(သစ်လွင်သည် နိုင်ငံရေးနှင့်လူမှုရေးသိပ္ပံ သင်ယူလေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်သည်။)
လူထုလှုပ်ရှားမှု၊ လူမှုရေးလှုပ်ရှားမှု (Social Movement) ဆိုသည်မှာ လူထုအဖွဲ့အစည်းတစ်ခု၊ လူအုပ်စုကြီးတစ်စုက လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုကို ဖြစ်ပေါ်စေရန် သို့မဟုတ် ခုခံတားဆီးရန် စနစ်တကျ ကြိုးပမ်းအားထုတ်မှုဖြစ်သည်။
နိုင်ငံရေးပါတီများ၊ အကျိုးစီးပွားအဖွဲ့များနှင့် မတူဘဲ၊ လူမှုရေးလှုပ်ရှားမှုများကို မကြာခဏဆိုသလို အခြေခံလူတန်းစားများက စတင်လေ့ရှိသည်၊ အများအားဖြင့် ထိပ်တန်းခေါင်းဆောင်များ၊ ဦးဆောင်သူများထက် သာမန်ပြည်သူလူထုက စတင်လုပ်ဆောင်လေ့ရှိသည်။
လူထုလှုပ်ရှားမှု၏ အဓိက ကြန်အင်လက္ခဏာများသည် စုပေါင်းလှုပ်ရှားမှု၊ တူညီသော ဘုံအကျိုးစီးပွား၊ အစိုးရယန္တရား အပြင်ဘက်က လှုပ်ရှားခြင်း နှင့် လိုအပ်သော အခင်းအကျင်းမျိုးရောက်ရှိစေရန် ရေရှည်တည်ငြိမ်စွာ အကြမ်းမဖက်( Non-Violent ) ကြိုးပမ်းမှုမျိုးဖြစ်သည်။
ကမ္ဘာပေါ်တွင် လူထုလှုပ်ရှားမှုသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် ရှိကြသည်။ ဥပမာအားဖြင့် ပြည်သူ့အခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement)၊ ဖီမစ်နစ်လှုပ်ရှားမှု (Feminist Movement)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု (Environmental Movement)၊ အလုပ်သမားလှုပ်ရှားမှု( Labor Movement)၊ အမျိုးသားရေးလှုပ်ရှားမှု (Nationalist Movement)၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု(Democracy Movement) စသည်တို့ဖြစ်သည်။
လူထုလှုပ်ရှားမှု တော်လှန်ရေး၏ မျှော်လင့်ချက်နှင့် အခက်အခဲများ
လူထုလှုပ်ရှားမှုများသည် လူ့အဖွဲ့အစည်းအတွက် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုအတွက် အပြောင်းအလဲကို အကြမ်းမဖက် ဆန္ဒပြ၊ မတရားမှုများကို စိန်ခေါ် တိုက်ပွဲဝင်နိုင်သောကြောင့်ဖြစ်သည်။
လူထုလှုပ်ရှားမှု အောင်မြင်ရေးမှာ အဖွဲ့အစည်းများ၏ ဦးဆောင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်၊ လူထုထောက်ခံမှု၊ သတင်းဌာနများ၏ အာရုံစိုက်မှု၊ နိုင်ငံရေးအခြေအနေများနှင့် သက်ဆိုင်သည်။
ဟားဗတ်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင် Erica Chenoweth ၏ ၁၉၉၀-၂၀၀၆ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းမဖက်လူထုလှုပ်ရှားမှု နှင့် အကြမ်းဖက်လူထုလှုပ်ရှားမှု ၃၀၀ ကျော် လေ့လာထားသော သုတေသန တွေ့ရှိချက်အရ အကြမ်းမဖက်လှုပ်ရှားမှုများသည် အကြမ်းဖက်လှုပ်ရှားမှုများထက် အောင်မြင်နိုင်ခြေ နှစ်ဆ ပိုများသည်။ ထိုသို့ အောင်မြင်ရန်အတွက် နိုင်ငံလူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း အနည်းဆုံး တက်ကြွစွာ ပါဝင်ဆောင်ရွက်ပါက အဆိုပါ လူထုလှုပ်ရှားမှုသည် အောင်မြင်နိုင်ခြေ အလွန်မြင့်မားသည်ဟု အဆိုပြုပါသည်။
