တရုတ်-မြန်မာကုန်သွယ်ရေးလမ်းမပေါ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ် ပြန်သိမ်းပိုက်ပြီးနောက် ကျောက်မဲနှင့်သီပေါမြို့များသို့ ဆက်လက်ထိုးစစ်ဆင်လာဖွယ်ရှိသည်ဟု ယူဆနေကြသောကြောင့် မြို့ခံထက်ဝက်ကျော် နေရပ်စွန့်ခွာနေကြသည်ဟု ဒေသခံများက ပြောသည်။
နောင်ချိုမြို့ထိုးစစ်ပြင်းထန်နေစဉ် ကျောက်မဲနှင့် သီပေါမြို့များကို လေကြောင်းမှ နေ့စဉ် နီးပါး ဗုံးကြဲခဲ့သည်။
လေကြောင်းအန္တရာယ်ကြောင့် နံနက်အချိန်သာ ဈေးဖွင့်လှစ်နိုင်ပြီး နေ့လယ်တွင် မြို့တွင်း၌ ခြောက်ကပ် တိတ်ဆိတ်သွားသည်ဟု ကျောက်မဲမြို့ခံများက ပြောသည်။
“အိမ်တွေမှာ အစောင့်တစ်ယောက် နှစ်ယောက်ပဲကျန်ခဲ့တာ။ ထက်ဝက်လောက်က ရှောင်သွားပြီ ကျန်နေတဲ့ သူတွေကလည်း စိုးတထိတ်ထိတ်နဲ့ ပေါ့ဗျာ” ဟု အသက် ၅၀ ဝန်းကျင်ရှိ ကျောက်မဲမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များသည် အထက်မြန်မာပြည်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးအချက် အချာကျသည့် မန္တလေးမြို့မှ တရုတ်မြန်မာနယ်စပ်ရှိ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်နှင့် ချင်းရွှေဟော်သို့ သွားရာတွင်လမ်းပေါ် တည်ရှိသည်။
လူဦးရေ ငါးသောင်းကျော်သည့် ကျောက်မဲမြို့တွင် ရပ်ကွက် ကိုးခုရှိပြီး ရှမ်း၊ ပလောင်၊ တရုတ်၊ ဂေါ်ရခါး လူမျိုးများနေထိုင်သည်။
ရှမ်းတောင်ပိုင်းမှ အင်အားဖြည့်လာသော စစ်တပ်စစ်ကြောင်းတချို့က ရှမ်းတပ် SSPP ထိန်းချုပ်ရာ ပုံဝိုးရွာမှတဆင့် ကျောက်မဲသို့ ထိုးစစ်ဆင်နိုင်သည်ဟု မြို့ခံများက ယူဆထားကြသည်။
နောင်ချိုမြို့မှ တပ်မ ၁၁၊ တပ်မ ၅၅ စစ်ကြောင်းများသည် နောင်ချိုမြို့အရှေ့မြောက် ဘက် ၃၂ မိုင်အကွာရှိ ကျောက်မဲမြို့သို့ ဂုတ်တွင်းလမ်းမှတဆင့် ဆက်လက် ထိုးစစ်ဆင်မည်ဟု စစ်တပ် ဝါဒဖြန့်သူများက ရေးသားနေကြသည်။
TNLA နှင့်မဟာမိတ်တပ်များက ကျောက်မဲမြို့သို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာနိုင်သည့် ဂုတ်တွင်းလမ်းပိုင်းနှင့် ကျောက်မဲ-နောင်ချိုကြားရှိ ကျေးရွာများအနီးမှ ခုခံရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က မကြာသေးခင်ရက်များအတွင်း နောင်ချိုမြို့နှင့်ကျောက်မဲမြို့ ကြား နောင်ပြစ်၊ ပင်တိမ် စသောရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဇူလိုင် ၂၀ ရက်နေ့တွင် နောင်ပြစ်ရွာမှ အသက် ၉ နှစ်နှင့် ၃၉ နှစ်အရွယ် အမျိုးသမီး နှစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
လက်နက်ကြီးကျပြီးနောက် အဆိုပါကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေ ကြသည်ဟု အဆိုပါကျေးရွာအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“နောင်ပြစ် (ရွာ) ဘက်ကို လက်နက်ကြီး ခဏခဏ ကျတယ်။ ပင်တိမ်ဘက်လည်း ကျတယ်။ လူထိခိုက်မှု ရှိတယ်” ဟု သူက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်နေ့တွင် ကျောက်မဲမြို့ပေါ်ရှိ အမြောက် တပ်နှင့်စစ်ကောင်စီတပ်ရင်းဌာနများကို တအာင်းတပ် (TNLA) က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။
