ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)က ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့သည့် မန္တလေးတိုင်းအတွင်းမှ ကျေးရွာသုံးရွာကို စစ်တပ်အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်နေကြောင်း ဒေသခံနှင့်စစ်ရေးရင်းမြစ်များကပြောသည်။
MDY-PDF သည် မန္တလေးမြို့၏မြောက်ဘက် ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာ၊သရက်ကိုင်းကျေးရွာနှင့် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာတို့မှ စစ်ကောင်စီတပ်စခန်းများကို ဇူလိုင်(၂၁)နေ့က တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။
ထိုစခန်းများကျသွားသည့်နေ့ကတည်းကစပြီး စစ်တပ်က လေကြောင်း၊လက်နက်ကြီးများဖြင့်ပါ အပြင်းအထန်တိုက်ခိုက်နေသည်ဟု ပုသိမ်ကြီးမြို့နယ်မှ ဒေသခံတို့က Myanmar Nowကိုပြောသည်။“မန္တလေးတောင်ခြေက တပ်တွေကနေလည်း မြကန်သာဖက်ကို လက်နက်ကြီးတွေပစ်နေတယ်။ အချက်၅၀လောက်ရှိပြီ။စစ်ကူတွေ အဲဒီဖက်ကို တက်သွားတာလည်းတွေ့ရတယ်”ဟု ပုသိမ်ကြီးမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ယနေ့မနက်ပိုင်းမှစကာ နေ့လည်၂နာရီဝန်းကျင်အထိ ပုသိမ်ကြီးမြို့နယ် မြကန်သာရွာဖက်မှ လက်နက်ကြီးပစ်ခတ်သံများသည် ပြင်းထန်လွန်းသဖြင့် မန္တလေးမြို့လယ်ခေါင်မှပင် ကြားနေရသည်ဟု မြို့ခံတို့ကလူမှုကွန်ယက်တွင်ရေးသားနေကြသည်။
စစ်ကောင်စီသည် ဇူလိုင်(၂၁)နေ့က စခန်းသိမ်းခံရပြီးနောက် ပုသိမ်ကြီးမြို့နယ်မှ ကျေးရွာအချို့တွင် ခံစစ်ပြင်နေပြီး အင်အားတိုးချဲ့ထားသည်ဟုလည်း ပုသိမ်ကြီးမြို့နယ်သတင်းများကို ဖော်ပြနေသည့် မြေပြင်ကင်းထောက်အဖွဲ့များထံကသိရသည်။
“ပုသိမ်ကြီးမြို့နယ်ထဲ ထပ်မပါအောင် ကာတဲ့အနေနဲ့ မြို့ပေါ်အနီးရွာတွေ၊ချောင်းမကြီးတစ်လျှောက်ရွာတွေကို ညတိုင်းကင်းပတ်ပြီး ဗန်ကာတွေအခိုင်အမာ ဆောက်နေတာတွေလည်းတွေ့ရတယ်”ဟု ဒေသခံစစ်ရေးရင်းမြစ် အမျိုးသားတစ်ဦးကလည်းပြောသည်။
ယမန်နေ့ကလည်း အဆိုပါ ပုသိမ်ကြီးမြို့နယ် မြကန်သာရွာကို လေကြောင်းဖြင့်အကြိမ်ရေ(၃၀)ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မန္တလေးမြို့အထွက် ထီးတော်မိုးစစ်တပ်မှလည်း လက်နက်ကြီးများပစ်ခတ်ကြောင်း ၊ယနေ့မနက်ပိုင်းတွင်လည်း လေကြောင်းအလွန်အကျွံပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ၎င်းကပြောသည်။
“စစ်ဖြစ်တဲ့နေရာတင် မဟုတ်ဘဲ အရပ်သားနေရာတွေပါ ကြဲတယ်။အထိအခိုက်တွေတော့မကြားရသေးပါဘူး”ဟု ဆိုသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သတ်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)မှသတင်းတာဝန်ခံကိုအော်စမွန်က စစ်ကောင်စီအနေဖြင့် ၎င်းတို့လက်လွှတ်ထားရသည့် မြကန်သာရွာ၊သရက်ကိုင်းရွာ၊ထန်းပင်ကုန်းရွာတို့ကို ပြန်လည်ထိုးစစ်ဆင်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ ထိုသုံးရွာလုံးအားMDY-PDFက အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်သည်ဟု Myanmar Nowကို ဇူလိုင်၂၂ညပိုင်းက ပြောဆိုသည်။
မန္တလေးမြို့၏မြောက်ဘက် ၁၈မိုင်အကွာက မြကန်သာကျေးရွာ၊ သရက်ကိုင်းကျေးရွာနှင့် ထန်းပင်ကုန်းရွာတို့ရှိ စစ်စခန်းများကို ဇူလိုင်၂၁နံနက်ပိုင်းတွင် MDY-PDF ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သိမ်းဆည်းလက်နက် မှတ်တမ်းဓါတ်ပုံများကို ထုတ်ပြန်ရာ တရုတ်နိုင်ငံထုတ် လက်နက်ပစ္စည်းများပါဝင်နေသည်ကိုတွေ့ရသည်။
စစ်သုံ့ပန်း၁၆ဦးလည်းရရှိခဲ့ရာ ထိုအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးပါဝင်သည်။ ရုပ်အလောင်း၁၅ခု သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
လက်နက်များ၊ စစ်သုံ့ပန်းများ နှင့်ပတ်သတ်ပြီး ပိုမိုသိရှိ ဖော်ပြနိုင်ရန် မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
မတ္တရာမြို့နယ်တွင် စစ်တပ်က မြို့အနောက်ပိုင်းနှင့်မြို့ပေါ်ရပ်ကွက်များကို စိုးမိုးထားပြီး တော်လှန်ရေးတပ်များက မတ္တရာမြို့နယ်အရှေ့ပိုင်းနှင့် ကျန်မြို့နယ်ထက်ဝက်ကျော်ကို စိုးမိုးထားဆဲဖြစ်သည်။
မတ္တရာဒေသသည် မန္တလေးမြို့သို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး စစ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်သည်။ စစ်ကောင်စီတပ်သည်လည်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် စဉ့်ကူးနှင့်မြောက်ဘက်မြို့များသို့ ပြန်ထိုးစစ်ဆင်ရန် အချက်အခြာကျသည်။
ထို့ပြင် မတ္တရာမြို့နယ်သည် မန္တလေးနှင့်နီးကပ်စွာ တည်ရှိသည့်မြို့ဖြစ်ရာ မတ္တရာနယ်မှတဆင့်မန္တလေးသို့ တော်လှန်ရေးတပ်များထိုးဖောက်လာမည်ကို စစ်ကောင်စီတပ်က စိုးရိမ်နေဖွယ်ရှိသည်ဟု မတ္တရာဒေသ စစ်ရေးရင်းမြစ်များကပြောထားသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀အကွာ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တို့ ပြီးခဲ့သည့်၂၀၂၃ခုနှစ်ဇွန်၂၅မှစကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
မတ္တရာမြို့နယ်မှ စခန်း၃၃ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alphaဘိလပ်မြေစက်ရုံရှိ ကင်းစခန်း၊စစ်ကောင်စီခန့်မ န္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့် ရွှေတွင်းတို့အပါအဝင် စခန်း၅ခုကို MDY-PDFက သိမ်းပိုက်ရရှိထားသည်။