ဥပမာ အားဖြင့် ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင် လူထုတော်လှန်ရေးအားဖြင့် အာဏာရှင် သမ္မတ Marcos ကို သွေးမကျဘဲ ဖယ်ရှားနိုင်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်၊ တူနီးရှား လူထုအုံကြွမှုက အာရပ်ကမ္ဘာတလွှား ဒီမိုကရေစီမျှော်လင့်ချက်များကို စတင်ခဲ့သည်။
ထိုအပြင် တောင်ကိုရီးယားနိုင်ငံ၏ ၁၉၈၇ ဒီမိုကရေစီတော်လှန်ရေးသည်လည်း အကြမ်းမဖက် တော်လှန်ရေးနည်းလမ်းဖြင့် စစ်အာဏာရှင် အစိုးရကို ဖယ်ရှားနိုင်ခဲ့သည်။
၁၉၈၈ ခုနှစ်က ချီလီနိုင်ငံတွင် အာဏာရှင် ဗ်ိုလ်ချုပ်ကြီး ပီနိုချေး အစိုးရအား ဆန့်ကျင်ဆန္ဒပြကြရာ တိုင်းပြည်လူဦးရေ၏ ၃.၅% ထက် ပိုမိုပါဝင်မှုရှိခဲ့သည်။ ထို့ကြောင့် အဆိုပါ အကြမ်းမဖက် လူထုလှုပ်ရှားမှု ဆန္ဒပြပွဲဖြင့် အာဏာရှင်စနစ် ပြုတ်ကျစေခဲ့ရာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ခဲ့သော သမိုင်းဝင်ဖြစ်ရပ် တစ်ခု ဖြစ်လာသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ စစ်တပ်၏ပါဝင်မှုတို့နှင့် ပတ်သက်လျှင် နှိုင်းယှဉ်လေ့လာခြင်းခံရသော အင်ဒိုနီရှားနိုင်ငံတွင်လည်း ၁၉၉၈ ခုနှစ်က စတင် ပေါ်ပေါက်လာသော ဒီမိုကရေစီအရေးတော်ပုံကြီးသည် စီးပွားရေးအကျပ်အတည်း နှင့် ပြည်သူလူထု၏ မကျေနပ်မှုများကို မီးမောင်းထိုးပေးခဲ့သည်။ အာဏာရှင်စနစ်ဖြင့် နှစ် ၃၀ ကျော် အုပ်ချုပ်ခဲ့သည့် သမ္မတ ဆူဟာတို နုတ်ထွက်ရန် ဖိအားပေးနိုင်ခဲ့သည့် ဤလှုပ်ရှားမှုကြီးသည် အင်ဒိုနီးရှားနိုင်ငံကို ဒီမိုကရေစီ အကူးအပြောင်းကာလသို့ ရောက်ရှိစေခဲ့သည်။ ဆူဟာတို လက်ထက်ပြီးနောက် သမ္မတ ဟာဘီဘီ လက်ထက်တွင် လွတ်လပ်သော ရွေးကောက်ပွဲများ၊ သတင်းလွတ်လပ်ခွင့် နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာသည်။
ထို့အပြင် အနီးဆုံး ၂၀၂၄ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြမ်းမဖက် ကျောင်းသားလှုပ်ရှားမှုမှာ အဆိုပါ ရာခိုင်နှုန်းမပြည့်မီသော်လည်း အာဏာရှင်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အစိုးရအား ဖြုတ်ချနိုင်ခဲ့သည်ကို ထူးခြားစွာတွေ့ရသည်။
ထိုကြောင့် အထက်တွင်ဖော်ပြခဲ့သော ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ချီလီ၊ တူးနီးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့သည် သက်ဆိုင်ရာ နိုင်ငံလူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ပြည့်မီကာ အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းလမ်းဖြင့် အာဏာရှင်အစိုးရများကို ဖြုတ်ချနိုင်ခဲ့သည်ကို တွေ့ရသည်။
သို့သော် အကြမ်းမဖက်လှုပ်ရှားမှုဖြင့် အောင်မြင်ခဲ့သော နိုင်ငံအချို့တွင်လည်း ဒီမိုကရေစီ နောက်ပြန်လှည့်မှု ဖြစ်ပွားတတ်သော သာဓက ရှိသည်ကိုလည်း တွေ့နိုင်သည်။
မြန်မာနိုင်ငံ၏ လူထုလှုပ်ရှားမှုများ။
မြန်မာနိုင်ငံတွင် လူထုလှုပ်ရှားမှုများသည် သမိုင်းတလျှောက်အများအပြားရှိခဲ့သည်။ အကြောင်းအရာအားဖြင့်လည်း စုံလင်လှသည်။
