သတင်း

မန္တလေးနှင့်ပြင်ဦးလွင်တွင် အိမ်ငှားခများ နှစ်ဆကျော်မြင့်တက်

စစ်ဒဏ်၊ ငလျင်ဒဏ်သင့်သူများ ပြောင်းရွှေ့နေထိုင်ရာ မြို့များတွင် နေအိမ်ငှားလိုသူ များပြားနေခြင်း ကြောင့် ဈေးကစားသူများ၊ ပေါက်ဈေးထက် နှစ်ဆ စစ်ရှောင်များအပါအဝင် ဒေသခံတို့နေထိုင်ရေး အခက်ကြုံနေရသည်။

ငလျင်ဘေးဒဏ်နှင့် စစ်ဘေးဒဏ်ကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ခိုလှုံသူ များပြားသည့် မန္တလေးတိုင်း၊ မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့တို့တွင် နေအိမ်ငှားရမ်းခများ နှစ်ဆကျော်ဈေးမြင့်တက်နေ သောကြောင့် နေထိုင်ရေး ခက်ခဲနေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ မတ်၂၈ ရက်နေ့က ပေါ်ပေါက်ခဲ့သည့်   အင်အား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ကြောင့် မန္တလေးတွင် အပျက်အစီး များပြားခြင်းတို့ကြောင့်  ပြင်ဦးလွင်မြို့သို့ တိမ်းရှောင် ခဲ့ကြသည်။ တချို့ကလည်း မန္တလေးမြို့တွင် ငလျင်ကင်းလွတ်ခဲ့သည့်နေရာသို့ ပြောင်းရွှေ့နေထိုင်နေကြ သည်။

မိုးကျသောရာသီဖြစ်သည့် ယခုလများအတွင်း ထိုသို့ စျေးအပြောင်းအလဲ ဖြစ်သွားသည်၊  ငှားရမ်းနေထိုင်လိုသူ လွန်စွာ များပြားနေသည်ဟု မန္တလေးမြို့မှ အိမ်ခြံမြေအကျိုးဆောင် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“တိုက်တွေ၊အိမ်တွေ ပြိုကျပျက်စီးတာကြောင့်လည်း ပါမယ်။ အထပ်မြင့်တွေလူတွေက မနေရဲကြတော့ ရပ်ကွက်တွေထဲက အတန်သင့် အငှားနေအိမ်တွေကိုတောင် အပြိုင်အဆိုင် ငှားလိုမှုနဲ့ ဈေးတွေပြိုင်ကုန်တာ”ဟု သူက ဆိုသည်။

“တချို့ကျလည်း အိမ်တွေပြန်ဆောက်၊ တိုက်တွေဖြို၊ ပြုပြင်ရေးတွေလုပ်နေကြတော့ ယာယီအငှားအိမ် တွေကို ဈေးအဆမတန်ပေးပြီး ငှားနေကြရတယ်” 

မန္တလေးမြို့၊ ဆင်ခြေဖုံးရပ်ကွက်ရှိ ထရံကာတစ်ထပ်အိမ် တစ်လုံးလျှင်   ယခင်က ငှားရမ်းခ ကျပ်နှစ်သိန်းမှ သုံးသိန်းခွဲကြားဝန်းကျင်ရှိရာမှ ယခုအခါ လေးသိန်းမှ ခုနစ်သိန်းအထိ ပေါက်ဈေးရှိနေကြောင်း၊ မြို့ပေါ် လမ်းမကြီးမျက်နှာစာ နေရာကောင်းနှစ်ထပ်တိုက်တစ်လုံးလျှင် ၁၀ သိန်းမှ ၁၅ သိန်းနှင့် အဆောက် အအုံပေါ်မူတည်၍ သိန်းဆယ်ချီဂဏန်းရှိနေကြောင်း ထိုအမျိုးသမီးက ဆိုသည်။

နေအိမ်တစ်လုံးငှားရမ်းလျှင် အနည်းဆုံး ခြောက်လ၊ တစ်နှစ်စာ ငွေကြိုတင်ပေးကာ ငှားရမ်းစာချုပ်ဖြင့် နေထိုင်ရသည့်အတွက် အိမ်ငှားခအဆမတန်မြင့်တက်လာရာ ပိုမိုဝန်ပိရသည်ဟု မဟာအောင်မြေမြို့နယ်တွင် အိမ်ငှား နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

