သတင်း

ချင်းလက်နက်ကိုင်အဖွဲ့  MDFထိပ်ပိုင်းခေါင်းဆောင် အိန္ဒိယတွင်ဖမ်းခံရ 

အိန္ဒိယစစ်တပ် ထောက်လှမ်းရေးအကြီးအကဲ နှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်တို့ ဇူလိုင် ၁၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့အပြီး နောက်တစ်ရက်တွင် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်ပိုင်းကို အိန္ဒိယနိုင်ငံက စစ်အသုံးအဆောင်ပစ္စည်းများသယ်ဆောင်မှုဖြင့် ဖမ်းဆီးခဲ့သည်။

ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force – MDF) အဖွဲ့ ဒုဥက္ကဌ အပါအဝင် ၃ ဦးကို စစ်အသုံးအဆောင်ပစ္စည်းများနှင့် အတူ  အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် တွင် ဇူလိုင် ၁၇ ရက်က ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ထိုအဖွဲ့က အတည်ပြုသည်။ 

ကျည်ကာဦးထုပ်၊ ကျည်ကာပြားအပါအဝင် စစ်သုံးဆောင်ပစ္စည်းများတင်လာသည့်ကားမှာ မီဇိုရမ် ပြည်နယ်၊ ဆိုင်ဟား(Saiha) ခရိုင်၊ တီပါ့(Tipa)ရွာတွင် မီဇိုရမ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့ ပူးပေါင်းထား သည့် စစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၁၇ ရက် အိန္ဒိယ စံတော်ချိန် ည ၉ နာရီ ၄၅ မိနစ် ဝန်းကျင်တွင်  ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း MDF မှသိရသည်။ 

“ Equipment အစုံ ၅၀ ပါမယ်။ ကျည်ကာ အချပ် ၁၀၀ ပါတယ်။ သူတို့ရေးထားတာလည်း တွေ့ပါလိမ့် မယ်။ ကျည်ကာဦးထုပ်တွေပါမယ်။ အဲ့ဒါတွေကို တင်ပြီးလာတဲ့ အခါမှာ တီပါ့အရောက်မှာ Mizo police (မီဇိုရမ်ရဲတပ်ဖွဲ့) နဲ့ အာသံရိုင်ဖယ် စစ်ဆေးရေးဂိတ်နဲ့တန်းတိုးတာပေါ့” ဟု MTC / MDF အထွေထွေအတွင်းရေးမှူးက ပြောသည်။

ချင်းညီနောင် အဖွဲ့ကို ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF)၊ ချင်းဒေသ ကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်) နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (မတူပီ) တပ်မဟာ ၁ တို့ ဖြင့် ဖွဲ့စည်းထားပြီး မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

သိမ်းဆည်းခံရသည့် ပစ္စည်းများအနက် အမဲလိုက်ရာတွင် အသုံးပြုသည့် ပွိုင့်တူးတူး ကျည်ဆန်အချို့ လည်းပါဝင်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ကျည်ဆန်တွေကတော့ စစ်ဘက်သုံးကျည်ဆန်မပါဘူး။ ပွိုင့် 22 ကျည်ဆန်ပါမယ်။ ပွိုင့် 22 ကလည်း တစ်ကတ်ပါပဲ။ ဒါကလည်း အမဲလိုက်ဖို့အတွက် ဖြစ်ပါလိမ့်မယ်။ သူများတွေမှာတာ ဖြစ်ပါလိမ့်မယ်။ ..ကျည်ဆန်နှစ်ခုပါသွားတဲ့အတွက် ခဏ ထိန်းသိမ်းခံရတဲ့သဘောမျိုး မှာ ရှိနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ဖမ်းဆီးခံရသူများမှာ အသက် ၄၄ နှစ်အရွယ် B Rahaie (ဘီရာဟေး) (MDF ဒုဥက္ကဌ) ၊ အသက် ၄၈ နှစ်အရွယ် FC Laicho နှင့် အသက် ၂၁ နှစ်အရွယ် Bilonga တို့ဖြစ်ကြောင်း သိရသည်။ 

ထိုသုံးဦးအနက်  အသက် ၂၀ ကျော်အရွယ် Bilonga မှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၃ ရက် ခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး MDF ဒုဥက္ကဌနှင့် အခြားတစ်ဦးမှာ ဆိုင်ဟား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၊ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။ 

“အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်နေတာရှိတယ်။ မကြာခင်အတောအတွင်းမှာလွတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်”ဟု အထက်ပါ အထွေထွေအတွင်းရေးမှူးကပြောသည်။ 

အိန္ဒိယစစ်တပ် ထောက်လှမ်းရေးအကြီးအကဲ နှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်တို့  ဇူလိုင် ၁၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့အပြီး နောက်တစ်ရက်တွင် အိန္ဒိယနိုင်ငံတွင် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်ပိုင်းကို စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

နေပြည်တော်တွေ့ဆုံပွဲတွင်ဆွေးနွေးခဲ့သည့် အသေးစိတ်အကြောင်းအရာများကို မထုတ်ပြန်သော်လည်း နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး၊ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တို့ကို ဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများက ဖော်ပြသည်။ 

စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေသည့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တပ်ဖွဲ့ဝင် ၁၀  ဦးကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှု မှာ မေလတွင်း ဖြစ်ပွားခဲ့သည်။ 

အာဏာသိမ်းစစ်တပ်နှင့် အိန္ဒိယ ကြား ထိတွေ့ဆက်ဆံမှုများ ပိုမိုများပြားလာပြီးနောက် နယ်စပ်ဒေသ တွင် တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုများပိုမိုအခက်တွေ့လာသည်ဟု ၎င်းက ဆိုသည်။ 

“တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အိန္ဒိယနယ်စပ်ကို ဖြတ်သွားဖြတ်လာလုပ်တဲ့အခါမှာ အရင်ကလိုမဟုတ် ဘဲနဲ့ ပိုပြီးတော့သတိထားကြဖို့လည်း ပြောချင် ပါတယ်။ ခုနောက်ပိုင်းက စစ်တပ်တွေ နီးကပ်တဲ့ ဆက်ဆံမှုတွေ ရှိလာတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ တော်လှန်‌ရေးတွေအတွက် တော်တော်လေးကို အကျပ်ရိုက်လာတယ်”ဟု ၎င်းက ဆိုသည်။ 

ယခုနှစ်ဆန်းပိုင်းကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် လက်နက်ခဲယမ်းများသိမ်းဆည်း ရမိမှု နှင့်ပတ်သက်ပြီး ဝါရင့် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF ) ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁ ဦး အပါအဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရ သည်။ 

ပြည်တွင်းတွင် လက်နက်စက်ရုံပေါင်း နှစ်ဒါဇင်ကျော်ရှိပြီး တရုတ်၊ ရုရှား၊ ဘီလာရုစ် စသည့် နိုင်ငံများ မှာလက်နက်များဝယ်ယူဖြည့်တင်းနေသော လက်နက်အင်အားတောင့်တင်းသည့် စစ်ကောင်စီကို နိုင်ငံ အနှံ့တော်လှန်နေကြသည့် လက်နက်ကိုင်အင်အားစုများမှာ လက်နက်ခဲယမ်းအတွက် ထိုင်း၊ အိန္ဒိယ စသည့် အိမ်နီးချင်းနိုင်ငံများမှ မှောင်ခိုလမ်းကြောင်းကို အားပြုနေရသည်။ 

Related Articles

Back to top button