သတိချပ်ရမည်မှာ လူထုလှုပ်ရှားမှုအရေး နှင့် ဒီမိုကရေစီလှုပ်ရှားမှုအရေးမှာ မတူညီပေ။ ဒီမိုကရေစီအရေးလှုပ်ရှားမှုသည် လူထုလှုပ်ရှားမှုဖြစ်သော်လည်း လူထုလှုပ်ရှားမှုတိုင်းသည် ဒီမိုကရေစီအရေး လှုပ်ရှားမှု မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လူထုလှုပ်ရှားမှုများသည် အခြားသောအကြောင်းအရာအမျိုးမျိုးပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်နိုင်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူထုလှုပ်ရှားမှုများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို လေ့လာကြည့်ပါက အောက်ပါအတိုင်းတွေ့နိုင်သည်။
၁၉၂၀ ကျောင်းသားသပိတ်၊ ဆရာစံ လယ်သမားအရေးတော်ပုံ၊ ၁၉၃၀ ပြည့်နှစ် ချောက်ရေနံမြေအလုပ်သမား သပိတ်၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ အရေးတော်ပုံ၊ ၁၉၇၄ အလုပ်သမားအရေးအခင်း၊ ၁၉၇၅ ဦးသန့်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်း၊ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု၊ ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်၊ ၂၀၂၁ နွေဦးတော်လှန်ရေးနှင့် အတူပေါ်ပေါက်လာခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ရေး (Civil Disobedience Movements) တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံ၏ အနီးခေတ် ထင်ရှားသော လူထုလှုပ်ရှားမှုများ အောင်မြင်မှု ရှိမရှိကို အဆိုပါ နိုင်ငံရေးသိပ္ပံပညာရှင် Erica Chenoweth အဆိုပြုချက်နှင့် ချိတ်ဆက်၍ လေ့လာကြည့်ပါမည်။
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော လူထုလှုပ်ရှားမှုသည် တိုင်းပြည်ကို နှစ် ၂၀ ကျော်ကြာ အုပ်စိုးခဲ့သော ဆိုရှယ်လစ် အာဏာရှင် တစ်ပါတီစနစ် အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်။ အဆိုပါ လူထုလှုပ်ရှားမှုသည် တိုင်းပြည်၏ အထွေထွေ အကျပ်အတည်းများကို အခြေပြုပေါ်လာပြီး ဒီမိုကရေစီ လှုပ်ရှားမှုအသွင်သို့ ကူးပြောင်းသွားကာ တစ်နိုင်ငံလုံးနီးပါး ပါဝင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာနိုင်ငံ၏ လူဦးရေမှာ သန်း ၄၀ ခန့်ရှိသည်ဟု ကမ္ဘာ့ဘဏ် အချက်အလက်များအရ သိရသည်။ ပညာရှင် Chenoweth ၏ အဆို၊ ၃ ဒသမ ၅ ရာခိုင်နှုန်း ပြည့်ရန် လူဦးရေ ၁ ဒသမ ၄ သန်းခန့် အနည်းဆုံး လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် ရှစ်လေးလုံး အရေးတော်ပုံသည် အတိအကျ မဟုတ်သော်လည်း အဆိုပါ ကိန်းဂဏန်းနီးပါး ပြည့်မီခဲ့ကြောင်းကို ပါမောက္ခ Steinberg က သူ၏ “Burma/Myanmar: What Everyone Needs To Know” သုတေသနစာစောင်တွင် “၁၉၈၈ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအနှံ့ လူတန်းစားအလွှာပေါင်းစုံမှ မြန်မာသန်းပေါင်းများစွာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသည်” ဟု မှတ်သား ဖော်ပြခဲ့သည်။
အဆိုပါ ဒီမိုကရေစီအရေးနှင့် လူထုလှုပ်ရှားမှုတိုက်ပွဲကြောင့် စစ်တပ်က ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ၊ ၁၈ ရက်နေ့တွင် အာဏာသိမ်းပြီး ဒီမိုကရေစီနည်းလမ်းကျ အထွေထွေရွေးကောက်ပွဲ လုပ်ပေးပါမည်ဟု ကတိပြုခဲ့သည်။