“စားရေးထက် နေရေးကို ပိုပူပန်နေရတာပေါ့ဗျာ။  တစ်ခါအိမ်လခတင်ရရင် သိန်းဆယ်ချီပေးနေရတော့ ကိုယ့်မိသားစုဝင်ငွေနဲ့ချိန်ပြီး အခက်အခဲတွေဖြစ်ကြတာပေါ့။ အိမ်လခနီးလာရင် ဟိုရချေးရ၊ ဒီက ချေးရ ၊ အိမ်ရှင်က မထားတော့မှာ ပူပန်ရနဲ့”ဟု အသက် ၄၀ အရွယ် ယင်းအမျိုးသားက ဆက်ပြောသည်။

မန္တလေးမြို့သို့ လာရောက်ခိုလှုံနေထိုင်နေသည့်  မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကလည်း အိမ်ငှားရမ်းခ မတတ်နိုင်တော့၍  နေရာပြောင်းရွှေ့ရန်စီစဉ်နေရသည်ဟု ပြောပြသည်။

“စစ်ရှောင်တွေကူညီတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ နေထိုင်လို့ရမလားဆိုပြီး ကျောင်းထိုင် ဘုန်းကြီးကို လျှောက်ထားတာလည်းရှိတယ်။ အဆင်မပြေရင်တော့ ကျူးကျော်ရပ်ကွက်လိုဟာမျိုး လချင်းပေးလို့ ရနိုင်တာမျိုး ရှာရမှာပေါ့”ဟု မတ္တရာစစ်ရှောင်အမျိုးသမီးက ဆိုသည်။

ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများသည် စားရေးသောက်ရေး ခက်ခဲသလို နေထိုင် ရေးကပိုမိုခက်ခဲကြောင်း အဆိုပါ အမျိုးသမီးကပြောပြသည်။

“စားတာက နောက်ဆုံးကုန်ကုန်ပြောရရင် မသေရုံ ဆန်ပြုတ်သောက်နေလို့ရတယ်။ နေစရာက ကြုံသလို ဖြေရှင်းလို့မရဘူးလေ” ဟု သူက ဆက်ပြောသည်။

“အစ်မတို့ဆို စစ်ဘေးကြုံရ၊ ငလျင်ဘေးကြုံရ၊ ဘေးပေါင်းများစွာကြုံနေရတာ”

ငလျင်ဒဏ်သင့် အမျိုးသမီးတစ်ဦး  ယာယီရွက်ဖျင်တဲတစ်ခုတွင် နေထိုင်နေသည်ကို ၂၀၂၅ ခုနှစ် မေလ နောက်ဆုံးပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ – ကံကောင်း)

မြေငလျင်ဒဏ်ကြောင့် မန္တလေးမြို့ခံအများအပြားသည် ဧပြီလမှ စတင်၍ နီးစပ်ရာ ပြင်ဦးလွင်မြို့သို့ ယာယီ ခိုလှုံကြရာ တည်းခိုဆောင်၊ ဟိုတယ်များ အခန်းမရကြသည့်အတွက် လုံးချင်း အငှားအိမ်များကို အားကိုးကြသည်။ ထို့အတွက် ပြင်ဦးလွင်မှ နေအိမ်အငှားဈေး ကြီးမြင့်လာသည်။

ပြင်ဦးလွင်မြို့နယ် သုံံးတောင်ရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း အိမ်ပိုင်ရှင်တို့က ပေါက်ဈေးထက်ပိုကာ  တောင်းခံနေသည်ဟု ပြောသည်။

“ပြင်ဦးလွင်အိမ်တွေက များသောအားဖြင့် ခရိုနီတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေ၊ သူဌေးတွေပေါ့။ သူတို့ က ငွေပိုရင် မြေဝယ်ထားကြပြီး အိမ်ဆောက်ပြီး ငှားစားကြတယ်။ ခုလိုကာလကြီးမှာတောင် ဝိသမ လောဘတွေနဲ့ဈေးကစားကြတယ်”ဟု သုံံးတောင်ရွာမှ အမျိုးသားက ဆိုသည်။

“ပြင်ဦးလွင်မှာက ပိုဆိုးတယ်။ ငလျင်ကြောင့် မန္တလေးကလူတွေက အရေးပေါ်ဆိုပြီး လာငှားကြတယ် ။ အိမ်ရှင်တွေက မပေါက်တဲ့ဈေးတွေနဲ့ရိုက်စားလုပ်ကြတယ်။ တစ်ခန်းတည်းရှိတဲ့အိမ်ကိုလည်း ငါးသိန်း တစ်နှစ်ချုပ်ပါတို့ လုပ်နေကြတယ်ဗျာ။ ဒီနိုင်ငံက ဒီစိတ်ဓာတ်တွေနဲ့ မလွယ်ပါဘူး”