ကျောက်မဲမြို့နှင့် တစ်မိုင်အကွာရှိ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁)၊ ခြေမြန်တပ် ရင်းများဖြစ်သော ခမရ (၅၀၁)၊ ခမရ (၅၀၂) တပ်များအား ၂၀၂၄ သြဂုတ် ၅ ရက်ညပိုင်းတွင် အပြီးသတ် သိမ်းယူခဲ့ပြီး၊ ကျောက်မဲတစ်မြို့လုံးကို TNLA က ထိန်းချုပ်နိုင်ခဲ့သည်။
မြို့သိမ်းတိုက်ပွဲ တစ်လကျော်ကာလအတွင်း လေကြောင်းနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား များနှင့် စစ်ကောင်စီဝန်ထမ်းများအပါအဝင် လူပေါင်း ၂၀၀ ကျော်၏ အလောင်းများကို ကောက်ယူ သင်္ဂြိုဟ်ခဲ့ရသည်ဟု လူမှုကူညီရေးအသင်းဝင်များက ပြောကြသည်။
TNLA တပ်ဖွဲ့က ကျောက်မဲမြို့ကို ထိန်းချုပ်ထားသည့် တစ်နှစ်နီးပါးကာလအတွင်း လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲခံရမှုကြောင့် CDM ကျန်းမာရေးဝန်ထမ်းများ၊ သီလရှင်များအပါအဝင် အရပ်သား အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့သည်။
ဆေးရုံ၊ စာသင်ကျောင်း၊ ဟိုတယ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များ အပါအဝင် အရပ်သားနေအိမ် အနည်းဆုံး ၃၀ ပျက်စီးခဲ့သည်။
စစ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့်အနေဖြင့် လုပ်ငန်းခွင်စွန့်ခွာခဲ့သည့် CDM ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသည့် ကျောက်မဲပြည်သူ့ဆေးရုံကို ယခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တွင် စစ်တပ်က ဗုံးကြဲထားသည်။
“ဗုံးကြဲခံရပြီးကတည်းက ဆေးရုံက မရှိတော့ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း အတော်ခက် တယ်။ ရှိတဲ့ ဆေးခန်းတွေလည်း ပြီးခဲ့တဲ့လမှာ ထပ်ဗုံးကြဲခံရပြီးတော့ မဖွင့်ရဲကြတော့ဘူး။ အတော်လေး ခက်တယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။
အလားတူ လေကြောင်းရန်ကြောင့် စာသင်ကျောင်းများလည်း ထိထိရောက်ရောက် မဖွင့်နိုင်သဖြင့် ကလေးငယ်များ ပညာရေးအတွက် အခက်အခဲကြုံတွေ့နေကြသည်။
လက်ဖက် စိုက်ပျိုးထုတ်လုပ်သောစီးပွားရေးကို အဓိက အားထားရသည့် ကျောက်မဲမြို့တွင် လေကြောင်းရန်နှင့် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကြောင့် လက်ဖက်ဒိုင်များ ပိတ်ထားရပြီး စီးပွားရေးနာလန်မထူနိုင်သေးပေ။
“လက်ဖက်ဒိုင်တွေက မဖွင့်နိုင်တာ၊ မလုပ်နိုင်ကြဘူး။ တောင်သူတွေက ဒိုင်မရှိတော့ မရောင်းနိုင်ဘူး။ တချို့.. အောက်ကနေ (မြန်မာပြည်အောက်ပိုင်းကနေ) တက်လာတဲ့ ကုန်သည်တွေက အောက်စျေးနဲ့ ဝယ်နေတယ်” ဟု Myanmar Now က ဆက်သွယ်ခဲ့သည့် ကျောက်မဲမြို့ခံ နောက်တစ်ဦးက ပြောသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး အတွက် အဓိကကျသည့် မန္တလေး-မူဆယ်လမ်းပေါ် တွင် တည်ရှိ သော ကျောက်မဲမြို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအခက်အခဲများနှင့် စီးပွားရေးဖွံ့ဖြိုးရေး အတွက် အထောက်အကူဖြစ်စေမည့် ဘဏ်စနစ်များလည်း အသုံးပြုနိုင်ခြင်းမရှိသဖြင့် ဒေသခံများ အခက်အခဲ မျိုးစုံ ကြုံနေကြရသည်။
ထိုကဲ့သို့ အထွေထွေ အကြပ်အတည်းများကြောင့် မြို့ခံအများစု လားရှိုးနှင့် မန္တလေးမြို့များသို့ ပြောင်းရွှေ့သွားသည်ဟု ဆိုသည်။

၂၀၂၄ ဇူလိုင် ၃ ရက်က ကျောက်မဲမြို့ပေါ် ဈေးတစ်ခုအတွင်း လုံခြုံရေးယူထားသည့် TNLA တပ်ဖွဲ့ဝင် တစ်ဦး။ (ဓာတ်ပုံ-AFP)
လေကြောင်းရန်ကြောင့် နေရာပြောင်းရွှေ့နေရသည့် သီပေါမြို့ခံများ
