သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး

မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း သုံးနှစ် သားကလေး တစ်ဦးအပါ ဒေသခံ ကိုးဦး သေဆုံးခဲ့ကြပြီး ဒဏ်ရာရသူ ၃၀ ကျော်ရှိသည်ဟု ဖားကန့် ဒေသခံများထံက သိရသည်။ 

ဩဂုတ်လ ၃ ရက်နေ့မှစတင်ကာ ယမန်နေ့ (ဩဂုတ်လ ၇ ရက်နေ့) ညအချိန်အထိ မြို့အရှေ့မြောက်ဘက် တွင်ရှိသော စစ်တပ်ဗျူဟာကုန်းက လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရှရော်ခ၊ မျောက်ဖြူ၊ ဆန်းကြွယ်၊ ဆိုင်းတောင် စသောကျေးရွာများနှင့် ဖားကန့်မြို့ပေါ် အောင်မြေသစ်ရပ်ကွက်တို့မှ ဒေသခံများ သေဆုံးခဲ့ သည်။

ဖားကန့်မြို့အနောက်ဘက်တစ်မိုင်ခန့်အကွာတွင် ကချင်တပ် (KIA) ထိန်းချုပ်ထားသည့် ညောင်ပင်ကုန်း စခန်းကုန်းကို စစ်တပ်ကထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်  ဖားကန့် မြို့ပေါ်ရှိ စစ်တပ် ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ အမြဲလိုလိုပစ်ခတ်နေရာ လူထိခိုက်သေ ဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ညောင်ပင်ကုန်းစခန်းကုန်းကို  ဩဂုတ်လ ၅ ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်၊ ထိုနေ့ ကတည်းက စစ်တပ်ဗျူဟာကုန်းက နေ့စဉ် လက်နက်ကြီးများပစ်ခတ်ခဲ့သည်။  

ယမန်နေ့ ည ၉ နာရီကျော်ခန့်တွင် ဖားကန့်မြို့ပေါ် စစ်တပ်ဗျူဟာကုန်းမှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ မြို့အနောက်တောင်ဘက် ဆိုင်းတောင်ရွာအနီးရှိ စစ်ရှောင်များနေထိုင်ခိုလှုံနေသော ဆုတောင်းကုန်းတွင် ကျရောက်ပေါက်ကွဲခဲ့သည်၊ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာ ရခဲ့သည်ဟု ဖားကန့် ဒေသခံ များထံက သိရသည်။

ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ညောင်ပင်ကုန်းစခန်း၏ အနောက်ဘက်တွင်ရှိသည့် ရှရော်ခ၊ မျောက်ဖြူနှင့် ဆန်းကြွယ်ရွာများသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး မျောက်ဖြူရွာမှ အသက် သုံးနှစ်အရွယ်ကလေးတစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ရှရော်ခရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဆန်းကြွယ်ရွာမှ အသက် ၈၈ နှစ်အရွယ် အဘွားအိုတစ်ဦး တို့ သေဆုံးခဲ့ကြသည်။

ထို့နောက် ဩဂုတ်လ ၅ ရက်နေ့ နံနက်တွင် စစ်တပ်ဗျူဟာကုန်းက ပစ်ခတ်ခဲ့၍  ဖားကန့်မြို့ပေါ်ရပ်ကွက် ဖြစ်သော အောင်မြေသစ်ရပ်ကွက်တွင် ပေါက်ကွဲရာ အသက် ၁၉ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသလို ထိုနေ့ညပိုင်း ထပ်မံပစ်ခတ်မှုကြောင့် ရှရော်ခရွာရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ဩဂုတ်လ ၅ ရက်နေ့က ရှရော်ခရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်မီးလောင် နေစဉ်။ (ဓာတ်ပုံ-ပေးပို့)

နောက်တစ်နေ့ (ဩဂုတ်လ ၆ ရက်နေ့) တွင် အေးမြသာယာရပ်ကွက် ဆွတ်ဂျာကုန်းတွင် လက်နက်ကြီးကျ ၍  ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ရာ ဒဏ်ရာရသူများထဲမှ အမျိုးသမီးတစ်ဦးမှာ ယမန်နေ့ သေဆုံးသွားသည် ဟု သိရသည်။ 

ဖားကန့်မြို့ပေါ်တွင် လက်နက်ကြီးပစ်ခတ်မှုအများစုမှာ တိုက်ပွဲယာယီရပ်နားနေသည့်အချိန်များဖြစ်သည် ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နေ့ခင်းပဲ တိုက်ပွဲဖြစ်တာ ညနေခင်းကနေ မနက်အထိ အငြိမ်ပဲ။ လူနေအိမ်တွေထဲ (လက်နက်ကြီးကျည်) ကျချိန်က တိုက်ပွဲမရှိပါဘူး။ ခုတော့ ဗျူဟာကုန်းက သုံးလုံးရှိပြီ ဘယ်ပစ်လဲမသိဘူး၊​ အသံကျယ်တဲ့ ဟောင်ဝစ်ဇာဖြစ်မယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ယမန်နေ့ညပိုင်းက ပြောသည်။

တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် ဖားကန့်မြို့အနောက်ဘက်အပြင် မြို့ပေါ်ရှိ ဒေသခံများလည်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် လုံခြုံမှုမရှိတော့ကြောင်း ဖားကန့်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့အကျင့်က နာပြီဆိုရင် ရမ်းပစ်တော့တာ။ နေ့တိုင်းနီးပါးပစ်တယ် ဗျူဟာကုန်းက အဓိကပစ်တာ။ လူတွေကလည်း ရှောင်ရမလို အိမ်ထဲပဲနေရမလို ဝေခွဲမရဖြစ်နေကြတာ၊ အခုလည်း အမှိုက်ပုံဘက်ကို စစ်ကြောင်းထိုးနေတယ်” ဟု ယမန်နေ့က ဆိုသည်။ 

ဖားကန့်မြို့အေးမြသာယာရပ်ကွက် ဆွတ်ဂျာကုန်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု သိရ ကြောင်းနှင့် အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယမန်နေ့က ပြောသည်။

“ဒီနေ့လည်း ၁ နာရီကျော်အချိန်ကတည်းကနေ ဆွတ်ဂျာကုန်းမှာ တိုက်ပွဲတွေရှိတယ်။ မြေပြင်တိုက်ပွဲ​ ရင်ဆိုင်တိုက်ပွဲတွေရှိတယ်”

အဖိုးတန်ကျောက်စိမ်းထွက်ရာ ဖားကန့်မြို့ကို စစ်တပ်က မေလကုန်ကတည်းက မြေပြင်အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး 

ဇူလိုင်လဆန်းက စစ်ကူ၊လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများတင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေး မြို့မှ ဆန်တက်လာသည့် စစ်သင်္ဘော အချို့ ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် ဗန်းမော်တွင်လည်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်ကြောင်း KIA ထံက သိရသည်။

ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button