သတင်း

အာရက္ခတပ်တော် AA ကျင့်သုံးနေသည့် စစ်မှုမထမ်းမနေရစနစ်အကြောင်း – သိရသမျှ

အာရက္ခတပ်တော် (AA)သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း အရွယ်ရောက်သူတိုင်း စစ်ထဲမဝင်မနေရ စနစ်ကျင့်သုံးပြီး စစ်အင်အားကို ချဲ့ထွင်နေသည်။

AA’ ဟုလူသိများသည့် ရခိုင်လက်နက်ကိုင်တပ် ‘အာရက္ခတပ်တော်’သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း အရွယ်ရောက်သူတိုင်း စစ်ထဲမဝင်မနေရ စနစ်ကျင့်သုံးပြီး စစ်အင်အားကို ချဲ့ထွင်နေသည်။

စစ်မှုထမ်းစနစ်အတွင်း အကျုံးဝင်သူ သန်းဂဏန်းနီးပါးအထိ ရှိနိုင်ကြောင်း AA ဘက်က ခန့်မှန်းထားပြီး စစ်မှုထမ်းများသည် AA ၏အမြဲတမ်းစစ်သားများနှင့်အတူ ထိန်းချုပ်နယ်မြေများကို ကာကွယ်ရမည်ဟု လည်းဆိုသည်။  

ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အလျင်အမြန်အင်အားကြီးထွားလာသည့် AA သည် မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ နတ်မြစ်ဝမှ ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ ကျယ်ပြောလှသော ရခိုင်ကမ်းရိုးတန်း တစ်ခုလုံးနီးပါးကို ပြီးခဲ့သည့် ၂၀၂၄ အတွင်း  စစ်ကောင်စီလက်ထဲမှ တိုက်ယူခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ထားသည်။

စစ်မှုထမ်းစနစ်ကို AA က အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ပါက နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့နောက်လိုက်စစ်သားများသည် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ရခိုင်ကမ်းမြောင်ဒေသတွင် အခြေချတပ်စွဲရန် ခက်ခဲသွားမည်ဖြစ်သည်။ 

သို့သော်အခြားတဖက်တွင် AA သည်စစ်မှုထမ်းစနစ်ကို အမှန်တကယ် အကောင်အထည် ဖော်နိုင်မည်လားဆိုသည့် မေးခွန်းများလည်းရှိနေသည်။ 

AA က စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်တွင် လိုလိုလားလား စစ်သင်တန်းတက်ကြသူများရှိသလို စစ်မတိုက်လို ကြသဖြင့် ထွက်ပြေးတိမ်းရှောင်ကြသူများ၊ AA သိမ်းပိုက်ထားသည့်ဒေသများမှ ရခိုင်မဟုတ်သည့် အခြားမျိုးနွယ်စုများ၏ ငြင်းဆန်မှု အချို့ကိုလည်း AA ရင်ဆိုင်နေရသည်။

NEDP (သို့မဟုတ်) AA ၏ မဝင်မနေရ စစ်မှုထမ်းစနစ်

AA က ၎င်းတို့ ကျင့်သုံးမည့် စစ်မှုထမ်းစနစ်ကို အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဌာန်းချက် (NEDP) ဟုအမည်ပေးပြီး ယခုနှစ် မတ်လ၊ ၁၈ ရက်နေ့တွင် စတင်ကြောင်း ကြေညာခဲ့သည်။ 

အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းအမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများသည် စစ်သင်တန်း နှစ်လတက်ပြီးနောက် နှစ်နှစ်ကြာ စစ်မှုထမ်းရမည်ဟု AA က သတ်မှတ်ထားသည်။

စစ်မှုထမ်းကာလပြီးဆုံးခဲ့ပါက AA ၏အမြဲတမ်းစစ်သားအဖြစ် ဝင်ရောက်နိုင်သလို အရပ်ဘက် အုပ်ချုပ်ရေးဝန်ထမ်း အဖြစ်လည်း စာရင်းပေးသွင်းနိုင်သည်ဟု AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အမေရိကန် ပြည်ထောင်စုအခြေစိုက် အာရက္ခမီဒီယာနှင့် ပြီးခဲ့သည့် မေလအတွင်းက ပြုလုပ်ခဲ့သည့် ရုပ်သံတွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ အတွင်းက အသက်သွင်းခဲ့သည့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနည်းတူ၊ AA ၏ စစ်မှုထမ်းစနစ်တွင်လည်း သာသနာ့ဝန်ထမ်းများ၊ ဆေးအဆင့်မမီသူများ၊၊ မသန်စွမ်းများ၊ AA က အမိန့်ထုတ်ကာ ကင်းလွတ်ခွင့်ပြုသူများကို စစ်မှုထမ်းဆင့်ခေါ်မည် မဟုတ်ဟု AA က သတ်မှတ်ထားသည်။ အလားတူ ယာယီကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်များကိုလည်း ပြဌာန်းထားသည်။

