ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောရွာမှ ကက်သလစ် ဘာသာဝင် ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၈ ဦးကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ စစ်ခုံရုံးက ဇူလိုင် ၁၀ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု သိရသည်။
၅ လနီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် ယင်းကဲ့သို့ အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကပြောသည်။
ပြစ်ဒဏ်ချမှတ်ခံရသူများမှာ တိုက်ကော (ခ) ဝင်းဇော်ဦး၊ ငနေ (ခ) နိုင်းနိုင်း၊ တံခွန် (ခ) မိုးယံမြင့်မြတ်၊ တက်လူ (ခ) နိုင်ဝင်းစည်သူ၊ မိုးကြိုး (ခ) အောင်မျိုးဟိန်း ၊ R6 (ခ) အောင်ဇင်မြတ်၊ စနေ (ခ) ဂျွန်ကိုထွန်း၊ ကျားကြီး (ခ) ရင်ထူးကျော်တို့ဖြစ်သည်။
“၈ ယောက်လုံး အနှစ် ၂၀ပါ။ကျနော်တို့ အကျဥ်းထောင်တွေမှာ ဖမ်းဆီးထားပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ဖာသာ ဒေါ်နယ်မာတင် Donald Martin (ခ) ဦးရဲနိုင်ဝင်းသည် ရွှေဘိုမြို့နယ်၊ ကံကြီးတောရွာ၊ လုဒ်မယ်တော် သခင်မဘုရားကျောင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်းက သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုအမှုနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် တပ်ရင်း ၅ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက နေ့တွင်းချင်းဖမ်းဆီးခဲ့သည်ဟု NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (MOHAI)က ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သက်တော် ၄၄ နှစ်၊ ဝါတော် ၇ ဝါရှိ ဖာသာဒေါ်နယ်မာတင်သည် စစ်ကောင်စီတပ်၏ သတင်းပေးဒလန်အဖြစ် စွပ်စွဲပြီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
ဖာသာဒေါ်နယ်မာတင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူတို့ကိုအရေးယူကာ တရားမျှတမှု ဖော်ဆောင်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) က တောင်းဆိုခဲ့သည်။
ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်သည့်လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများကို ကျောသား ရင်သားမခွဲဘဲ အရေးယူသွားမည်ဟု MOHAIက ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်နှင့်ပတ်သက်၍ “တရားမျှတမှု၊ဖြောင့်မတ်မှန်ကန်မှုဆိုတာကတော့ ဘယ်နိုင်ငံ၊ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို လူတိုင်းရင်ထဲအသည်းထဲက ပိုင်ဆိုင်ချင်ကြတဲ့အရာ၊ လုပ်ဆောင်ချင်ကြတဲ့အရာပဲလေ။ အဲ့ဒီအပေါ်မှာကျွန်တော်တို့က အများကြီးလက်ခံပါတယ်။ ကြိုဆိုပါတယ်။ တရားမျှတမှု၊ဖြောင့်မတ်မှန်ကန်မှု ဖော်ဆောင်တဲ့သူတိုင်းကို ကျွန်တော်တို့က လေးစားပါတယ်ဂုဏ်ယူပါတယ်” ဟု ကက်သလစ်ဆရာတော် တစ်ပါးက မှတ်ချက်ပြုသည်။
သံသယတရားခံ ဖမ်းဆီးစဉ်က ၁၀ ဦးရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ချိန်တွင် ၈ ဦးချမှတ်ခဲ့ရာ ကျန် ၂ ဦးနှင့်ပတ်သက်၍ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေတို့ကို မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပါ။