ထို့ကြောင့် ၁၉၉၀ ပြည့်နှစ်၊ မေလ၊ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ပေးသော်လည်း အနိုင်ရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာလွဲပြောင်း မပေးခဲ့ချေ။ ထိုမျှသာမက နိုင်ငံအနှံ့ နိုင်ငံရေးသမားများကို ထောင်ချကာ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်ခဲ့သည်။
ထိုကြောင့် မြန်မာ့သမိုင်းတွင် လူတန်းစားပေါင်းစုံ၊ လူထုအင်အားအများဆုံးတစ်ခု ဖြစ်ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံသည် လူထုလှုပ်ရှားမှု သီအိုရီ၏ စံချိန်စံနှုန်းများနှင့် ပြည့်မီသော်လည်း စစ်တပ်၏ အာဏာသိမ်းမှုနှင့် နိုင်ငံရေးအရ လှည့်ဖြားမှုအောက်တွင် ကျရှုံးခဲ့ရသည်။
ဒုတိယအားဖြင့် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုသည် ကျောင်းသားကျောင်းသူ အချို့နှင့် တက်ကြွလှုပ်ရှားသူ အချို့သာ ဦးဆောင်ပါဝင်ခြင်း၊ လှုပ်ရှားမှု အစမှာပင် စစ်အစိုးရက တက္ကသိုလ်များ ပိတ်သိမ်းခြင်း၊ ကျောင်းသားများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှိပ်စက်ခြင်းတို့ဖြင့် ဆန္ဒပြမှု ပိုမိုမကြီးထွားစေရန် နှိမ်နင်းခဲ့သည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုအများစုပါဝင်သော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားလှုပ်ရှားမှု တစ်ခု အဖြစ် မရောက်ရှိသွားဘဲ ထိရောက်သော နိုင်ငံရေး အပြောင်းအလဲတစ်ခု ဖြစ်မလာခဲ့ပေ။
တတိယ လူထုလှုပ်ရှားမှုအဖြစ် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကို လေ့လာနိုင်သည်။ စစ်အစိုးရက လောင်စာဆီထောက်ပံ့ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်၍ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် စပ်လျဉ်း၍ မကျေမနပ်ဖြစ်ပေါ်လာသော လူထုလှုပ်ရှားမှု ဖြစ်သည်။
အဆိုပါမကျေနပ်မှုများနှင့်အတူ နှစ်ကြာမြင့်စွာအုပ်ချုပ်လာသော စစ်အာဏာရှင်စနစ်ကို တွန်းလှန်လိုသူ ကျောင်းသားပြည်သူလူထုနှင့် သံဃာတော်များပါဝင်သော လူထုလှုပ်ရှားမှုကြီးက မြို့ကြီးတချို့တွင် ပျံ့နှံ့သွားသော်လည်း စစ်တပ် ၏ အကြမ်းဖက်ဖြိုခွင်းခြင်း၊ တနိုင်ငံလုံးအတိုင်းအတာ အရေအတွက်အားဖြင့် လူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း မပြည့်မီခြင်းတို့ကြောင့် အဆိုပါ လူထုလှုပ်ရှားမှုကြီးမှာလည်း အောင်မြင်မှုမရခဲ့ချေ။
သို့သော် အဆိုပါ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သော သံဃာတော်များ၊ ကျောင်းသားပြည်သူလူထု၏ အသက်သွေးချွေးများသည် မြန်မာဒီမိုကရေစီအရေး သမိုင်းတွင် အရေးပါအရာရောက်သော အသိအမှတ်ပြုရမည် ဖြစ်သည်။
