သတင်း

မန္တလေးတိုင်းအတွင်း စစ်တပ်ထိုးစစ်တွင် အဆင့်မြင့်ဒရုန်းများသုံးစွဲ

သပိတ်ကျင်းနှင့် မတ္တရာမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်ထိုးစစ်ကိုလည်း အလုံးအရင်းဖြင့် ထိုးဖောက်နေ၍ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေသည်။

ဧရာဝတီမြစ်ကမ်းဘေး၊ နိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် မတ္တရာတို့တွင် စစ်တပ်က မြေပြင်ထိုးစစ်ဖြင့် ထိုးဖောက်ဝင်ရောက်ရာ လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် နည်းပညာမြင့် ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်သည်။ 

သပိတ်ကျင်းမြို့အရှေ့ဘက်၊ လေးမိုင်အကွာ ရွှေမွေးချောင်းဒေသ၊ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ မန္တလေး- မတ္တရာ ကားလမ်းပိုင်းတို့တွင်  တိုက်ပွဲပြင်းထန်နေသည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။ 

ဇူလိုင်လ၊ ၂၁ ရက်နေ့က တော်လှန်ရေးတပ်များ  ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည့် မန္တလေး- မတ္တရာ ကားလမ်းဘေး ကျေးရွာသုံးရွာကို  စစ်ကောင်စီတပ်က အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်လျက်ရှိနေရာ  ယခုရက်ပိုင်းအတွင်း ပြန်လည် လက်လွှတ်ခဲ့ရသည်။

စစ်တပ်သည် ထန်းပင်ကုန်း၊ သရက်ကိုင်းနှင့် မြကံသာကျေးရွာတို့ကို ၎င်းတို့လက်လွှတ်ခဲ့ရသည့်နေ့မှ စတင်ကာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီး ပြန်လည်ရယူသွားခြင်းဖြစ်သည်ဟု ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။ 

စစ်ရေးဗျူဟာအရ အရေးပါသည့် အဆိုပါ ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အထိုင်ချထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ၊ ၂၁ ရက်နေ့က ယင်းနေရာများရှိ စစ်ကောင်စီတပ်ကို  ပြည်သူ့ ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF)၊ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ဒေသခံ မတ္တရာမျိုးမှန်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် တရုတ်နိုင်ငံထုတ် လက်နက်ကြီးကျည်ဆန်သေတ္တာ အများအပြား  သိမ်းဆည်းရရှိခဲ့သည်။ 

ထန်းပင်ကုန်း နှင့် သရက်ကိုင်းကျေးရွာသည် မန္တလေးမြို့၏ မြောက်ဘက် ၁၈ မိုင်အကွာ၊ မတ္တရာမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခွဲအကွာတွင် တည်ရှိသည်။ မြကံသာရွာသည် မန္တလေးမြို့မြောက်ဘက် ၁၈ မိုင်သာ ဝေးပြီး မတ္တရာမြို့အရှေ့တောင်ဘက် ရှစ် မိုင် ကျော်သာ ကွာဝေးသည်။

မတ္တရာမြို့မြောက်ဘက်၊ စဉ့်ကူးမြို့နှင့် မတ္တရာမြို့နယ်အရှေ့ခြမ်းကို  MDY- PDF က ထိန်းချုပ်ထားသဖြင့်  မတ္တရာမြို့ပေါ်ရှိ စစ်တပ်သည် ပိတ်ဆို့ခံထားရသည်။ 

ထို့ကြောင့် မန္တလေး- မတ္တရာကားလမ်းပေါ်မှ ကျေးရွာကြီးများဖြစ်သည့် ကျောက်တံတား၊ ဘိုကုန်း စသည့် ကျေးရွာများရှိ တော်လှန်ရေးတပ်ဖွဲ့အခြေစိုက်နေရာများကိုလည်း စစ်တပ်က တိုက်ခိုက်နေသည်။

အထူးသဖြင့် ကားလမ်းမ ဝဲယာတစ်လျှောက် အဓိကထား ထိုးစစ်ဆင်ခဲ့ပြီး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရာ ကားလမ်းဘေးမှ တော်လှန်ရေးတပ်အချို့ ဆုတ်ပေးလိုက်ရသည်ဟု မတ္တရာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီကားလမ်းမကြီးကိုတော့ သူတို့ ပြန်ရသွားပြီ ပြောလို့ရတယ်။ ကျောက်တံတား၊ ဘိုကုန်း၊ မြကံသာ၊ သရက်ကိုင်း အကုန်လုံးကို ကိုယ့်ဘက်က ပြန်ဆုတ်ပေးထားရတယ်။ ရွာတွေကနေ အကုန်ဆုတ်ပေးလိုက် တာမျိုးတော့ မဟုတ်ဘူး၊ ကားလမ်းကိုပဲ ဆုတ်ပေးလိုက်ရတာ” 

