စစ်တပ်ထဲမှထွက်ပြီးလျှင် အလုပ်အကိုင် ရရန် ကူညီပေးမည်ဟု စစ်ကောင်စီက လူငယ်များကို မက်လုံးပေးနေသည်။
အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် စာမျက်နှာ ၄ မျက်နှာပါ အမိန့်ကြော်ငြာတွင် စစ်တပ်က “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဇူလိုင်လ ၈ ရက်တွင် ဖွဲ့စည်းထားသည်၊ ကာကွယ်ရေးဒုဝန်ကြီး ဦးဆောင်သည်ဟု ဖော်ပြထားသည်။
စစ်တပ်ထဲမှ ထွက်ခွင့်ရသူများကို အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပ အလုပ်သမားကတ်များ ထုတ်ပေးပြီး ပြည်ပအလုပ်အကိုင်ရရှိရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ကော်မတီကို တာဝန်ပေးထားသည်ဟု ဆိုသည်။
ထိုကော်မတီနှင့်ပတ်သက်၍ စစ်သားသစ်စုဆောင်းနေသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဌာနခွဲတစ်ခုကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ကော်မတီဖွဲ့စည်းထားကြောင်း အတည်ပြုသည်။ သို့သော် အသေးစိတ် အချက်အလက်များကို ထုတ်ပြောခြင်းမရှိပါ။
အာဏာသိမ်းပြီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံအနှံ့ ခုခံစစ်နှင့် ရင်ဆိုင်နေရသော၊ စစ်သားသစ် အကြီးအကျယ်စုဆောင်းနေသော စစ်တပ်က လူငယ်များ ပြည်ပထွက်ခွင့် ကန့်သတ်ထားချိန်တွင် ပြည်ပအလုပ်အကိုင်ရရှိရေး ကူညီမည်ဟု မက်လုံးပေးနေခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေတွင် လူငယ်များ ၂ နှစ် အနည်းဆုံး စစ်တပ်ထဲ နေရမည်၊ လိုအပ်လျှင် ၅ နှစ်အထိ နေရမည်ဟု ဖော်ပြထားသည်။
၂၀၂၄ ဧပြီတွင် ထောင်နှင့်ချီသော လူငယ်များ တက်ရောက်သည့် သင်တန်း အပတ်စဉ် (၁) ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်ခဲ့သူများ လုပ်သက် ၂ နှစ် ပြည့်တော့မည် ဖြစ်သည်။
ဤအချိန်တွင် ပေါ်ပေါက်လာသည့် ပြည်ပအလုပ်အကိုင်ရရှိရေး မက်လုံးသည် စစ်သားသစ်စုဆောင်းမှု ခက်ခက်ခဲခဲ လုပ်ဆောင်နေသူတို့၏ စည်းရုံးရေး အစီအစဉ်တစ်ခု ဖြစ်သည်ဟု နေပြည်တော်နေ သားသုံးယောက်ဖခင် အသက်၅၀အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
“တပ်ထဲပါလို့ သေသွားရင် နိုင်ငံခြားလည်း သွားလို့မှ မရတော့တာ၊ ငါ့သားတွေကိုတော့ မနှစ်ကတည်းက နယ်စပ်ဘက်ပဲ ပို့ထားတာ၊ အိမ်မှာကို မထားတော့တာ” ဟု ၎င်းက ဆိုသည်။
စစ်မှုထမ်း အပတ်စဉ် (၂) အပြီး တိုက်ပွဲတွင် သေဆုံးခဲ့ရသူ နေပြည်တော်မှ လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက ထိုမက်လုံးများမှာ ယုံကြည်ဖွယ်ရာမရှိဟု မှတ်ချက်ပြုသည်။
“သေမယ့်နေရာပို့ပြီးမှ ဟိုဟာလုပ်ပေးမယ် ဆိုတာက ဘာမှသေချာတာ မဟုတ်ဘူးလေ” ဟု ထိုအမျိုးသမီးက ဆိုသည်။
ထိုစစ်မှုထမ်းဥပဒေအရ အသက် ၁၈နှစ်မှ ၃၅နှစ်ကြား လူငယ်များကို နိုင်ငံအနှံ့ လိုက်လံ ဖမ်းဆီးပြီး သင်တန်းကျောင်းသို့ ပို့နေရာ ဇူလိုင် ၁၄ရက်နေ့တွင် သင်တန်းအပတ်စဉ် (၁၅)ထိ ဖွင့်လှစ်နိုင်ခဲ့သည်။
အပတ်စဉ် တစ်ခုလျှင် လူဦးရေ ၅၀၀၀နှုန်းထိ ပါဝင်သဖြင့် လက်ရှိအချိန်ထိ ၇,၅၀၀၀ထိ စစ်သားသစ် စုဆောင်းနိုင်ခဲ့ပြီး ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကတည်းက နာမည်ပျက်နေသော တပ်မတော်ထဲသို့ ဝင်ရောက်လိုသူ နည်းပါးလျက်ရှိသည်။
ထွက်ခွင့်ရရေး လွန်စွာ ခက်ခဲသည့် တပ်မတော်ထဲ မဝင်ရောက်လိုသဖြင့် လူငယ်အများအပြား ပြည်ပသို့ သွားရောက်ရန် ကြိုးစားကြသလို တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများသို့လည်း တိမ်းရှောင် ခိုလှုံလျက်ရှိသည်။