AA ဆီမှာ ဘယ်သူတွေစစ်မှုထမ်းရမလဲ

လွန်ခဲ့သည့် ၁၆ နှစ်၊ ၂၀၀၉ က ကချင်လက်နက်ကိုင်တပ် KIA ဌာနချုပ်ရှိရာ မြန်မာ- တရုတ်နယ်စပ်တွင် လူ ၂၆ယောက်၊ သေနတ်တစ်လက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည့် AA သည် ရခိုင်လူမျိုးများ၏ လက်နက်ကိုင်တပ် အဖြစ်ရပ်တည်ခဲ့သည်။

စတင်ဖွဲ့စည်းစဉ်က ‘ရက္ခိုင့်တပ်မတော်’ ဟုအမည်ပေးခဲ့ပြီး ၁၀ နှစ်ကြာသောအခါ ‘ရက္ခိုင့်တပ်တော်’ ဟု အမည်ပြောင်းခဲ့သည်။ ထို့နောက်တပ်တည်ထောင်သည့် ၁၅ နှစ်ပြည့်ချိန်၊ ၂၀၂၄၊ ဧပြီလတွင်  ‘အာရက္ခတပ်တော်’ ဟု ထပ်မံ အမည်ပြောင်းခဲ့သည်။ 

အာရက္ခ’ ၏အဓိပ္ပာယ်သည် ‘ရခိုင်ဒေသ’ ဟုရည်ညွှန်းသည့် ရှေးခေတ်အခေါ်အဝေါ်ဖြစ်ပြီး  ၎င်းတို့တပ်သည် ရခိုင်လူမျိုးများ အတွက်သာမက အာရက္ခဒေသတွင် နေထိုင်သူများ၏ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်စေရန် အမည်ပြောင်းခြင်းဟု AA ကဆိုသည်။ 

AA ကအမည်ပြောင်းရုံသာမက တပ်ဖွဲ့စည်းပုံကို လူမျိုးစုလက်နက်ကိုင်တပ်အဖြစ်မှ ဒေသတွင်း လူမျိုးစုံပါဝင်သည့် လက်နက်ကိုင်အဖြစ် အသွင်ပြောင်းရန်ကြိုးစားနေသည်။ 

AA က ထုတ်ပြန်သည့် ဧရာဝတီ- ရခိုင်နယ်စပ်ရောက် တပ်ဖွဲ့ဝင်များ၏ မှတ်တမ်းဓာတ်ပုံတွင် စစ်ကောင်စီတပ်ထံက သိမ်းဆည်းရမိထားသည့် သံချပ်ကာယာဉ်များကို တွေ့ရသည်။

စစ်မှုထမ်းဆင့်ခေါ်ရာတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ၁၉၇၂ တွင်သတ်မှတ်ခဲ့ပြီး နောက်ပိုင်းမြန်မာအစိုးရ အဆက်ဆက် ကျင့်သုံးခဲ့သည့် တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်ကို AA က ဆက်လက်ကိုင်ဆွဲထားသည်ဟု နားလည်ရသည်။

AA ၏ မဝင်မနေရ  NEDP စစ်မှုထမ်းစနစ်တွင် AA သိမ်းပိုက်ထားသည့် ဒေသများမှ ရခိုင်နှင့်ချင်း မျိုးနွယ်စုများသည် မဝင်မနေရစနစ်ဖြင့် စစ်သင်တန်းတက်ရမည်ဟု စုံစမ်းသိရှိရသည်။ ဗမာအပါအဝင် အခြားတိုင်းရင်းသားများ မျိုးနွယ်စုများ၊ တရုတ်နှင့် အိန္ဒိယနွယ်ဖွားများကဲ့သို့သော လူမျိုးစုများကတော့ မဝင်မနေရစနစ်တွင် မပါသေးသော်လည်း ဆန္ဒအရ စစ်ထဲဝင်နိုင်ကြောင်း အမည်မဖော်လိုသည့် AA အရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။