၂၀၁၅ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရကာ စစ်တပ်ဦးစားပေးသည့် အခြေခံဥပဒေအောက်တွင် ပထမဆုံးသော အရပ်သားအစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD သောင်ပြိုကမ်းပြို ထပ်မံအနိုင်ရသော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရှေ့ဆက်မတိုးနိုင်တော့ပေ၊ အကြောင်းမှာ စစ်တပ်က အာဏာသိမ်း၍ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်လိုက်ခြင်းကြောင့် ဖြစ်သည်။ ဤသို့ဖြင့် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာသည်။
စစ်ဗိုလ်ချုပ်များ ဖန်တီးခဲ့သည့် ရွှေရည်စိမ်ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ခဲ့သော ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကြာမြင့်သည့်ကာလအတွင်း လွတ်လပ်မှု အရသာကို ခံစားလာရသော ပြည်သူလူထုသည် စစ်တပ်ကို အုံလိုက်ကျင်းလိုက် ဆန့်ကျင် ကန့်ကွက်ကာ တိုင်းပြည်အနှံ့ ကြီးမားသော အကြမ်းမဖက် လူထုလှုပ်ရှားမှု နည်းလမ်းဖြင့် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။
လူဦးရေအားဖြင့်လည်း သန်းနှင့်ချီသည့် အကြမ်းမဖက် ဆန္ဒပြခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၂ ရက်နေ့က တနိုင်ငံလုံးအတိုင်းအတာ ပြုလုပ်ခဲ့သော “၂၂၂၂၂” သပိတ်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည်။
ထို့အပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ဌာနဆိုင်ရာဝန်ထမ်း အများအပြား ပါဝင်လာကြရာ သမိုင်းတလျောက် စစ်တပ်၏ အုပ်ချုပ်ရေး ယန္တရား အကြီးအကျယ် လှုပ်ခတ်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါလှုပ်ရှားမှုကြောင့် စစ်တပ်သည် ယခုထိတိုင် လူ့စွမ်းအားအရင်းအမြစ် မလုံလောက်ကာ အုပ်ချုပ်ရေးပိုင်းတွင် ဖရိုဖရဲဖြစ်နေသည်ကိုတွေ့နိုင်သည်။
သို့သော်လည်း စစ်တပ်သည် အကြမ်းမဖက် ဒီမိုကရေစီလူထုလှုပ်ရှားမှုနှင့် အာဏာဖီဆန်လှုပ်ရှားမှုကို ထုံးစံအတိုင်း အကြမ်းဖက်ဖြိုခွင်းခြင်း၊ ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများကို ဖမ်းဆီးခြင်း စသည်တို့ကို ကျူးလွန်ခဲ့သည်။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နွေဦးတော်လှန်ရေးတွင်ပါဝင်သူတိုင်းကို ဖမ်းဆီး၍ မရသည့်အခါ မိသားစုဝင်များကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ခဲ့သည်။
ထို့ကြောင့် မခံမရပ်နိုင်သော ပြည်သူအများအပြားသည် အကြမ်းမဖက် လူထုဆန္ဒပြပွဲများဖြင့် တော်လှန်ခြင်းအပြင် တဆင့်တိုး၍ လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ ပြောင်းလဲလျှောက်လှမ်းကာ နည်းလမ်း နှစ်မျိုးဖြင့် ယနေ့ထိတိုင် စစ်တပ်ကို ခုခံတော်လှန်နေဆဲ ဖြစ်သည်။
မည်သည့် ပါတီ၊ အစိုးရ၊ အဖွဲ့အစည်းများ၏ ဦးဆောင်မှု၊ ဆုံးဖြတ်မှုမဟုတ်ဘဲ ပြည်သူလူထုကိုယ်တိုင် လက်နက်ကိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးသည် အကြမ်းမဖက်ဒီမိုကရေစီလှုပ်ရှားမှု၊ CDM လှုပ်ရှားမှု၊ လက်နက်ကိုင်လမ်းကြောင်းဖြင့်လှုပ်ရှားမှု စသည်ဖြင့် နည်းလမ်းပေါင်းစုံသုံးကာ ကြီးမားကျယ်ပြန့်သော လူထုပါဝင်မှုဖြင့် လျှောက်လှမ်းနေသော တော်လှန်ရေး ဖြစ်လာသည်။
