သတင်း

စစ်ကူသင်္ဘောတချို့ မန္တလေးမှထွက်လာ၊ ဝက်လက်နယ်မြစ်ကမ်းဘေးကျေးရွာကို ပစ်ခတ်

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် နောက်က လိုက်သွားသည့် သင်္ဘောများက ပစ်ခတ်သဖြင့် ကျေးရွာတစ်ရွာ မီးလောင်နေသည်ဟု သိရသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမြို့မှ ဆန်တက်နေသည့်  စစ်သင်္ဘောများက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မြစ်ကမ်းဘေး ကျေးရွာတစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံစစ်ရေးရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တပ်သုံးသင်္ဘောနှစ်စင်းနှင့် ပုဂ္ဂလိကပိုင် တွန်းသင်္ဘောလေးစင်း ယနေ့ဇူလိုင်(၂၂) မနက်၉နာရီခန့်က မန္တလေးမြို့ ၂၆လမ်း ပေပင်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီး ညနေ ၃ နာရီခန့်တွင် မြစ်အနောက်ဘက်ခြမ်းကို ယင်းကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

အဆိုပါစစ်ရေယာဉ်တန်းသည် မကြာသေးမီရက်ပိုင်းက မြစ်အရှေ့ဘက်ခြမ်း သပိတ်ကျင်းနယ်အတွင်း စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် စစ်ကူအဖြစ် နောက်ကလိုက်လာခြင်းဖြစ်ကြောင်းလည်း ဒေသခံစစ်ရေးရင်းမြစ်များထံက သိရသည်။ 

ပစ်ခတ်မှုကြောင့် အင်းဒေါင်းရွာ ပျက်စီးရသည်ဟု ဝက်လက်နယ်မှ ဒေသခံ ၄၀ ကျော် အရွယ် စစ်ရေးရင်းမြစ်အမျိုးသားက နေ့လယ် ၃နာရီခန့်က ပြောသည်။ 

“လက်ရှိကတော့ ဝက်လက်နယ်အရှေ့ဖက်ခြမ်း အင်းဒေါင်းကို ရောက်နေတယ်။ အင်းဒေါင်းဖက်မှာ သူတို့ဆီကပါလာတဲ့ လက်နက်ကြီးတွေနဲ့ပစ်တော့ ရွာထဲမှာတော့ မီးတွေလောင်နေတယ်” ဟု သူက ပြောသည်။

မီးလောင်မှုနောက်ဆက်တွဲအခြေအနေကို  မသိရသေးဟု ၎င်းကဆိုသည်။ 

ရွာကို တိုက်ခိုက်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်၏ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်တပ် အွန်လိုင်းစာမျက်နှာတွင်လည်း သင်္ဘောများ ဆန်တက်နေမှုနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပေ။

ဇူလိုင်၁၇ရက်နေ့မှစတင်ကာ စစ်ကောင်စီသင်္ဘော၁၅စီးထက်မနည်း မန္တလေးမြို့မှ  ဆန်တက်နေခြင်းဖြစ်ပြီး သင်္ဘောများတော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စတင်ဝင်ရောက်သည်နှင့် စစ်လေယာဉ်များက လိုက်လံ အကာအကွယ် ပေးခဲ့သည်။ 

ဇူလိုင်၁၇ညနေပိုင်းက ထိုသင်္ဘောများ ဝက်လက်နယ်အတွင်း ရပ်နားထားစဉ်  လေတပ်က ဝက်လက်မြို့နယ် ရေလယ်မှော်ဒေသကို တိုက်ခိုက်ရာ  အရပ်သား  ၂၀ ခန့် ထိခိုက်သေဆုံးခဲ့ရသည်။ 

ထိုသင်္ဘောများ စဉ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်သို့အရောက်တွင် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခံရပြီး တွဲသင်္ဘောတစ်စီးရေနစ်မြုပ်ကာ စစ်ရေယာဉ်သုံးစီး ထိခိုက်ပျက်စီးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)က ဇူလိုင်၂၀ ညနေတွင် သတင်းထုတ်ပြန်ခဲ့သည်။ 

သပိတ်ကျင်းနယ် ချောင်းသလဲ၊ကဘွတ်၊ရွာသာ စသောကျေးရွာများအနီး တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပျက်စီးသင်္ဘောများ လာရာလမ်းအတိုင်း မျောပါသွားသည်ဟု သိရသည်။ 

ထို့နောက်ထိုရေယာဉ်အုပ်စုသည် သပိတ်ကျင်းမြို့နယ် ပန်းပင်ရွာအနီး ရပ်နားကာ ထိခိုက်ပျက်စီးမှုများပြင်ဆင်ခဲ့သည်၊  ယနေ့ဇူလိုင်(၂၂)နေ့ မနက်ပိုင်းတွင်  ဆက်လက်ဆန်တက်ခဲ့ပြီး နေ့လယ်၃နာရီခန့်တွင် တကောင်းကြာညှပ်ဖက်သို့ ချဉ်းကပ်လာသည်ဟု စစ်သင်္ဘောသတင်းများကို ကင်းထောက်ကာ ဖော်ပြပေးနေသည့် တော်လှန်ရေးအဖွဲ့ဝင်တို့ကဆိုသည်။ 

စစ်ကောင်စီသည် မိုးတွင်းကာလ မြစ်ရေတက်ချိန်တွင် အထက်ဘက်ဒေသများသို့ ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကြောင်းလမ်းတို့ကို အသုံးပြုပြီး ရိက္ခာ၊ လက်နက်၊ လူအင်အား ဖြည့်တင်းလေ့ရှိသည်။ 

စစ်သင်္ဘောများမိမိနေထိုင်ရာ ဝန်းကျင်သို့မရောက်လာမီ မြစ်ကမ်းဘေး ဒေသခံများ စိတ်ချလုံခြုံသည့် နေရာသို့ ရှောင်ရှားနေထိုင်ကြရန် တော်လှန်ရေးအင်အားစုက အသိပေးနေကြသည်။ 

Related Articles

Back to top button