တိုင်းရင်းသား ၁၃၅ မျိုး သတ်မှတ်ချက်အရ ရခိုင်မျိုးနွယ်စုတွင် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့် လူမျိုးစု ခုနစ်  စုရှိပြီး၊ ချင်းမျိုးနွယ်စုတွင် ၅၃ စုရှိသည်။

ရိုဟင်ဂျာတွေမပါတဲ့ AA စစ်မှုထမ်းစနစ်

ဒေသခံများ၊ ရခိုင်ဒေသအခြေစိုက် AA တပ်မှူးများ၏အဆိုအရ ရိုဟင်ဂျာများကိုတော့ စစ်မှုထမ်းရန် ဆင့်ခေါ်မည်မဟုတ်ဟု AA ဘက်က သတ်မှတ်ထားသည်ဟုဆိုသည်။ သို့သော် AA ကို သစ္စာခံသည့် ရိုဟင်ဂျာများလည်းရှိပြီး ၎င်းတို့သည် AA ဖွဲ့စည်းပေးထားသည့် ရဲတပ်ဖွဲ့နှင့် အရပ်ဘက်အုပ်ချုပ်ရေး တို့တွင် ပါဝင်နေသည်ဟု ဒေသခံတို့က ဆိုသည်။

အခြားတဖက်တွက် ရခိုင်ပြည်နယ်၊ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တလျောက်တွင် ရိုဟင်ဂျာ အမည်ဖြင့် လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ထက်မနည်းရှိသည်။ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) နှင့် အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) စသည့်တပ်များကို “ မွတ်စလင် လက်နက်ကိုင်တပ်ဖွဲများ” ဟု AA ကရည်ညွှန်းလေ့ရှိသည်။ 

အဆိုပါ ရိုဟင်ဂျာတပ်များသည်  အာဏာသိမ်း စစ်ကောင်စီနှင့်အတူ ပူးပေါင်းပြီး ၎င်းတို့ကို တိုက်ခိုက်နေသည်ဟု AA ကမကြာခဏ သတင်းထုတ်ပြန်လေ့ရှိသည်။ ထို့အပြင်စစ်တပ်သည် AA ကို တိုက်ခိုက်ရန်အတွက် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာများနှင့် အခြား မွတ်စလင်များကို စစ်သင်တန်းပေးကာ လက်နက်တပ်ဆင် ပေးထားသည်။

NEDP စစ်မှုထမ်းစနစ် ပြဌာန်းရခြင်းက ‘ဖက်ဆစ်စစ်ကောင်စီ’ နှင့် ‘  မွတ်ဆလင် အကြမ်းဖက် အဖွဲ့အစည်းများ’ ၏ ရန်ကိုကာကွယ်ရန်ဟုလည်း AA ကအကြောင်းပြထားသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဒုက္ခသည်စခန်းမှ မွတ်စလင်လူငယ်များကို အာဏာသိမ်း စစ်တပ်က ၂၀၂၄ အတွင်း စစ်သင်တန်းပေးနေစဉ်။ (ဓာတ်ပုံ – Western News ပါ ဗီဒီယိုဖိုင်မှ)

ရခိုင်မဟုတ်သည့် လူမျိုးစုများနှင့် AA ၏စစ်မှုထမ်းဥပဒေ

၁၉၄၈ ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်လာသည့် ဗဟိုအစိုးရအား လက်နက်ကိုင်တော်လှန်ကြသူများ၏ အားလုံးနီးပါးသည် လူမျိုးစုများကိုအခြေခံပြီး ဖွဲ့စည်းခဲ့ကြသည်။ 

AA သည်လည်း ရခိုင်မျိုးနွယ်စုများ၏ လက်နက်ကိုင်တပ်အဖြစ် စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ ရခိုင်တို့၏ ထောက်ခံမှုကို အများအပြားရရှိထားသည်။ ၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီးနောက် ရခိုင်မဟုတ်သည့် လူမျိုးစုများ၏ ထောက်ခံမှုကိုပါ AA ထပ်မံရရှိခဲ့ပြန်သည်။

