သတင်း

AA ၏ ဧရာဝတီတိုင်းထိုးစစ်ကို ရေတပ်ဖြင့် ခုခံရန် စစ်ကောင်စီ ပြင်ဆင် 

ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိက ဝင်ပေါက်ဖြစ်သည့် ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာ မြို့နယ်များကို ကာကွယ်နိုင်ရန် စစ်ကောင်စီက ကြည်းတပ်၊ရေတပ်တို့သုံးကာ စစ်ကူများဖြည့်နေသည်။

အာရက္ခတပ်တော် (AA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ အပြင်းအထန် ထိုးစစ်ဆင်နေသည့် ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိက ဝင်ပေါက်ဖြစ်သည့် ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာ မြို့နယ်များကို ကာကွယ်နိုင်ရန် စစ်ကောင်စီ ရေတပ်၏ အမြှောက်တင် စစ်သင်္ဘော များ ပုသိမ်မြစ် (ငဝန် မြစ်) အတွင်းသို့ ရောက်ရှိနေသည်ဟု ဒေသခံများနှင့် စစ်ရေး အရင်းအမြစ် များထံက သိရသည်။ 

ပြီးခဲ့သည့် ဇွန် ၁၂ တွင် အမှတ် (၃၄၄) အမြောက်တပ်ရှိ လက်နက်ကြီးများကို ကျုံပျော်မြို့ အခြေ စိုက် ခမရ (၃၆) သို့ ပြောင်းရွှေ့ပြီးနောက် ဇူလိုင် ၁၄ တွင် စစ်ကောင်စီရေတပ်၊ ပုသိမ် ရေတပ် စခန်း ဌာနချုပ်- အမှတ် ၂၆ စစ်ရေယာဉ်စုမှ လက်နက်ကြီးနှင့် တင့်ကားများ တင်ဆောင် လာသည့် စစ်သင်္ဘော ၃ စင်း ပုသိမ်မြစ် (ငဝန်မြစ်) အတိုင်း ဆန်တက်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

အဆိုပါ ရေတပ် အမြှောက်တင် စစ်သင်္ဘော ၃ စင်းမှာ ငါးသိုင်းချောင်းမြို့ အနီးတွင် ဆိုက်ကပ်ခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၁၅) တွင် အိုင်သပြု မြို့တွင် တစ်စင်း ရပ်နားထားပြီး လေးမျက်နှာမြို့တွင် ၂ စင်း ရပ်နားထားသည်ဟု ငါးသိုင်းချောင်း ဒေသခံ တစ်ဦးက ပြောသည်။  

“မဲဇလီဘက်ကနေ အိုင်သပြုကို တက်လာတယ်။ ငါးသိုင်းချောင်းကိုလာတာ ဖြစ်နိုင်တယ်။ သုံးစီးက အမြှောက်တွေတင်လာတာ။ နှစ်စီးက လေးမျက်နှာ တံတားကို သွားတယ်။ တစ်စီးက အိုင်သပြုမှာ ကျန်ခဲ့တယ်။ နှစ် စီးက အလုံပိတ်ထားတော့ လူတွေပါလာတာဖြစ်နိုင်တယ်။ လက်ပတ် အနီတွေနဲ့လို့သိရပါတယ်” ဟု ၎င်းက ပြောသည်။  

ယခုနှစ် ဇန်နဝါရီလက စတင်ပြီး AA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ မကျီးဇင် နှင့် ဘောမိ ဒေသများရှိ  စစ်တပ်အခြေစိုက်စခန်းများကို သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဂွ-ငါး သိုင်းချောင်းလမ်းရှိ ငါးသိုင်းချောင်း၊ရေကြည်နှင့် လေးမျက်နှာ မြို့နယ်များကို စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာရာ  ပုသိမ်မြစ် (ငဝန်) မြစ် အနောက်ဘက်ခြမ်းကို ထိန်းချုပ်ပြီး ထိုးစစ်ကို ခုခံနိုင်ရန်  စစ်ကောင်စီတပ်က ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

AA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ငါးသိုင်းချောင်း၊ ရေကြည်နှင့် လေးမျက်နှာမြို့နယ်များကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်က ပုသိမ်မြစ် (ငဝန်) မြစ် အနောက်ခြမ်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည် ဟု ဧရာဝတီတိုင်း အခြေစိုက် စစ်ရေး အရင်းအမြစ် တစ်ဦးက ပြောသည်။ 