ဘိုကုန်းနှင့် ကျောက်တံတားရွာတို့ရှိ ဆည်တော်ကြီးရေပေးမြောင်း၏ အနောက်ဘက်ကို စစ်တပ်က ပြန်ရထားပြီး အရှေ့ဘက်ကို တော်လှန်ရေးတပ်ဖွဲ့များက နေရာယူထားဆဲဖြစ်သည်ဟု ကျောက်တံတားရွာမှ တိမ်းရှောင်နေရသော ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကြားရတာကတော့ ကျောက်တံတားရွာ အနောက်ခြမ်းမှာ ရွာသူရွာသားတွေအနေနဲ့ ရွာအတွင်း ပြန်လည် နေထိုင်လို့ရပါပြီ၊ ပြန်လာကြပါဆိုပြီး စစ်တပ်က သံချပ်ကာ ကားကြီးနဲ့ လိုက်အော်နေတယ်လို့ ကြားရတယ်၊ တကယ်တမ်းက ချောင်းအနောက်ဘက်ခြမ်းကိုပဲ သူတို့ရထားတာ”ဟု ကျောက်တံတားရွာမှ အမျိုးသမီးက ပြောသည်။

မတ္တရာမြို့နယ် စစ်ရေးအခြေအနေပြမြေပုံ။

ကျောက်တံတားနှင့် ဘိုကုန်းရွာတို့သည် မတ္တရာမြို့ အရှေ့တောင်ဘက် ၄ မိုင်ခန့်၊ မတ္တရာ- မန္တလေး ကားလမ်းပေါ်ရှိ ကျေးရွာများ ဖြစ်သည်။ လက်ရှိတွင် မန္တလေး- မတ္တရာကားလမ်းမကို စစ်တပ်က နေရာအများစု ထိန်းချုပ်နိုင်သွားရာ မတ္တရာမြို့တွင်းရှိ စစ်တပ်ထံ မန္တလေးမြို့ဘက်မှ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတစ်ခု ပွင့်သွားသည့်အနေ အထားဖြစ်သွားသည်ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

“သူတို့ ဒီလမ်းကြောင်းပွင့်ဖို့အရေးအတွက်ပဲ အဓိကထား ထိုးစစ်ဆင်နေတာလို့ ယူဆလို့ရတယ်၊ အခု ဒီလမ်းက ပွင့်သွားပြီဆိုတော့ သူတို့ ထောက်ပို့လုပ်နိုင်ပါတယ်။ လွတ်လွတ်လပ်လပ်တော့ မဟုတ်ဘူး ပေါ့” ဟု ထိုလူငယ်ရဲဘော်က ဆိုသည်။ 

ယခင်က MDY- PDF အပါအဝင် တော်လှန်ရေးတပ်များသည် ကျောက်တံတား၊ ဘိုကုန်းရွာတို့တွင် နေရာယူ၍  မန္တလေး- မတ္တရာကားလမ်းကို ဖြတ်တောက်ပိတ်ဆို့ထားသည့်အတွက် အာဏာသိမ်းစစ်တပ်က ကားလမ်း အသုံးပြုနိုင်ခြင်းမရှိဘဲ၊ ရထားလမ်းဖြစ်သည့် တောင်ပြုံး- မတ္တရာလမ်းကို အသုံးပြုခဲ့ရသည်။

ယမန်နှစ်၊ နိုဝင်ဘာလကတည်းက မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က ပြန်ရယူထားပြီး MDY- PDF ထိန်းချုပ်သော  မြို့နယ်အရှေ့ခြမ်းကိုလည်း ထိုးစစ်ဆင် ပြန်လည်ရယူမည်ဟု ကြွေးကြော်ထားသည်။ 

ယင်းသို့ ကြွေးကြော်ထားသည့် စစ်တပ်သည် ဒရုန်းနှင့် လေကြောင်းပစ်ကူများကို တိုက်ပွဲများတွင်သာမက တိုက်ပွဲများနှင့်ဝေးရာကျေးရွာများတွင်လည်း အသုံးပြုနေကြောင်း ဒေသခံတို့ထံက သိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ မတ္တရာမြို့ပေါ်အခြေစိုက် စစ်တပ်၊ မန္တလေးမြို့ မြောက်ဘက် အစွန်ဆုံးဖြစ်သော ပုသိမ်ကြီးမြို့နယ်အတွင်းမှ ဝသုန္ဒရရွာ၊ ထီးတော်မိုးရွာအခြေစိုက်တပ်များက လက်နက်ကြီး၊ ဟောင်ဝှစ်ဇာအမြောက်၊ အတွဲလိုက်ပစ်ဒုံးလောင်ချာများဖြင့် နေ့စဉ်ပစ်ခတ်နေသည်ဟု  မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

ဆိုင်ကယ်ဖြင့် သွားလာနေသည့် တော်လှန်ရေးရဲဘော်များကိုလည်း စစ်ကောင်စီတပ်က ယခုရက်ပိုင်းတွင် အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုများရှိလာသည်ဟု တော်လှန်ရေးရဲဘော်များကဆိုသည်။  