စစ်တပ်ကိုလက်နက်ဆွဲကိုင်တော်လှန်ရန် ဆုံးဖြတ်ကြသည့် လူငယ်များကို စစ်သင်တန်းပေးပြီး ဒေသတွင်း PDF တပ်များ၊ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ငယ်များ ဖွဲ့စည်းနိုင်ရန်  AA က အကူအညီပေးခဲ့သည်။ အခြားတဖက်တွင်လည်း နိုင်ငံမြောက်ပိုင်း စစ်မျက်နှာပြင်များတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့်  ကချင်တပ် (KIA) ၊ တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့ထံ AA က စစ်ကူများပို့ထားပြန်သည်။ 

– မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီးတွင် မဟာမိတ်များနှင့်အတူ တပ်စွဲထားသည့်  AA တပ်များကို ၂၀၂၄ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – AA)

ရခိုင်မဟုတ်သည့် အခြားလူမျိုးစု လက်နက်ကိုင်တပ်များနှင့် ခိုင်မာသည့် ဆက်ဆံရေး တည်ဆောက်ထားသည့် AA သည် ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် စစ်မှုထမ်းအတွက် အခြားလူမျိုးစုများကို ဆင့်ခေါ်ရန်သတ်မှတ်သည်က စိန်ခေါ်မှုများလည်း ရှိနေပြန်သည်။

AA သိမ်းပိုက်ထားသည့် ဒေသထဲတွင် ချင်းပြည်နယ်ထဲမှ လူဦးရေ တစ်သိန်းကျော်နေထိုင်သည့် ပလက်ဝ မြို့နယ်လည်းပါဝင်သည်။ စစ်ကောင်စီ၏ ၂၀၂၃၊ စာရင်းများအရ ပလက်ဝတွင် ချင်းလူမျိုး(၈၂) ရာခိုင်နှုန်း နေထိုင်ပြီး ရခိုင်လူမျိုးမှာ(၁၈) ရာခိုင်နှုန်းခန့်သာရှိသည်။ 

AA ၏ စစ်မှုထမ်းစနစ်အရ ပလက်ဝမှ ချင်းမျိုးနွယ်စုများသည် AA ထံတွင် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခံရမည်ဖြစ်သည်။ 

၁၉၈၈ တွင် စတင်ထူထောင်ခဲ့သည့် အိန္ဒိယနယ်စပ်အခြေစိုက် ချင်းအမျိုးသားတပ်ဦး(CNF) ၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ AA ၏ စစ်မှုထမ်းစနစ်သည် ကောင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေမည်ဟု မှတ်ချက်ပေးသည်။ 

“CNF ဟာ ကိုယ့်ပြည်သူရဲ့ အနေအထားကို ကြည့်ပြီး စစ်မှုမထမ်းမနေရ ဆိုတာမျိုး မလုပ်ဘူး၊ ယနေ့ ၂၁ ရာစုမှာ၊ ဒုတိယကမ္ဘာစစ်တုန်းကလို စစ်ရေးနဲ့ ဘာမဆို လုပ်လို့ရမည်ဆိုတဲ့ အတွေးအခေါ်၊ လုပ်ရပ်တွေက ကောင်းကျိုးထက်ဆိုးကျိုးပဲ ပိုဖြစ်သွားစေမှာပါ။ ချင်းပြည်သူတွေရဲ့ စိတ်ထဲမှာ ဖြေမရတဲ့ စိတ်ဒဏ်ရာ အမဲစက်ကြီး ကျန်သွားမည်” ဟု ၎င်းကဆိုသည်။ 

ချင်းအမျိုးသားတပ်ဦး(CNF) နှင့် အာရက္ခတပ်တော်(AA) တို့သည့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သော်လည်း ထိုနှစ်ဖွဲ့ကြားတွင် တင်းမာသည့် ဆက်ဆံရေးရှိသည်။

 AA နှင့် ချင်းလူမျိုးစုလက်နက်ကိုင်တပ်များနှင့် ဆက်ဆံရေး

AA သည်ပလက်ဝမှ ချင်းလူမျိုးများအား ၎င်းတို့ထံတွင် စစ်သင်တန်းတက်ရန် စည်းရုံးနေသည်ဟုလည်း ဒေသခံများကို ကိုးကားပြီး ချင်းသတင်းဌာန Chin World က ဧပြီလအတွင်းက ရေးသားသည်။