ကျောက်မဲနှင့် မိုင် ၂၀ နီးပါးဝေးသည့်၊ ရှမ်းတိုင်းရင်းသားများ အများစုနေထိုင်သည့် သီပေါမြို့တွင် လေကြောင်းတိုက်ခိုက်မှု ရှိနေရာ မြို့ခံထက်ဝက်ကျော်က လားရှိုးနှင့် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြသည်ဟု သီပေါမြို့ခံများက ပြောသည်။
စစ်တပ်၏ နောင်ချိုထိုးစစ်ပြင်းထန်နေသည့် ဇူလိုင် ၄ ရက်မှ ဇူလိုင် ၂၀ ရက်အထိ သီပေါမြို့ကို လေကြောင်းမှ ငါးကြိမ် တိတိ ဗုံးကြဲခဲ့ရာ၊ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ သည်။
“နောင်ချိုပြီးမှ ကျောက်မဲနဲ့ သီပေါကို ဗုံးခဏခဏ ကြဲနေတာ။ လိုင်းပေါ်မှာ ကောလဟလတွေ မျိုးစုံ ထွက်နေ တော့ မြို့ပေါ်မှာ လူတွေ မနေရနိုင်တော့ဘဲ၊ ကျေးရွာဘက်ကို ရှောင်ပြေးနေကြပြီ” ဟု သီပေါ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
သီပေါမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး လူဦးရေ နှစ်သောင်းကျော် နေထိုင်သည်။ စစ်တပ်၏ ဗုံးကြဲမှုများ ကြောင့် လူဦးရေ သုံးပုံနှစ်ပုံကျော်သည် လားရှိုးနှင့် နမ့်လမ်မြို့အပြင် နီးစပ်ရာ ကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်သည်ဟု မြို့ခံများက ပြောသည်။
မြို့တွင်း၌ ဈေးဆိုင်အများစု ပိတ်ထားပြီး၊ အရောင်းအဝယ်လုပ်သူ မရှိသလောက်ဖြစ်နေပြီဟု အထက်ပါ သီပေါမြို့ခံက ပြောသည်။
ဒေသခံများကျန်းမာရေးအတွက် မြို့ခံပရဟိတအဖွဲ့များ၏ ကိုယ်ထူကိုယ်ထဆေးခန်းများကိုသာ အားကိုး ရပြီး၊ ရောဂါကြီးမားပါက လားရှိုးနှင့် မန္တလေးမြို့များသို့ သွားရောက်ကုသနေကြသည်ဟု သီပေါမြို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
သီပေါမြို့ပေါ်တွင် ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေသည်။
“ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း”တွင် ၂၀၂၄ ဇူလိုင် ၂၀ ရက်၌ သီပေါမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်း များအား TNLA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ ကြသည်။
နှစ်လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့တွင် မြို့အထွက်ရှိ ခမရ (၅၀၃)၊ ခမရ (၅၀၄)၊ ခလရ (၂၃) တပ်စခန်းများ၊ ရဲစခန်းနှင့် အစိုးရဌာနဆိုင်ရာ ရုံးများအားလုံးအား သိမ်းပိုက်ပြီး သီပေါတစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
မြို့သိမ်းတိုက်ပွဲ နှစ်လကျော်အတွင်း အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး၊ ၈၀ ကျော် ဒဏ်ရာရခဲ့သည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။ TNLA က မြို့ကို သိမ်းထားသည့်ကာလအတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။
သီပေါမြို့နှင့် ကျောက်မဲမြို့တို့အား TNLA တပ်ဖွဲ့က သိမ်းပိုက်ထားသော်လည်း၊ သီပေါမြို့မှ လားရှိုးသို့ အထွက် သီပေါတံတားမှ စ၍ မိုင် ၄၅ အကွာ လားရှိုးမြို့အထိ လမ်းတလျှောက်ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ဝမ်းဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့က ထိန်းချုပ်ထားသည်။
သီပေါမြို့နှင့် မိုင် ၄၀ နီးပါးအကွာရှိ နမ့်လန်မြို့တွင် ခမရ (၅၀၆) တပ်အခြေ စိုက်ထားပြီး၊ သီပေါနှင့် နမ့်လမ်လမ်းပိုင်း နောင်ကော်ကြီးရွာတွင် ခလရ (၁၄၇) တပ်အခြေ စိုက်သည်။