 “၁၀၂၇ စစ်ဆင်ရေး” တွင် တော်လှန်ရေးအင်အားစု၏  ဒရုန်းစွမ်းရည် အားသာချက်ကြောင့် ရှမ်းမြောက်တစ်ခုလုံးနီးပါး လက်လွှတ်ခဲ့ရသော စစ်တပ်သည် ၎င်းတို့၏ ဒရုန်းနည်းပညာကို  ပြန်လည်အဆင့်မြှင့်တင်ခဲ့ပြီး စစ်မျက်နှာပြင် အသီးသီးတွင် ဒရုန်းတိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်လာသည်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်းတိုက်ပွဲတွင် ညကြည့်ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက်ခဲ့၍ တော်လှန်ရေးတပ်များဘက်က အထိနာခဲ့သည်။ 

သပိတ်ကျင်းမြို့နယ်ရှိ ဒေသခံအချို့ စိုးရိမ်မှုကြောင့် တိုက်ပွဲများနှင့် ဝေးရာသို့ ယခုရက်ပိုင်း ပြောင်းရွှေ့နေကြစဉ်။ (ဓာတ်ပုံ-မိုးဦး)

သပိတ်ကျင်းမြို့နယ်စစ်ရေး

ပြီးခဲ့သည့် ဇူလိုင်လ၊ တတိယပတ်အတွင်း စစ်တပ်က သပိတ်ကျင်းမြို့ပေါ်ရပ်ကွက်များကို ပြန်ရယူသွားခဲ့ပြီးနောက် မြို့နယ် တစ်ခုလုံး ထိန်းချုပ်ရန် ကြိုးပမ်းနေရာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။ 

မိုးကုတ်- သပိတ်ကျင်း- မန္တလေးတို့ ဆက်သွယ်သွားလာနိုင်သည့် ဖော့တော လမ်းဆုံနှင့် သပိတ်ကျင်းမြို့ ကို ဆက်သွယ်ပေးထားသည့် ကားလမ်းမပေါ်တွင် တိုက်ပွဲများဖြစ်နေသည်၊ ထိုကားလမ်းမတလျှောက် ခုနစ် မိုင်ကျေးရွာမှ  မြို့အထိ လမ်းတောင်ဘက်ကို တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီး၊ လမ်း၏ မြောက်ဘက်ကို စစ်တပ်က အသီးသီး နေရာယူထားကြသည်။

သပိတ်ကျင်းနှင့် မတ္တရာမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ဖြစ်နေသည့် တိုက်ပွဲများနှင့် အင်အား အလုံးအရင်း သုံးလာသည့် စစ်တပ်၏ ထိုးစစ်များကြောင့် ထိုဒေသသို့ စစ်ကောင်စီတပ် ပြန်ရောက်လာပြီး ထိန်းချုပ်သွားမည်ကို   ဒေသခံတို့က စိုးရိမ်နေသည်။

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းနယ်တို့သည် မန္တလေးမြို့မြောက်ဘက် တောင်မှ မြောက် အတန်းလိုက် တည်ရှိသည့် မြို့နယ်များဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း မေးတင်ထားသည့် မြို့နယ်များဖြစ် သည်။

“ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂” တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး၊ စဉ့်ကူးမြို့ပေါ်အပါအဝင် တစ်မြို့နယ်လုံး သိမ်းပိုက်ထားသည့် စဉ့်ကူးမြို့နယ်အတွက် တောင်ဘက်တွင် မတ္တရာ၊ မြောက်ဘက်မှ သပိတ်ကျင်း တို့သည် အကာအရံသဖွယ်ဖြစ်နေသည်။ 

သို့ရာတွင် သပိတ်ကျင်းမြို့ကို သိမ်းနိုင်ခဲ့သော်လည်း တွင်းငယ်ကျေးရွာအခြေစိုက်၊ အမှတ်(၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)၊ ကျောက်ကြီးရွာအခြေစိုက် စစ်စခန်းနှင့် ခုနစ်မ်ုင်ကျေးရွာ အခြေစိုက် လျှပ်စစ်အင်ဂျင်ယာ  လက်ကျန် သုံးတပ်၏ထိုးဖောက်မှု နှင့် လေတပ်ဖြင့် စစ်အင်အားဖြည့်မှုတို့ကြောင့် သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်များ လက်လွှတ်ခဲ့ရသည်။ 

ထို့ကြောင့် MDY – PDF ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ်သည် မြောက်ဘက် သပိတ်ကျင်းနယ်မှ ထိုးဖောက်ခံရနိုင်သလို တောင်ဘက် မတ္တရာဘက်မှလည်း ထိုးစစ်ဆင်ခံနေရသည်။ 

အလားတူ နောင်ချိုမြို့ကို ပြန်ရသွားသည့် စစ်တပ်သည် မိုးကုတ်မြို့ကို ပြန်သိမ်းရန် ပြင်ဦးလွင်- မိုးကုတ် ကားလမ်းတလျှောက် ထိုးစစ် တက်လာရာ  မြို့တောင်ဘက် မိုင် ၅၀ ကျော်အကွာ ဟိုခိုကျေးရွာအထိ ရောက်ရှိနေပြီဖြစ်သည်။

Related Articles

Back to top button