 “…(AA က)  တစ်ရွာဝင်တစ်ရွာထွက်ပြီး ရခိုင်လူမျိုးမဟုတ်တဲ့ ချင်းတွေလည်း သူတို့ရဲ့စစ်သင်တန်းကို တက်ရောက်ရမယ်လို့ ပြောတာတွေရှိတယ်၊ မီဇိုရမ်ဘက်ရောက်နေတဲ့သူတွေရှိရင်လည်း ပြန်ခေါ်ရမယ်လို့ သူတို့မိဘတွေကို ပြောတာတွေရှိတယ် အခုလိုလုပ်တာ သုံးရက်လောက်ရှိပြီ ကျေးရွာ ခြောက် ရွာလောက်ကို အဲလိုလုပ်သွားပြီ အခုလည်း တစ်ရွာဝင် တစ်ရွာထွက် ဆက်လုပ်နေတယ်” ဟု ပလက်ဝဒေသခံတစ်ဦး ကို ကိုးကားပြီး Chin World သတင်းဌာနက ရေးသားသည်။ 

ပလက်ဝမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – AA)

ပလက်ဝတွင်လှုပ်ရှားသည့် ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၏ အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းပေါလ်ကတော့ စစ်အာဏာရှင်ကို တော်လှန်နေသည့် ကာလတွင် ပလက်ဝမြို့ကို ကာကွယ်ရန်နှင့် ချင်းပြည်သူများလွတ်မြောက်ရေးအတွက် ဒေသခံများကို AA က စစ်သင်တန်းပေးမည်ဆိုပါက လက်ခံမည်ဟုဆိုသည်။ 

သို့သော်လည်း ဒေသခံများကို စစ်ပညာသင်ပေးပြီးနောက် ၎င်းတို့ဆန္ဒဘဲ အခြားစစ်မျက်နှာပြင်များဆီသို့ ပို့ဆောင်ပါက ကန့်ကွက်မည်ဟုဆိုသည်။

“…အာဏာရှင်ကိုတော်လှန်တဲ့အတွင်းမှာတော့ ပလက်ဝမကဘူး၊ ကျနော်တို့အနေနဲ့ စစ်ပညာကို မဖြစ်မနေသင်ယူရလေ့လာရမယ်ဆိုတာကို ထောက်ခံတယ်” ဟု ၎င်းကဆိုသည်။

ထောက်ခံသူရော၊ ထွက်ပြေးသူပါရှိနေသည့် AA ၏ စစ်မှုထမ်းစနစ်

ရခိုင်အလံနှင့် အာရက္ခတပ်တော် (AA) အလံတို့ကို ကိုင်ဆောင်၍ ရခိုင်စည်တော်ကိုတီးကာ လူအုပ်စုတစ်စု လမ်းမတစ်လျှောက် ချီတက်လာကြသည်။ နောက်ကလိုက်ပါလာသည့် လူအုပ်စုများသည် လူငယ်လူရွယ် အမျိုးသား ၊ အမျိုးသမီးတို့ဖြစ်ကြပြီး နှစ်ယောက်တစ်တွဲ လမ်းလျှောက် ချီတက်လာကြရာ ဘေးပတ်ဝန်းကျင်တွင် ရပ်ကြည့်နေကြသူများက သပြေခက်များပေးကာ အားပေးနေကြသည်။

ထိုမြင်ကွင်းက  ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်နေရာတွင် AA ၏ စစ်မှုထမ်းစနစ်ကို ထောက်ခံကြသူများက စစ်မှုထမ်းရန်အတွက် ထွက်ခွာသွားသည့် လူငယ်များကို လိုက်ပါပို့ဆောင်နေကြခြင်းဖြစ်သည်။ 

ပေါက်တောမြို့နယ်မှ ကိုကျော်ခန့်စံကလည်း AA ၏ စစ်မှုထမ်းစနစ်ကို ထောက်ခံသူထဲတွင် ပါဝင်ပြီး ယင်းစနစ်က ရခိုင်တို့အတွက် လိုအပ်သည်ဟု မှတ်ချက်ပေးသည်။

“အာရက္ခတပ်တော်အနေနဲ့ နယ်မြေပိုင်ဆိုင်လာမှုနဲ့ စစ်ရေးနယ်မြေကျယ်ပြန့်လာမှုနဲ့အတူ အခြေခံ