အထက်တွင်ဖော်ပြထားသော အနီးကပ် မြန်မာနိုင်ငံ၏ လူထုလှုပ်ရှားမှုများတွင် ရှစ်လေးလုံး အရေးတော်ပုံ နှင့် ၂၀၂၁၊ နွေဦးတော်လှန်ရေးသည် တိုင်းပြည်လူဦးရေ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း နီးပါးပြည့်မီခဲ့သော်လည်း စစ်တပ်၏ အာဏာဆုပ်ကိုင်လိုမှု၊ ပြည်သူတို့၏ ဆန္ဒကို ဘယ်သောအခါမျှ အလေးမထားမှုတို့ကြောင့် အကြမ်းမဖက် လူထုဆန္ဒပြပွဲများဖြင့် အောင်မြင်မှုမရခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရှိခဲ့ရသည်။
ကမ္ဘာ့တော်လှန်ရေးများမှ သင်ခန်းစာ
ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးများတွင် နိုင်ငံတကာ သို့မဟုတ် အဆုံးအဖြတ်ပေးနိုင်သည့် ပါဝါရှိသော အင်အားကြီးနိုင်ငံတစ်ခုခု၏ နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာ အထောက်အပံ့ရရှိပါက ပိုမိုမြန်ဆန်ပြီး တော်လှန်ရေးအောင်မြင်မှု ရှိနိုင်သည်ကို တွေ့နိုင်သည်။
၁၉၁၇ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော ရှရှား ဇာဘုရင် မြေရှင်ပဒေသရာဇ်စနစ် တော်လှန်ရေးတွင် ထိုအချိန် ပထမကမ္ဘာစစ်ကာလ အဓိက အင်အားကြီးနိုင်ငံ တစ်ခုဖြစ်သော ဂျာမဏီနိုင်ငံသည် ထိုအချိန်က ရှရှားတော်လှန်ရေး အင်အားစုဖြစ်သော လီနင်ဦးဆောင်သည့် ဘော်ရှီဗစ်တို့အား စစ်ရေးနှင့် ငွေကြေးအထောက်အပံ့များ ပေးခဲ့သည်။
ထိုသို့ပေးအပ်ခြင်းများကြောင့် လီနင် ဦးဆောင်သော ဘော်ရှီဗစ်ပါတီသည် ဇာဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပြီး ရှရှားတော်လှန်ရေးကို လျှင်မြန်စွာ အောင်မြင်စေရန် ဆောင်ရွက်နိုင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်တွင် ဂျာမဏီ၊ ဂျပန် နှင့် အီတလီ စသည့် ဖက်ဆစ်ဝင်ရိုး (၃) နိုင်ငံက ကမ္ဘာ့နိုင်ငံများသို့ စစ်ရေးအရ ကျူးကျော်ခဲ့သည်။ ထိုအချိန် ဗြိတိသျှ နန်းရင်းဝန် ဝန်စတန်ချာချီသည် အင်အားကြီး၍ စစ်ပွဲ အဆုံးအဖြတ်ပေးနိုင်သော အမေရိကန်နိုင်ငံကို စစ်ပွဲထဲသို့ပါဝင်လာအောင် စည်းရုံးပြီး ဆိုဗီယက် အပါအဝင် မဟာမိတ်အင်အားစု၏ စုပေါင်းအားဖြင့် ဒုတိယ ကမ္ဘာစစ်အား ရပ်တန့်နိုင်ခဲ့သည်ကို တွေ့နိုင်သည်။
ထိုအပြင် ဆိုဗီယက်ယူနီယံသည် တရုတ်ကွန်မြူနစ်ပါတီ (CCP)၏ အစောပိုင်းနှစ်များတွင် လက်နက်၊ နိုင်ငံရေးဦးဆောင်မှုနှင့် အကြံဉာဏ်၊ စစ်သင်တန်းများပေးသလို စစ်ရေးနည်းဗျူဟာကဲ့သို့သော အဓိကအရေးကြီးသည့် အထောက်အပံ့များ ပေးခဲ့သည်။
ထိုအကူအညီများကြောင့် တရုတ်ကူမြူနစ်ပါတီသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့အား တိုက်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်တွင်းစစ်ပွဲအတွင်း ချန်ကေရှိတ် ဦးဆောင်သော ကူမင်တန်တပ်များကို ဖော်မိုဆာကျွန်း(ထိုင်ဝမ်) ဘက်သို့ တိုက်ထုတ်နိုင်ခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။
၁၉၇၁ ခုနှစ်တွင်ဖြစ်ပွားသော အရှေ့ပါကစ္စတန် နှင့် အနောက်ပါကစ္စတန် စစ်ပွဲတွင် အိန္ဒိယနိုင်ငံသည် စစ်ရေးအရပါဝင်ကာ အနောက်ပါကစ္စတန် ( ဘင်္ဂလားဒေ့ရှ် ) ကို ကူညီတိုက်ခိုက်ပေးခဲ့သည်။ အကျိုးဆက်အားဖြင့် အရှေ့ အနောက် ပါကစ္စတန် ကွဲကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပေါ်ပေါက်လာခဲ့သည်။
