သတင်း

မောတောင်ကို ဦးတည်လာသည့် စစ်ကောင်စီတပ်မှ စစ်သားသစ် ၉ ဦး KNU ထံ ပူးပေါင်းလာ

ကရင်အမျိုးသားအစည်းအရုံး KNU ကိုတိုက်ခိုက်ရန်အတွက် နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဘက်သို့ စစ်တပ်ကစေလွှတ်လိုက်သည့် စစ်သားများအနက် ၉ ဦးသည် ဇူလိုင်လ ဒုတိယသတင်းပတ်အတွင်း KNU ထံ ဘက်ပြောင်းခိုလှုံခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မောတောင်မြို့ကို ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ စစ်သား ၉ ဦး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ လက်အောက်ခံ စစ်ကြောင်းထံ လက်နက်နှင့်အတူ ပူးပေါင်းလာကြောင်း KNU ထံမှသိရသည်။

စစ်ကောင်စီ၏ စစ်သားသစ် ၉ ဦးသည် ဇူလိုင်လ ၁၄ ရက်မှ ဇူလိုင် ၂၁ ရက်အတွင်း KNU ၏ တပ်မဟာ ၄ လက်အောက်ခံ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းထံ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ယင်းစစ်ကြောင်းက ဇွန်လ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းသည် KNU တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်ရင်း ၁၁ ၏ တိုက်ခိုက်ရေးစစ်ကြောင်းဖြစ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်ကာ မောတောင်ကို ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တနင်္သာရီမြို့နယ် သိန်းခွန်ရွာရောက်နေပြီး KNU တပ်မဟာ ၄ ဦးဆောင်သည့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်နေသည်။

တိုက်ပွဲဖြစ်နေစဉ်ကာလအတွင်း သိန်းခွန်ရွာမှ စစ်ကောင်စီတပ်သားများသည် KNU တပ်မဟာ ၄ ၏ ခွပ်ဒေါင်းတမန်စစ်ကြောင်းထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း ခွပ်ဒေါင်းတမန်စစ်ကြောင်း ထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ချေမှုန်းရေးရိုင်ဖယ်သေနတ် ၅ လက်၊ ကျည်ဆန်အချို့လည်းပါလာကြောင်း ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။

KNU ထံပူးပေါင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်နှင့် ကျည်ဆန်များ
Photo Credit – ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း Facebook

“၄ ယောက်တစ်ခါ ၊ ၃ ယောက်တစ်ခါ ၊ ၂ ယောက်တစ်ခါ ဝင်လာကြတာပါ” ဟု ၎င်းက ဆိုသည်။

ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက “ဘုတ်ပြင်းအခြေစိုက်ခမရ၂၈၀၊ ပုလောအခြေစိုက်ခမရ၂၈၅နဲ့ ၁၀၃အမြောက်တပ်ရင်းတို့ကပါ။ အရာရှိမပါဘူး။ တပ်သားတွေပဲ။ ပေါ်တာဆွဲခံရတဲ့ စစ်မှူထမ်းတပ်သားသစ်တွေပါ” ဟု Myanmar Now ကိုပြောသည်။

စစ်သားသစ်များသည် လူထုကို ပစ်ခတ်သတ်ဖြတ်မှုများလုပ်နေသည့် စစ်ကောင်စီတပ်လက်အောက်တွင် တာဝန်မထမ်းလိုသဖြင့် KNU ထံပူးပေါင်းလာခြင်းဖြစ်ကြောင်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းဘက်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီပေး၍ စောင့်ရှောက်ထားသည်။

နောက်ပိုင်းတွင် စစ်ကောင်စီတပ်သားသစ်များ၏ ဆန္ဒအတိုင်း ၎င်းတို့သွားလိုရာ နယ်မြေသို့ပို့ပေးမည်ဖြစ်ကြောင်း ခွပ်ဒေါင်းတမန်အထူး စစ်ကြောင်းဘက်က ဆိုသည်။

ယခုကဲ့သို့ သိန်းခွန်ရွာမှ စစ်သားများ KNU ထံ ထွက်ပြေးပူးပေါင်းလာခြင်းသည် ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်သည်။

မကြာသေးသည့် မေလကလည်း သိန်းခွန်ရွာရှိ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား ၁ ဦး MA-1 ရိုင်ဖယ် ၂ လက်နှင့်အတူ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းထံ ထွက်ပြေးပူးပေါင်းလာသည်။

သိန်းခွန်ရွာသည် မြိတ်-မောတောင်ကားလမ်းဘေးတွင်ရှိသည်။ သိန်းခွန်ရွာအရှေ့ဘက် ၃၃ မိုင်ကျော်အကွာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မောတောင်ရှိပြီး မောတောင်မြို့တွင် စစ်ကောင်စီတပ်ရှိသည်။

သိန်းခွန်ရွာနှင့် မောတောင်ကို ဆက်သွယ်ထားသည့် မိုင် ၃၀ ကျော်ကားလမ်းတစ်လျှောက်ကိုမူ KNU တပ်မဟာ ၄ နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။

မောတောင်ကို ပြန်လည်ရရှိရန် စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီကတည်းက ထိုးစစ်ဆင်နေသော်လည်း သိန်းခွန်ရွာကို မကျော်နိုင်ဘဲ KNU တပ်မဟာ ၄ ဦးဆောင်သည့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်နေသည်။

တနင်္သာရီတိုင်းအတွင်းရှိ ပဋိပက္ခအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Fe5 Tanintharyi အဖွဲ့ကလည်း တနင်္သာရီတိုင်း၌ ဇွန်လအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ခဲ့ကြောင်း“ပဋိပက္ခကြားက ကျောင်းဖွင့်ချိန်”အမည်ရှိ စာတမ်းတွင် ရေးသားသည်။

ယင်းတိုက်ပွဲများအနက် တိုက်ပွဲ ၁၄ ကြိမ်မှာ သိန်းခွန်ရွာအနီး ဖြစ်ပွားခဲ့ကြောင်း Fe5 Tanintharyi ၏ ရေးသားချက် အရသိရသည်။

KNU တပ်မဟာ ၄ ၏ မြောက်ဘက်ရှိ KNU တပ်မဟာ ၆ လှုပ်ရှားရာ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်တွင်မူ ဝေါလေမြို့အနီးရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

‌ဝေါ်လေတိုက်ပွဲတွင် စစ်ကောင်စီဘက်က ကာမီကာဇေဒရုန်းခေါ် အသေခံဒရုန်းသုံးတိုက်ခိုက်နေပြီး ဇူလိုင်လ ၂၂ ရက်တွင် စစ်ကောင်စီ၏ အသေခံဒရုန်းတစ်စင်း ထိုင်းနိုင်ငံ Tak ခရိုင် ၊ Tha Song Yang မြို့နယ်အတွင်း ၅ ကီလိုမီတာအထိ ဝင်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနအချို့က ရေးသားသည်။ 

ဒရုန်းသည် မပေါက်ကွဲဘဲ ပျက်ကျခြင်းဖြစ်ကြောင်း ၊ ပျက်ကျသည့် ဒရုန်းကို ထိုင်းနယ်စပ်အခြေစိုက် တာဝန်ရှိသူများက သိမ်းဆည်းလိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနအချို့၏ ရေးသားချက်အရသိရသည်။

Related Articles

Back to top button