သတင်း

နောင်ချိုတစ်မြို့လုံးနီးပါးကို စစ်တပ် ထိန်းချုပ်လိုက်ပြီ

TNLA က တစ်နှစ်ကြာသိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ကာ ပြန်လည်ရယူသွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ ဈေးရပ်ကွက်အပါအဝင် မြို့ပေါ်ဌာနဆိုင်ရာ ရုံးအများစုကို စစ်ကောင်စီတပ်က ယမန်နေ့ (ဇူလိုင် ၁၅) တွင် သိမ်းပိုက်လိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

တောင်းခမ်းရွာမှ နောင်ချိုသို့ စစ်ကြောင်းထိုးလာသည့် တပ်မ ၁၁၊ တပ်မ ၅၅ စစ်ကြောင်းများသည် ဇူလိုင် ၁၃ ရက်နေ့တွင် နောင်ချိုမြို့ တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်များအား သိမ်းပိုက်ပြီး ဇူလိုင် ၁၅ ရက်နေ့တွင် ဈေးရပ်ကွက်နှင့် မြို့ပေါ်နေရာအများစုကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

“တစ်မြို့လုံး သိမ်းလိုက်ပြီလို့ ပြောလို့ ရတယ်။ ဈေးရပ်ကွက်က မြို့လယ်မှာရှိတာဆိုတော့ အဲဒါ သိမ်း လိုက်တော့ အကုန်ရသွားပြီလို့ ပြောလို့ ရပါတယ်” ဟု နောင်ချိုမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များက မြို့မြောက်ဘက်အခြမ်းနေရာများအား ယနေ့ (ဇူလိုင် ၁၆) တွင် ဆက်လက် ထိုးစစ်ဆင်နေသည်ဟု နောင်ချိုမြို့ခံများက ပြောကြသည်။

နောင်ချိုမြို့ပေါ်တွင် တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်၊ ဈေးရပ်ကွက်၊ နားရှိုးရပ်ကွက်၊ ဘူတာရပ်ကွက်၊ သပြေရေးရပ်ကွက် ဟူ၍ ရပ်ကွက်ခြောက်ခုရှိရာ၊ မြို့တောင်ဘက် အချက်အချာကျသည့် ပါဟတ်၊ ဈေး၊ တောင်ရပ်ကွက်နေရာအားလုံးအား စစ်ကောင်စီတပ်က ထိန်းချုပ်သွားနိုင်ခဲ့ပြီဟု  သိရသည်။

“ဘူတာရပ်ကွက်ဆိုတာ ဈေးနဲ့ နီးနီးလေးပဲလေ။ ဆိုင်ကယ်နဲ့ ၁၀ မိနစ်ဆိုရင် ရောက်ပြီ၊ ဆိုတော့ ကျန်တာ တွေလည်း မကြာခင် သိမ်းနိုင်တော့မယ် အခြေအနေပဲ” ဟု နောင်ချိုမြို့ခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများတွင် နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ မြို့မဈေး၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အား ယနေ့တွင် အလုံးစုံထိန်းချုပ်နိုင်ပြီဟု ဖော်ပြထားသည်။

TNLA တပ်ဖွဲ့အား ထောက်ပံ့သည်ဟု သတင်းထွက်နေသူများအားလည်း လိုက်လံဖမ်းဆီးစစ်ဆေးမှုများ လုပ်နေသည်ဟု စစ်တပ်ထောက်ခံသူများက ဝေမျှနေကြသည်။

နောင်ချိုအား စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်သွားနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်း မရှိသေး ပေ။

ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများသည် နောင်ချိုမြို့နှင့် လေးမိုင်အကွာ ကျောက်ကြမ်းရွာအား ဇူလိုင် ၁၃ ရက်နေ့တွင် ထိန်းချုပ်ထားပြီး ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဒေသခံတို့က ဆိုသည်။

ကျောက်ကြမ်းရွာနှင့် တစ်မိုင်အကွာတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ) ၁၁၄ တပ်ရင်းနှင့် ၁၁၅ တပ်ရင်းများရှိပြီး ထိုးစစ်ဆင်လာသည့် စစ်တပ်အား TNLA နှင့် မဟာမိတ်တပ်များက ဆက်လက် ခုခံနေ သည်ဟု မြေမြင် စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တပ်ရင်းနှစ်ခုအား စစ်ကောင်စီတပ်က သိမ်းပိုက်နိုင်လျှင် နောင်ချိုရှိ စစ်ကြောင်းများနှင့် ချိတ် ဆက်နိုင်ကာ နောင်ချို တစ်မြို့နယ်လုံးကို စစ်တပ်က သိမ်းပိုက်သွားနိုင်မည်ဟု မြေပြင် စစ်ရေးအခြေ အနေ သိရှိသူတစ်ဦးက ဆိုသည်။