သံတမန်ရေးရာအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဝင်ရောက်ဖြေရှင်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့ကြောင်းကို ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး အုပ်ချုပ်ရေး ယန္တရားများက ကမ္ဘောဒီးယား ပြည်တွင်းစစ်၊ အင်ဒိုနီးရှား – အရှေ့တီမောနိုင်ငံတို့၏ ကိစ္စများတွင် ပါဝင်ဖြေရှင်းပေးခြင်းဖြင့် အဆင်ပြေခဲ့သည့် သာဓကများရှိခဲ့သည်။ ထိုအကြောင်းကို Myanmar Now တွင် ဖော်ပြခဲ့သည့် “စစ်ကောင်စီ ရွေးကောက်ပွဲ မဟုတ်သည့် အခြားနိုင်ငံရေးထွက်ပေါက်” ဆောင်းပါးတွင် အကျယ်တဝင့်ဖတ်ရှုနိုင်သည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြန့်ကြာနေသည့် အကြောင်းအရင်းများ
အဆိုပါကမ္ဘာ့တော်လှန်ရေးများ၏ အကြောင်းနှင့် ယှဉ်ထိုး၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မအောင်မြင်ရသည့် အဓိကအကြောင်းအရင်းများကို အရင်းစစ်ကြည့်သည့်အခါ အောက်ပါအချက်များကို တွေ့ရှိနိုင်သည်။
စစ်တပ်၏ အင်စတီကျူးရှင်းအားကောင်းမှု၊ CDM လှုပ်ရှားမှုများနှင့် ပြုန်းတီးသွားသော တပ်သားရေသောက်မြစ်များကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် အသက်သွင်းထားမှု၊ တိုင်းပြည်၏ စီပွားရေးကို ထိန်းချုပ်ထား၍ နိုင်ငံ့ဘဏ္ဍာငွေအား စစ်ရေးအတွက် လိုအပ်သလို အသုံးပြုနိုင်မှုတို့ဖြစ်သည်။
လက်ရှိ လေး နှစ်ကျော် ကာလအတွင်း တော်လှန်ရေးအဖွဲ့များ နိုင်ငံရေးအရ ပူးပေါင်းမှု အားနည်းခြင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့၏ ပြတ်သားသော ခေါင်းဆောင်မှုမရှိခြင်း တို့ကိုလည်းတွေ့န်ိုင်သည်။
စစ်ဆင်ရေးအပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးများအပြီး အဆုံးအဖြတ် အခြေအနေ အနေအထား တစ်ခုရောက်ခဲ့သည်။ သို့သော်လည်း စစ်တပ်ကို အနားပေးကာ နောက်ထပ် ဗျူဟာမြောက် စစ်ဆင်ရေးများ မဖော်ဆောင်နိုင်ခြင်းသည်လည်း တော်လှန်ရေးအရွေ့အဓိက ကြန့်ကြာခြင်းဖြစ်ပြီး ပြည်သူလူထု ပိုမိုဒုက္ခရောက်စေမည်ဖြစ်သည်။
ထို့အပြင် မြန်မာ့အရေးတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ ကန့်သတ်ချက်များ၊ ကုလသမဂ္ဂ နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများသည် မြန်မာစစ်တပ်ကို အရှိုက်ထိအောင် လုပ်ဆောင်နိုင်ခြင်းမရှိခြေ။
ပထဝီနိုင်ငံရေးအခင်းအကျင်းများအရ အာဏာရှင်နိုင်ငံများဖြစ်သော တရုတ်၊ ရှရှား၊ ဘယ်လာရုစ်တို့သည် အာဏာသိမ်းတပ်ကို စစ်ရေးအရလိုအပ်သော အကူညီများပေးနေသည့်အပြင် အာဆီယံသည်လည်း ဘုံသဘောတူညီချက် (၅)ချက်အား ယနေ့ထိ အကောင်ထည်ဖော်ဆောင်ခြင်းမရှိသော စစ်တပ်ကို သံတမန်ရေးအရ ဖိအားပေးခြင်း မရှိသည့်အပြင် စစ်တပ်အား တနည်းတဖုံထောက်ခံ အသိအမှတ်ပြုမှုတို့ကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံရေးကို နိုင်ငံတကာက အကူအညီမျ မပေးနိုင်ချိန်တွင် အင်အားကြီးနိုင်ငံဖြစ်သော တရုတ်က ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ အစောပိုင်းတွင် မြောက်ပိုင်းတော်လှန်ရေးအဖွဲ့များကို ထိုးစစ်ဆင်ရန် မီးစိမ်းပြပြီး နောက်ကွယ်မှ စစ်ရေးအရ အထောက်အပံ့ပေးရာ စစ်တပ်၏ တိုင်းစစ်ဌာနချုပ် ၂ ခု ကျရှုံးသည်အထိ ဖြစ်ခဲ့သည်။
