖော်ပြထားသည်။
ရှမ်းမြောက် သီပေါမြို့ ထပ်ဗုံးကြဲခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ရာ သီပေါမြို့လယ်ခေါင်ကို စစ်ကောင်စီတပ်က ယမန်နေ့ ညနေတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။“သီပေါမြို့လယ်က နန်းဒေဝီ လက်ဖက်ရည်ဆိုင်နားကို ဗုံးကြဲသွားတာပါ။ တစ်ဦး သေဆုံးပြီး ထိခိုက်မှု တွေလည်း ရှိပါတယ်။ နောက်ဆက်တွဲ အခြေအနေကို ကျွန်မတို့ ဆက်ပြီး စုံစမ်းနေပါတယ်” ဟု လွေးယေဦးက ယမန်နေ့ကဆိုသည်။

သီပေါမြို့ Tai House ဟိုတယ်နှင့် လမ်းမ ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ လမ်းဘေးဖုန်းဆိုင်မှ တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့သည်၊ ငါးဦး ဒဏ်ရာရသည်ဟု ဒေသခံများနှင့် TNLA ၏ နောက်ဆက်တွဲ ထုတ်ပြန်ချက်အရ သိရသည်။
နောင်ချိုမြို့အား အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် TNLA ထိန်းချုပ်ရာ ကျောက်မဲ၊ သီပေါ မိုးကုတ်နှင့် နောင်ချိုမြို့များအား လေကြောင်းမှ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေ၍ အရပ်သားများ နေ့စဉ်နီးပါ ထိခိုက်သေဆုံးနေရသည်။
စစ်ကောင်စီတပ်သည် ဇွန်၂၉ ရက်နေ့မှ ဇူလိုင် ၁၄ ရက်နေ့ နံနက်အထိ လေကြောင်းဖြင့် ကျောက်မဲမြို့ တွင် (၆)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ သီပေါမြို့တွင် (၂)ကြိမ်၊ မန္တလေး တိုင်း မိုးကုတ်မြို့တွင် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ ထိုတိုက်ခိုက်မှုများအတွင်း ကလေးအပါအဝင် ကိုးဦး သေဆုံးခဲ့ပြီး ကလေး လေးဦးနှင့် လူ ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆၃ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း လေးကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်သည် “၁၀၂၇” စစ်ဆင်ရေးအတွက် လက်လွှတ်လိုက်ရသောနယ်မြေများအနက် ၎င်းတို့ နှင့် အပစ်ရပ်ရန်သဘောတူညီမှု မရသေးသည့် TNLA ထိန်းချုပ်နယ်မြေများကို ယမန်နှစ်က တည်းက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်။
အဆိုပါဒေသ နေထိုင်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင် ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က တိုက်တွန်းထားသည်။
လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်နေသည့် စစ်ကောင်စီက ယမန်နေ့တစ်ရက်တည်းမှာပင် မန္တလေးတိုင်း သပိတ်ကျင်း၊ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။