TNLA ဦးဆောင်သည့် မဟာမိတ်တပ်များသည် ၂၀၂၄ ဇူလိုင် ၁၀ ရက်နေ့တွင် နောင်ချိုမြို့ပေါ်ကို သိမ်း ပိုက်ပြီးနောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ တောင်ခမ်းရွာကို ယင်းနှစ် ဩဂုတ် ၁၀ ရက်နေ့မှ စတင် ကာ ထိုးစစ်ဆင်ခဲ့သည်။

ကိုးကန့် MNDAA တပ်ဖွဲ့က လားရှိုးမြို့အား သိမ်းပိုက်ပြီးနောက် အပစ်ရပ်ရန် မြောက်ပိုင်းညီနောင်သုံးဖွဲ့ အား တရုတ်က ဖိအားပေးသဖြင့် ၂၀၂၄ ဒီဇင်ဘာတွင် ထိုးစစ်များ ရပ်မည်ဟု TNLA က ထုတ်ပြန်ခဲ့ရာ တောင်ခမ်းဒေသ ထိုးစစ်များလည်း ရပ်သွားခဲ့သည်။

၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်က တောင်ခမ်းမှ စစ်ကြောင်းနှစ်ကြောင်း၊ ပြင်ဦးလွင် မှ စစ်ကြောင်း တစ်ကြောင်းဖြင့် ပြန်လည် ထိုးစစ်ဆင်ခဲ့ရာ ခြောက်လအကြာတွင် နောင်ချိုမြို့အား စစ်ကောင်စီတပ်မှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲတွင် TNLA ထိန်းချုပ်မြို့များမှ နောင်ချို၊ ကျောက်မဲအပါအဝင် ငါးမြို့ ကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သော်လည်း သဘောတူညီမှု မရခဲ့ဘဲ စစ်ကောင်စီတပ်က ရှမ်းမြောက် ဝင်ပေါက် နောင်ချိုမြို့ကို ပြန်ရရန် အပြင်းအထန် ထိုးစစ်ဆင်နေသည်။

စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့ကြား လာမည့် ဩဂုတ်လတွင် ဆက်လက်တွေ့ဆုံရန် သဘောတူထားသည်။

ထိုတွေ့ဆုံပွဲ မတိုင်မီ စစ်ကောင်စီတပ်က နောင်ချိုမြို့ ပြန်ရရေး အပြင်းအထန် ထိုးစစ်ဆင်နေခဲ့ပြီး TNLA ထိန်းချုပ်ရာ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များအား လေကြောင်းမှ နေ့စဉ်နီးပါး ဖိအားပေးတိုက်ခိုက်နေ သည်။

Myanmar Now က လက်လှမ်းမီသလောက် ပြုစုထားသည့် စာရင်းများအရ ၂၀၂၅ ဇွန်လ ၁ နေ့မှာ ဇူလိုင် ၁၅ အတွင်း TNLA ထိန်းချုပ်သည့် မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုင်းငေါ့၊ နမ္မတူ မြို့များတွင် လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ် ၂၀ အထိရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် သေဆုံးသူ ၁၇ ဦးရှိသည်။ ကလေးငယ် တစ် ဦးအပါအဝင် ၅၄ ဦး ဒဏ်ရာရခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့သော  “၁၀၂၇” စစ်ဆင်ရေး အတွင်း ရှမ်းမြောက်တွင် မူဆယ်၊ တန့်ယန်း၊ မိုင်းရယ် သုံးမြို့မှအပ ရှမ်းမြောက်ဒေသတစ်ခုလုံးနီးပါး သိမ်းပိုက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံဖိအားပေးမှုကြောင့် ခရိုင်မြို့ကြီးတစ်မြို့ဖြစ်သော လားရှိုးမြို့ကို ကိုးကန့်တပ်က ယခုနှစ် ဧပြီလတွင် စွန့်လွှတ်လိုက်ရအပြီး နောင်ချိုသည် ဒုတိယမြောက် ဆုံးရှုံးလိုက်ရသောမြို့ဖြစ်သည်။ 

Related Articles

Back to top button