စစ်သည်အင်အား လိုအပ်ချက်အရ အမျိုးသားကာကွယ်ရေးအတွက် စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေတစ်ရပ်ကို အသက်သွင်းဆောင်ရွက်တာဖြစ်တယ်လို့ ရှုမြင်မိပါတယ်”ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့နယ်မှ အသက် ၂၅ အရွယ် အမျိုးသမီးတစ်ဦးကလည်း AA သည် စစ်ကောင်စီအပြင် မောင်တော၊ ဘူးသီးတောင်ဒေသတို့တွင်  ရိုဟင်ဂျာလက်နက်ကိုင်များ၏ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရသဖြင့် ရခိုင်သားတိုင်းစစ်သင်တန်း တက်ထားသင့်သည်ဟုလည်းဆိုသည်။ 

“ကျမအနေနဲ့ ဒီပြည်မှာနေထိုင်တဲ့လူငယ်တစ်ယောက်ဖြစ်တာကြောင့် ဒီပြည်ကိုကာကွယ်ဖို့အတွက် တပ်ထဲကို ဝင်ရမယ်ဆိုရင်လည်း အဆင်ပြေတယ်။ သီးခြားလွတ်လပ်တဲ့ နယ်မြေတစ်ခုအဖြစ်နဲ့ ရပ်တည်ဖို့ဆိုရင် အင်အားကောင်းတဲ့ စစ်တပ်လိုတယ်လို့မြင်တယ်”ဟု ၎င်းကဆိုသည်။ 

ဒေသခံများ၏အဆိုအရ ကျေးရွာများတွင် ဆန္ဒအလျောက် စစ်ထဲဝင်လိုသူ နည်းပါးပါက မဲနှိုက်ကြပြီး မဲပေါက်သူက AA ထံ စစ်သင်တန်းတက်ရသည်ဟုဆိုသည်။ AA ထိန်းချုပ်ဒေသများတွင် မိမိဆန္ဒအလျောက် ဝင်ရောက်သူများလည်း ရှိသလို စစ်မှုမထမ်းချင်၍ ထွက်ပြေးတိမ်းရှောင်ကြသူများလည်း ရှိသည်။ 

AA ထံ စစ်သင်တန်းမတက်လိုသူများ၊ စစ်ပွဲကိုတိမ်းရှောင်လိုသူများသည် စစ်တပ်ကသတ်မှတ်ထားသည့် စစ်မှုထမ်းဥပဒေရှိနေသည့်တိုင် စစ်တပ်ထိန်းချုပ်ရာ ရန်ကုန်နှင့်အခြားမြို့များဆီသို့ ထွက်ခွာရန် ကြိုးပမ်းကြသည်။ 

ဒေသခံအချို့၏အဆိုအရ AA သည်ကျန်းမာရေးကြောင့် ရခိုင်ပြည်နယ်ထဲမှ ထွက်ခွာလိုသူများကို ခွင့်ပြုထားသော်လည်း စစ်မှုထမ်းရန်အတွက် တိမ်းရှောင်သည်ဟု သံသယရှိသူများအား လမ်းတွင်ဖမ်းဆီးစစ်ဆေးကာ ၎င်းတို့၏ စစ်သင်တန်းကျောင်းများဆီသို့ တိုက်ရိုက်ပို့ဆောင်သည်ဟု ရသေ့တောင်မြို့နယ်တွင် နေထိုင်သော အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော့်သမီးဆိုရင် ရန်ကုန်သွားမယ်ဆိုပြီး အမျိုးတွေနဲ့ လိုက်သွားတာ လမ်းမှာအဖမ်းခံရတယ်။ အမျိုးတွေက ပြောလို့ လိုက်ရှာပေမယ့် လုံးဝရှာမရဘူး။တစ်လလောက်နေမှ စစ်သင်တန်းကျောင်းကို ရောက်နေတာသိရတယ်။ အခုသူနဲ့တွေ့ရပြီ။ဒါပေမယ့် ပြန်တောင်းလို့ မရတော့ဘူး။ ကျောင်းကိုရောက်နေရင် လွှတ်ပေးလို့ မရတော့ဘူးတဲ့ ”ဟု ၎င်းကဆိုသည်။ 