ပြင်ဦးလွင်မြို့ခံများလည်း အိမ်ငှားစျေး ကမောက်ကမဖြစ်မှုဒဏ် ခံနေရသည်ဟု ထိုသူက ဆိုသည်။ 

“ငလျင်ဖြစ်သူတွေရောက်လာတော့ ကျွန်တော်တို့နယ်ခံတွေက ဒုက္ခရောက်တယ်ဗျ။ သူတို့က သူဌေးတွေလည်း ပါတယ်။ ပေါက်ဈေးမဟုတ်တဲ့ဈေးတွေနဲ့ငှားကြ။ အိမ်ရှင်တွေက ဟိုအိမ်ကတော့ ငါးသိန်းရသွားတယ်၊ ဒီအိမ်ကတော့ ခုနစ်သိန်းနဲ့ဆိုပြီး အပြိုင်တွေလိုက်ကုန်ကြတာ”

ပြီးခဲ့ သည့်၂၀၂၃ မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်လာသူများသည် မြန်မာပြည်အလယ်ပိုင်းမြို့တော် မန္တလေးနှင့် စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့တို့တွင်  အလုံးအရင်းဖြင့် ဝင်ရောက်ခိုလှုံလာကြခြင်းဖြစ်သည်။

စစ်မက်ဖြစ်ပွားနေသည့် ရှမ်းမြောက်၊ စစ်ကိုင်း၊ မတ္တရာကဲ့သို့သော မြို့များနှင့် နာရီအနည်းငယ်ခရီးအကွာ အဝေးသာရှိသည့် မန္တလေး၊ ပြင်ဦးလွင်မြို့တို့တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်အများအပြား ရှိနေကြ သည်။ 

အိမ်ငှားရမ်းသူ ၈၀ရာခိုင်နှုန်းမှာ စစ်ဘေးရှောင်လာသူများဖြစ်ကြသည်ဟု အိမ်ခြံမြေလုပ်ကိုင်သူတို့က ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် အိမ်ငှားရမ်းခများ အဆမတန်မြင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတို့အပြင် အဖမ်းအဆီးကြမ်းပြီး လုံခြုံရေးတင်းကြပ်ထားသည့်စစ်ကောင်စီ အုပ်ချုပ်သည့်မြို့များဖြစ်သည့်အတွက် အသက်အန္တရာယ်နှင့်လုံခြုံရေးဆိုင်ရာ အခက်အခဲများကိုလည်း ရင်ဆိုင်နေကြရသည်ဟု ပြောကြသည်။ 

စစ်ကောင်စီ၏ ဇူလိုင် ၁၁ ရက်နေ့အထိ စာရင်းများအရ မတ် ၂၈ ရက်နေ့က ငလျင်ကြောင့် သေဆုံးသူ ၃၇၇၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦး နှင့် ပျောက်ဆုံးသူ ၃၈ ဦးရှိပြီဖြစ်သည်။

စစ်ကောင်စီက ငလျင်ဒဏ်သင့်သူများနှင့်သေဆုံးသူများ ထောက်ပံ့မှုများ ပြုလုပ်ထားသည်ဟု ထုတ်ပြန် နေသော်လည်း မြို့ခံအများစုမှာ ပြန်လည်ထူထောင်ရန် ရုန်းကန်နေကြရဆဲဖြစ်သည်။ 
ငလျင်ကြီး ပေါ်ပေါက်ခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ကျော်လာပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ ငလျင် များ ဆက်လှုပ်နေသေးသလို လူထုက ပြန်လည်ထူထောင်နိုင်ရေး အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ မိသားစု အများအပြား  ယာယီတဲများထဲမှာ ဆက်နေထိုင်နေရဆဲဖြစ်ကာ ရာသီဥတုဒဏ်၊ ရောဂါများ၊ မရေရာသည့် အနာဂတ်ကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ ဇူလိုင် ၁၀ ရက်နေ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ငလျင်ဒဏ်သင့်မိသားစုများမှ လူဦးရေ  ၄၀၀,၀၀၀ ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာနှင့်ငွေသားအထောက်အပံ့များ ဆောင်ရွက်ပေးခဲ့ကြောင်း၊ လူဦးရေ ၁၅၀,၀၀၀ ကို ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး အထောက်အပံ့များ ဆက်လက်ပေးအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

WFP အထောက်အပံ့ရ အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-UN Myanmar) 

Related Articles

Back to top button