ခလရ (၁၄၇) ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး၊ နမ့်လန်နှင့် သီပေါမြို့ လမ်းကြောင်းကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားသည်။
လက်ရှိအချိန်ထိ နမ့်လန်မြို့သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း သီပေါနှင့် ကျောက်မဲမှ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရှမ်းတောင်ပိုင်းမှ အင်အားထောင်နဲ့ချီသော တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက နမ့်လန်မြို့တွင် ပြန်လည် စုစည်းထားသည်ဟု ဒေသတွင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
နမ့်လန်နှင့် မိုင် ၇၀ အကွာတွင် တည်ရှိသည့် မိုင်းရယ်မြို့ကို ရှမ်းတပ် SSPP နှင့် စစ်ကောင်စီ တပ်တို့က ပူးတွဲအုပ်ချုပ်ထားသည်။
“ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့ များက သိမ်းပိုက်ခဲ့ပြီး၊ မိုင်းရယ်၊ တန့်ယန်း၊ မူဆယ်၊ နမ့်လန်မြို့များသာ စစ်ကောင်စီ ထိန်းချုပ်မှုအောက် တွင် ကျန်ရှိခဲ့သည်။
လားရှိုးမြို့ကို လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တန့်ယန်းနှင့်မိုင်းရယ်တွင် ပြန်လည်စုစည်းပြီး၊ ရှမ်းတောင်ပိုင်းမှ စစ်အင်အားများကို တန့်ယန်း၊ မိုင်းရယ်နှင့် တောင်းခမ်းဒေသသို့ ဖြန့်ခွဲပို့ဆောင်၍ အင်အားဖြည့်ခဲ့သည်။
တရုတ်အကူညီဖြင့် လားရှိုးကို ပြန်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်သည် တန့်ယန်းနှင့် မိုင်းရယ်တွင် စုစည်းထားသော ရမခတပ်အင်အားများကို လားရှိုးသို့ ပို့ဆောင်ခဲ့သည်။
တောင်းခမ်းသို့ ပို့ဆောင်ထားသည့် စစ်ကြောင်းများဖြင့် ခြောက်လ ကြာ ထိုးစစ်ဆင်ပြီးနောက်၊ နောင်ချို မြို့ကို ပြန်လည်သိမ်းပိုက်ကာ၊ ကျောက်မဲနှင့် သီပေါမြို့များသို့ ဆက်လက် ထိုးစစ်ဆင်ရန် ပြင်ဆင်နေ သည်။
စစ်ကောင်စီက အဆိုပါကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မြန်မာပြည် အလယ် ပိုင်းသို့ ထိုးဖောက်နိုင်မည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်ပေးရန် ယခုနှစ် ဧပြီက TNLA ကို တောင်းဆို ခဲ့သည်။
ဧပြီ ၂၈၊ ၂၉ တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် စစ်ကောင်စီတောင်းဆိုချက်ကို TNLA က ငြင်းဆန်ခဲ့သည်၊ ဩဂုတ်လတွင် ထပ်မံ တွေ့ဆုံဆွေးနွေးမည်ဟု ဆိုသည်။
ထို့နောက် စစ်ကောင်စီသည် ၎င်းတို့ထိုးစစ်ကို အရှိန်မြှင့်ကာ နောင်ချိုကို ပြန်လည်ရယူခဲ့သလို အလယ် ပိုင်းမြို့များဖြစ်သော သပိတ်ကျင်း၊ မတ္တရာအရှေ့ခြမ်းနှင့် ရှမ်းတောင်-ကယားအစပ်မြို့များကိုပါ ထိုးစစ် ဆင်နေသည်။
TNLA ထံမှ ပြန်ပေးရန် တောင်းထားသော ငါးမြို့အနက် ကုန်သွယ်ရေးလမ်းပေါ်ရှိ ရှမ်းမြောက် သုံးမြို့ကို ပြန်လည်တိုက်ခိုက်ယူရန် စစ်ကောင်စီက စိုင်းပြင်းနေသည်။
၂၀၂၃ အောက်တိုဘာလက စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
တစ်နှစ်ကျော်ကြာသိမ်းထားသည့် နောင်ချိုမြို့ကို ဇူလိုင် ၁၆ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းယူထားသည်။ နိုင်ငံပိုင်သတင်းစာများမှလည်း ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။