နှစ် ၂၅၀ ကြာသည့်သမိုင်းတကျော့ပြန်လည်ခြင်း

“ရက္ခိုင်ရှေးဟောင်း ယဥ်ကျေးမှုအမွေအနှစ် မြောက်ဦးမြို့”ဟု ရေးထိုးထားသော ရခိုင်တို့၏နောက်ဆုံး မင်းနေပြည်တော် မြောက်ဦးမြို့ဝင်မုခ်ဝတွင် AA အလံနှစ်ခုကို လွှင့်ထူထားပြီး အလယ်တွင် ရခိုင့်အောင်လံကို စိုက်ထူထားသည်။ ရခိုင်တို့အတွက် ထိုအခွင့်အရေးရရန် နှစ်ပေါင်း ၂၅၀ စောင့်ဆိုင်းခဲ့ရသည်။ 

တတိယမြောက်ဦးခေတ် မဟာသမ္မတရာဇာမင်းလက်ထက် ၁၇၈၅ တွင် ဘိုးတော်ဘုရားဟု လူသိများသည့် ကုန်းဘောင်ဘုရင် ဗဒုံမင်းကစေလွှတ်သည့် တပ်များ၏တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင်ကို ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်ကတည်းကစပြီး ရခိုင်ဘုရင့်နိုင်ငံ အဆုံးသတ်သွားသည်။ 

ရာစုနှစ်နှင့်ချီကြာမြင့်ခဲ့ပြီးနောက် ရခိုင်မင်းနေပြည်တော်ဖြစ်ခဲ့ဖူးသော မြောက်ဦးမြို့ကို AA က ၂၀၂၄၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီလက်ထဲမှ ပြန်လည်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ရခိုင်ဘုရင်တို့၏ နန်းရာကုန်း၊ မြောက်ဦးမြို့အနှံ့ ရခိုင်အလံနှင့် AA အလံတို့ကို စိုက်ထူထားခဲ့သည်။ 

ထိုမြင်ကွင်းအတွက်  “သိပ်ပျော်တယ်”ဟု မြောက်ဦးမြို့က အသက် ၂၇ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၄၊ ဇန်နဝါရီလဆန်းက မြောက်ဦးမြို့အဝင်တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-3BH)

Myanmar Now သတင်းထောက်က မြောက်ဦးကို ဇွန်လက သွားလာခဲ့ရာတွင် ပြည်သူလူထုများ သွား လာလှုပ်ရှားနေသည်ကို တွေ့ခဲ့ရပြီး လမ်းဆုံ၊ လမ်းခွ အချို့တွင် ဂိတ်လုပ်ထားပြီး AA တပ်ဖွဲ့ဝင် များ ထိုင်နေသည်ကိုတွေ့ရသည်။သို့သော် လမ်းသွား၊ လမ်းလာများကို စစ်ဆေးမှုတော့ တစ်စုံတစ်ရာ မမြင်ခဲ့ရပေ။

AA တပ်ဖွဲ့များ စစ်ကောင်စီတပ် ပိုင်ဆိုင်ခဲ့ဖူးသော စစ်ကားများကို စီးနင်းပြီးသွားလာနေကြသည်ကို လည်းတွေ့ခဲ့ရ၏။ အစိုးရဘဏ်၊ပုဂ္ဂလိက ဘဏ်များပိတ်ထားကြသည်။

လက်ရှိ မြောက်ဦးမြို့တွင် AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် အစိုးရယန္တရားကို လည်ပတ်နေ သည်။

မြို့အတွင်း ရေဖြန့်ဝေခြင်း၊ အမှိုက်သိမ်းခြင်းစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဥ်များကိုလည်း လုပ်ဆောင်နေသည်။

ရေခွန်အဖြစ် တစ်လလျှင် ၇၀၀၀ ကျပ် ကောက်ခံပြီး အမှိုက်သိမ်းရန်ကိစ္စနှင့် ပတ်သက်ပြီး စည်ပင် အခွန် အဖြစ် တစ်လလျှင် ၅၀၀၀ ကျပ်ကောက်ခံသည်။ လျှပ်စစ်မီးတော့ ပေးနိုင်ခြင်း မရှိပေဟု AA နှင့် နီးစပ်သည့် အသက် ၂၆ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“လက်ရှိကတော့ စည်ပင်ကိစ္စလည်း လုပ်နေကြတယ်။ သန့်ရှင်းရေးပိုင်းတွေဆိုရင်လည်း အဆင်ပြေ အောင်လုပ်နေကြတယ် “ဟု ၎င်းကဆိုသည်။