“ ဖျာပုံ၊ကျုံပျော်နှင့်ဓနုဖြူက တပ်ရင်းတွေကို အမတ ၃၄၄ကို စေလွှတ်ပြီး စစ်အင်အား ၃၀၀ နီးပါး‌ စစ်ကူဖြည့်ထားတယ်။ အမတ ၃၄၄ နဲ့ ရေနံ့သာဂိတ်နားမှာတော့ တိုက်ပွဲ ဖြစ်တယ်။ လေကြောင်း တိုက်ခိုက်မှုနဲ့ မြေပြင်စစ်ကြောင်းထိုးတာ နေ့တိုင်းရှိတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေသည့် ဒေသရှိ ပြည်သူများကို စားနပ်၊ရိက္ခာနှင့် ဆေးဝါးများ  ဖြတ်တောက်ထားပြီး စစ်ဘေးဒုက္ခသည်များ အခက်အတွေ့နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမှာဆို ဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်ထားတဲ့ နေရာတချို့ကို ရှိနေပြီး အစားအစာနှင့် ဆေးဝါးသယ်ဆောင်တာတွေကိုပါ ကန့်သတ်ပြီး ဖြတ်လေးဖြတ် ပုံစံလုပ်နေတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ကူပေးရာ အဓိက ဗျူဟာကုန်းတည်ရှိရာ  ငါးသိုင်းချောင်း မြို့နယ်၊ မြောက်စမ်းရွာရှိ  စစ်ကောင်စီ အမြောက်တပ် ၃၄၄ ကို သိမ်းပိုက်နိုင်ပါက ပုသိမ်-မုံရွာ ကားလမ်းကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထိုသို့ ဧရာဝတီတိုင်းအတွင်းရှိ  ပုသိမ်-မုံရွာ ကားလမ်းကို ထိန်းချုပ်သွားနိုင်ပါက  AA ထိုးစစ်ဆင် နေသည့် ပဲခူးတိုင်း နှင့် မကွေးတိုင်းတို့ရှိ AA စစ်မျက်နှာများ  တခုခုနှင့် ချိတ်ဆက် သွားနိုင်မည် ဖြစ်ရာ စစ်ကောင်စီတပ်က အပြင်းအထန် ခုခံနေခြင်းဖြစ်သည်။ 

ဇူလိုင် ၁၄ တွင် ဧရာဝတီတိုင်း အခြေစိုက် စစ်ကောင်စီ ရေတပ် ၊ ပုသိမ် ရေတပ် ဌာနချုပ် – အမှတ် ၂၆ စစ်ရေယာဉ်စုမှ စစ်ရေယာဉ် သုံးစင်း ပုသိမ်မြစ်(ငဝန်မြစ်) အတိုင်း ဆန်တက်လာခဲ့ပြီး ရေပြင် နှင့် ကုန်းမြေ ၂ ခုလုံးတွင် အသုံးပြုနိုင်သည့်  တင့်ကားများလည်း ပါဝင်သည်ဟု စစ်ကောင်စီ တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူ ဗိုလ်ကြီး ဇင်ယော် က ပြောသည်။ 

“ပြီးခဲ့တဲ့ရက်ကပဲ ငဝန်မြစ်အတိုင်း စစ်သင်္ဘော သုံး စီးတက်လာတယ်။ သုံးစီးမှာ ကုန်း၊ ရေ နှစ်သွယ် သွား တင့်ကားတွေ ပါလာတယ်။ အဲ့ဒီတော့ အလွယ်တကူ သူတို့ တပ်ဖြန့်လို့ ရတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်း ထားသည့် တပ်ဖွဲ့ဝင် များ၏ အင်အားဖြင့် AA နှင့် မဟာမိတ်ပူးပေါင်းတပ်များ၏ ထိုးစစ်ကို ခုခံနေခြင်းဖြစ်ပြီး နယ်မြေခံ ပြည်သူလူထုကို ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် ပိတ်ဆို့ထားသည်ဟု ၎င်းက ဆက်ပြောသည်။ 

“ပုသိမ်လေတပ်ကနေပြီးတော့ လေယာဉ်က စက်နှိုးလိုက်တာနဲ့ ရေကြည်၊ လေးမျက်နှာ ၊ ငါးသိုင်း ချောင်း ဒီနေရာတွေက လေပေါ်တက်လိုက်ပြီ ဆိုတာနဲ့ ရောက်လာပြီ။ အဲဒီတာ့ ချက်ခြင်း နီးပါးလောက် ရောက်လာတဲ့ သဘောမျိုးရှိတယ်” ဟု ၎င်းက သုံးသပ်သည်။ 

အာရက္ခတပ်တော် AA သည် ၂၀၂၃ နိုဝင်ဘာတွင် ထိုးစစ်စတင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၁၄ မြို့နယ်၊ ချင်းပြည်နယ်တွင် ၁ မြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းတို့ကိုပါ ထိုးစစ်ဆင်လာခဲ့သည်။ 

စစ်ကောင်စီလေတပ်က မဟာမိတ်တပ်ဖွဲ့များ တပ်စွဲနိုင်သည်ဟု ယူဆသည့် ရေကြည်၊ လေးမျက်နှာနှင့် ငါးသိုင်းချောင်းမြို့နယ်များရှိ  ကျေးရွာများကို လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်နေရာ ဒေသခံ သောင်းနှင့်ချီပြီး စစ်ရှောင်နေကြရသည်။

၂၀၂၅ ဇန်နဝါရီလမှ မေလအတွင်း စစ်ကောင်စီတပ်က ရေကြည်နှင့် လေးမျက်နှာမြို့နယ်များကို   အကြိမ် ၂၀ ကျော်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၅ ဦး သေဆုံးပြီး ၇၀ ခန့် ဒဏ်ရာ ရှိခဲ့သည်၊ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ခြိမ်းခြောက်ဖမ်းဆီးမှုများလည်း ကျူးလွန်နေသည်   ဟု ထိုဒေသ အခြေစိုက် စစ်ရှောင် အရေး အကူအညီပေးနေသည့် Ayarwaddy Youth Union အဖွဲ့က ထုတ်ပြန်ထားသည်။ 

AA နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်များရှိ ဒေသခံများ အိုးအိမ်းစွန့်ခွား ထွက်ပြေး နေကြ ရသည်ဟု စစ်ကောင်စီ ဝါဒဖြန့် စာမျက်နှာများတွင် ဖော်ပြထားသည်။

Related Articles

Back to top button