သတင်း

လက်နက်ချလာသူ ၆၀ ရှိကြောင်း စစ်တပ်ထုတ်ပြန်ချက်ကို ကာကွယ်ရေးတပ်များ ငြင်း

DPLA နှင့် MDY-PDF တို့က ၎င်းတို့ တပ်ဖွဲ့ဝင်များ လက်နက်ချကြသည်ဟူသော စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုမှာ မှားယွင်နေကြောင်း၊ ထုတ်ပြန်ချက်ကြောင့် တပ်ဖွဲ့အင်အားနှင့် ရည်ရွယ်ချက်များ မထိခိုက်ကြောင်း ပြောသည်။

မကြာသေးမီ ရက်ပိုင်းအတွင်း   လက်နက်ချပူးပေါင်းလာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် အရေအတွက် ၆၀ ရှိသည်ဟု အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ခြင်းမှာ လိမ်လည်ထုတ်ပြန်ခြင်းသာ ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဇူလိုင် ၁၇ ရက်မှစတင်၍ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA) တပ်ဖွဲ့ဝင် ၄၁ ဦး၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF)  တပ်ဖွဲ့ဝင် ၁၅ ဦး၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်  (TNLA) တပ်ဖွဲ့ဝင် ၄ ဦး လက်နက်ချသည်၊  လက်နက် ၁၃ လက် ပါဝင်သည်ဟု  စစ်ကောင်စီက ယမန်နေ့(ဇူလိုင် ၂၂) တွင် ထုတ်ပြန်ခဲ့သည်။ 

DPLA တပ်ဖွဲ့  ၁၉ ဦးမှာ နောင်ချိုမြို့နယ်၊ ယင်းငူပင်ကျေးရွာအနီး စစ်တပ်စစ်ကြောင်းထံကို ဇူလိုင် ၂၂ ကဆက်သွယ်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထိုထုတ်ပြန်ချက်သည် စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဝါဒဖြန့်ချိမှုသာဖြစ်ကြောင်း DPLA ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

“အလင်းဝင်တာမဟုတ်လို့ ထွက်မရှင်းတာပါ။ အလင်းဝင်တယ်ဆိုတာ မျက်နှာမပြ၊ အမည်မပါ၊ ယုတ္တိမရှိတာ တွေ့ကြမှာပါ။ သူတို့လုပ်ရိုးလုပ်စဥ်ပါ” ဟု ၎င်းက ပြောသည်။

ထိုလုပ်ရပ်ကြောင့် DPLA ၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ မထိခိုက်ကြောင်း၊ လတ်တလောတွင် နှစ်ဖက်တိုက်ပွဲများမရှိကြောင်း ၎င်းကပြောသည်။

TNLA အကူအညီဖြင့် ၂၀၂၂ ဩဂုတ်တွင်ဖွဲ့စည်းခဲ့သည့် DPLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ သီပေါ၊ နောင်ချိုနှင့် ကျောက်မဲ စစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ရာ၌ ပါဝင်တိုက်ခိုက်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကွပ်ကဲမှုအောက်တွင်ရှိသည် MDY-PDF ပြန်ကြားရေး တာဝန်ရှိသူ ကိုအော်စမွန်ကလည်း တပ်ဖွဲ့ဝင် ၁၅ ဦး  လက်နက်ချသွားသည် ဟူသော ထုတ်ပြန်ချက်မှာ မမှန်ကန်ကြောင်း Myanmar Now ပြောသည်။

“ဝါဒဖြန့်မှုသက်သက်ပဲဖြစ်ပါတယ်” ဟု သူက ဆိုသည်။

စစ်ကောင်စီထုတ်ပြန်ချက်နှင့်ပတ်သက်၍  TNLA  ပြောခွင့်ရ လွေးယေဦး၏ တုံ့ပြန်ချက် ရရှိရန် ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စစ်ကောင်စီက လူအင်အား၊ ငွေအင်အားအလုံးရင်းသုံး၍ ၎င်းတို့ ထိန်းချုပ်ထားသည့် မြဝတီနှင့် မြန်မာ့အသံကဲ့သို့ နိုင်ငံပိုင်အသံလွှင့်ဌာနများ၊   စစ်တပ်ဩဇာခံ လှုံ့ဆော်စည်းရုံးသူမျာကို အသုံးပြုပြီး အစဉ်တစိုက်ဝါဒဖြန့်ကာ တော်လှန်ရေးကိုပုံဖျက်လေ့ရှိကြောင်း စစ်ရေးလေ့လာသူတို့က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းမန်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့အပါဝင် ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းအတွင်းမှ မြို့နယ်များရှိ စစ်ကောင်စီတပ်ကို မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့၊ MDY PDF, DPLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်၍ မြို့နယ်အများအပြားကို သိမ်းပိုက်ခဲ့သည်။

သို့သော် တရုတ်အကူအညီဖြင့် ကိုးကန့်တပ် MNDAA ကို ဆုတ်ခွာခိုင်းပြီး လားရှိုးမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသည်။   TNLA   ထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက လပေါင်းများစွာ ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်ခဲ့သည်။ ယနေ့တွင် MDY PDF ထိန်းချုပ်သည့် သပိတ်ကျင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း သိရသည်။

Related Articles

Back to top button