မြောက်ဦးမြို့ဟောင်းအတွင်းနံရံတွင် ထုဆစ်ထားသော အနုပညာလက်ရာများကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။

နိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်ထဲမှ မြို့များကိုသိမ်းပိုက်ထားသည့် AA သည် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်မှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဥပမာပေးပြီး ကွန်ဖက်ဒရိတ်အဆင့်အတန်းထက် မနိမ့်သည့်နိုင်ငံရေးအဆင့်အတန်းကို လိုလားသည်ဟုပြောသည်။ မြန်မာ- တရုတ် နယ်စပ်မှ UWSA ၏ ‘ဝ’ ဒေသသည် ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိပြီး မြန်မာပြည်ထဲတွင် ရှိနေသော်လည်း ပြည်မမှ မြန်မာအစိုးရအဆက်ဆက်က မည်သည့်စွက်ဖက်မှုမျှ  ပြုလုပ်နိုင်ခြင်းမရှိပေ။

သို့သော် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းအချို့တွင် “ရခိုင်နိုင်ငံ“ဆိုသည့် စကားလုံးများကို ထည့်သွင်းပြောဆိုလေ့ရှိသည်။ ထို့အပြင် AA ပြောခွင့်ရအရာရှိ ဦးခိုင်သုခကလည်း အမေရိကန် ပြည်ထောင်စုအခြေစိုက် အာရက္ခမီဒီယာနှင့် ပြီးခဲ့သည့်မေလအတွင်းက ပြုလုပ်ခဲ့သည့် ရုပ်သံတွေ့ဆုံမေးမြန်းခန်းတွင် ၎င်းတို့သိမ်းပိုက်ထားသည့်နယ်မြေများကို ‘အာရက္ခတိုင်းပြည်’ ဟုရည်ညွှန်းခဲ့သည်။ 

ထို့အပြင် “အာရက္ခနိုင်ငံတော်”ဆိုသည့် နိုင်ငံတော်သီချင်းများကိုလည်း ထုတ်လုပ်ထားသည်။

ရခိုင်ပြည်နယ်ကိုအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအခွင့်အာဏာရှိသော ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရသည့် အချုပ်အခြာအာဏာပိုင်ဆိုင်သော ဒေသတစ်ခုဖြစ်လာရန် လိုလားသည်ဟု ကျောင်းသားခေါင်းဆောင် ဦးသန်းနိုင်က ဆိုသည်။

“အဲဒါတွေ လုပ်ပိုင်ခွင့်ရရင် ကျနော်တို့အနေနဲ့ ကွန်ဖက်ဒရေးရှင်းပင်သွားသွား ၊ဖက်ဒရယ်ပင်သွားသွား ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ် “ဟု ၎င်းကဆိုသည်။

အသက် ၂၇ အရွယ်၊ မြောက်ဦးဒေသခံအမျိုးသမီးကတော့ ယခင်ကကဲ့သို့ မိမိလူမျိုးတို့အုပ်ချုပ်သည့် နိုင်ငံတစ်ခု ဖြစ်ရန်လိုလားသည်ဟုဆိုသည်။ လတ်တလောတွင် မြောက်ဦးမြို့ကို AA ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း တစ်ပြည်နယ်လုံးကို မရရှိသေးသဖြင့် ပြည့်ပြည့်စုံစုံမပျော်ရွှင်သေးဟုဆိုသည်။

“ကိုယ့်ရခိုင်သား အုပ်ချုပ်တာကို လိုချင်တယ် ” ဟု၎င်းကဆိုသည်။

အာဏာသိမ်းစစ်တပ်ကို နိုင်ငံအနှံ့မှ ဆန့်ကျင်နေချိန် စစ်ကောင်စီတပ်များကို တိုက်ထုတ်ပြီး နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်ထားသည် AA သည် ထိုနယ်မြေများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ရည်ရွယ်သည့် စစ်မှုထမ်းစနစ် အောင်မြင်၊ မအောင်မြင်ဆိုသည်က အနာဂတ်စစ်ပွဲများက အဖြေပေးမည် ဖြစ်သည်။

Related Articles

Back to top button