သတင်း

ဆားလင်းကြီးပကဖ ဘဏ္ဍာရေးတာဝန်ခံ လုပ်ကြံသတ်ဖြတ်ခံရ

NUG ၏ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘဏ္ဍာရေးတာဝန်ခံကို ယနေ့နံနက်အာရုံတက်ချိန်တွင် သေနတ်သမားက သူနေထိုင်ရာ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ျာသည် ယနေ့(ဇူလိုင် ၂၂) အာရုံတက်ချိန်တွင် သူနေထိုင်ရာနေအိမ်တွင်   လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။  

သေနတ်သမားသည်  ကိုလက်ျာ၏နေအိမ်သို့ဝင်ရောက်ခဲ့ပြီးနောက် အိပ်ပျော်နေသည့်သူ့ကို  ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ခေါင်းကိုကျည်နှစ်ချက် ပစ်သွားတာ။ နောက်ဆက်ကနေ ပစ်တဲ့အခါမှာ ဘယ်ဘက်ကို စောင်းအိပ်တာ ဖြစ်တဲ့အတွက် ညာဘက်ခေါင်းခြမ်းပွင့်သွားတယ်” ဟု ဆားလင်းကြီးမြို့နယ် ဒေသခံအမျိုးသား တစ်ဦး ကပြောသည်။ 

အဆိုပါလုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူတစ်ဦးကို ဖမ်းမိထားသည်ဟုလည်း ဒေသတွင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။  

လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသူ မည်သူမည်ဝါဖြစ်သည်၊ လုပ်ကြံသတ်ဖြတ်မှုအတွင်း အခြားပူးပေါင်းပါဝင်သူများရှိမရှိ၊ စသည့်အသေးစိတ်အခြေအနေများကို မသိရသေးပါ။ 

တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက လုံခြုံရေးအရ ဆားလင်းကြီး(ပကဖ) ဘဏ္ဍာရေးတာဝန်ခံ လုပ်ကြံခံရသည့် နေရာအတိအကျကို ပြောဆိုခဲ့ခြင်းမရှိဘဲ အခင်းဖြစ်ပွားရာနေရာသည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့ မြောက်ဘက်ရှိ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ကျေးရွာတစ်ရွာဟု ရည်ညွှန်းခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ရှိ ကိုလက်ျာ(ခ) ကိုတူးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စတင်ချိန် ကတည်းကပင် တက်တက်ကြွကြွပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာခဲ့ကာ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် Young People Force အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

နယ်မြေ လုံခြုံရေးအခြေအနေအရ သူ၏နာရေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး မီးသင်္ဂြိုဟ် ခဲ့ကြောင်းသိရသည်။ 

ယနေ့နံနက်က နာရေးကျင်းပသည့်နေရာနှင့် ကပ်လျက်ရှိရွာကို ချင်းတွင်းမြစ် တစ်ဘက်ကမ်း မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှတက်လာသည့် အင်ဂျင်တပ်လေထီး တစ်စီးက  ဗုံးသီး ကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး လက်မောင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“နာရေးအခမ်းအနားကို အဓိကထားပြီး စကစ က လုပ်တယ်လို့ယူဆတယ်။ ခုက အကုန်လုံးက ပြီးပါပြီ။ ခေါင်းဆောင်တွေနဲ့တိုင်ပင်ပြီး အမြန်ဆုံး လုပ်ရအောင်ဆိုပြီး..စီစဉ်နေတုန်းမှာကို ပါရာမော်တာ နဲ့လာပြီးတော့ ၁၈၀ နှစ်လုံး လာချသွားတယ်” ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၆ ရက်နေ့က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ  ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေ နှင့် သုံးလသားအရွယ် သမီးငယ်တို့မှာ နေအိမ်ထဲတွင်ပင် ဓါးဖြင့် ထိုးသတ်ခံခဲ့ရ သည့် ဖြစ်စဉ်မှာ ၇ လကြာသည့်တိုင် တရားခံ ဖမ်းဆီးရမိမှုမရှိသေးကြောင်း သိရသည်။ 

ထို့ပြင် ကောလင်းမြို့နယ်၊ သယံဇာတကော်မတီ အတွင်းရေးမှူး ဦးအရိန္ဒာမှာ တော်လှန်ရေး အင်အားစုများ စိုးမိုးထားသည့် နယ်မြေတွင် ဇန်နဝါရီ ၂ ရက်က ပစ်သတ်ခံခဲ့ရသည်။ ရက်ပိုင်းအကြာ ဇန်နဝါရီ ၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာ ပအဖ တာဝန်ခံမှာ နေအိမ်တွင်ရှိနေစဉ် မှာပင် ပစ်ခတ်ခံခဲ့ရသည်။ 

တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေအတွင်း သတ်ဖြတ်ခံရမှုများတွင် အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်မှုမှာ အားနည်းနေဆဲဖြစ်ပြီး ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းရန်လိုကြောင်း တော်လှန်ရေး အင်အားစုများ၊ တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။  

“တရားလက်လွှတ် သတ်ဖြတ်မှုတွေ ထပ်ပြီးမပေါ်ပေါက်စေဖို့ အတွက် တာဝန်ရှိသူ၊ တာဝန်ရှိတယ်လို့ နာမည်ခံထားတဲ့ ပြည်သူ့အစိုးရဟာ လက်ရှိအချိန်ထိ ပေါ်ပေါက်ခဲ့တဲ့ အမှုအခင်းတွေမှာ တတ်နိုင်သမျှ သမာသမတ်ကျကျနဲ့ အမြန်ဆုံး အရေးယူ ဆောင်ရွက်ကြပါလို့လည်း တိုက်တွန်းလိုပါတယ်”ဟု အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီ (BEGSC ) အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်မြတ်မိုးက မှတ်ချက်ပြုသည်။ 

ဆားလင်းကြီး(ပကဖ) ဘဏ္ဍာရေးတာဝန်ခံ ကိုလက်ျာ 

Related Articles

Back to top button