သို့သော်လည်း ၂၀၂၄ နှစ်ကုန် အပိုင်းတွင် တရုတ်က အာဏာသိမ်းတပ်ကို နိုင်ငံရေးအရ၊ စစ်ရေးအရ ထောက်ခံလာသည်။ တရုတ်သည် စစ်တပ်ကျရှုံးသွားလျှင် အာဏာလေဟာနယ်ဖြစ်မည့်အရေး၊ သံယဇာတအရင်းအမြစ်၊ ပိုးလမ်းမစီမံကိန်းအပြင် တရုတ်၏ တိုက်ရိုက် ဘင်္ဂလားပင်လယ်အော် အနောက်ဘက် ပင်လယ်ထွက်ပေါက်ရနေသည့် အခွင့်အရေး ထိခိုက်န်ိုင်ချေရှိသည်ဟု တွက်ဆဖွယ် ရှိသည်။ တော်လှန်ရေးတပ်များနှင့် စစ်တပ်၏ အင်အားကို ချိန်ညှိကာ တရုတ်က စိတ်ကြိုက်ခြယ်လှယ်လိုသည်ကို တွေ့ရသည်။
အထက်ပါအချက်များကို ကြည့်ပါက မြန်မာ့ပြည်တွင်းရေးတွင် အင်အားကြီးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အထောက်အပံ့ရသော သူတို့သည် စစ်ရေး၊ နိုင်ငံရေးအရ ပိုမိုကစားနိုင်သည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ထိုအရာများသည် မြန်မာ့တော်လှန်ရေးအင်အားစုများ လက်ခံရမည့် အရှိတရားဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် အတိတ်ဖြစ်ရပ်များတွင်ပင်လျှင် တရုတ်အစိုးရ၏ အဓိက ထောက်ပံ့မှုရှိရရှိခဲ့သော တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီသည်ပင် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် တက်လာပြီးနောက် ပေါ်လစီအပြောင်းအလဲကာလတွင် အဖွဲ့တွင်း တိုင်းရင်းသားတပ်ဖွဲ့များ၏ အာဏာသိမ်းခံလိုက်ရခြင်းဖြင့် အလွယ်တကူ ပြိုလဲသွားဖူးသည်။
ထို့အပြင် တရုတ်ဖိအားကို တွန်းလှန်နိုင်ရေးတွင် မြန်မာတော်လှန်ရေး အင်အားစုကလည်း ပြည်သူ့အားကိုယူ၍ ကျစ်လျစ်သော နိုင်ငံရေးစုပေါင်းအင်အားစု တရပ်အနေဖြင့် အကောင်အထည်ဖော် မဆောင်ရွက်နိုင်သေးပေ။ တရုတ်ကို စစ်တပ်နှင့် ပိုမို ပူးပေါင်းသွားရန် တွန်းအားပေးနေသလိုလည်း ဖြစ်နေသည်။
အချုပ်အားဖြင့် သမိုင်းတွင် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းလမ်းဖြင့် အာဏာရှင်စနစ်များ ကျဆုံးခဲ့သော်လည်း ရှုပ်ထွေးနေသော မြန်မာ့အခြေအနေသည် ထိုသို့ ဖြစ်မလာသေးပေ။ မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်တွင်းအင်အားက အခရာကျသည်၊ လူထုအားဖြင့် အပြောင်းအလဲဖြစ်ရန် အရေးကြီးသည် ဆိုနိုင်သော်လည်း သမိုင်းက သက်သေပြနေသည်မှာ နိုင်ငံတကာ အထောက်အပံ့ရှိမှုသည် တော်လှန်ရေး ပိုမိုအောင်မြင်စေကြောင်း မြင်တွေ့နိုင်သည်။
အဆုံးသတ်အားဖြင့် မြန်မာပြည်တွင်းရေးတွင် အာဏာရှင်စနစ်များကို ပြည်တွင်းအင်အားတစ်ခုတည်းနှင့် ဖြုတ်ချရန် ခက်ခဲသည်ဆိုသော အချက်ကိုတွေ့နိုင်ပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရန် နိုင်ငံတကာ၏ အမှန်တကယ် ထောက်ပံ့မှု နှင့် ထိရောက်သော ပါဝင်ကူညီမှု လက်ရှိအချိန်ထိ လိုအပ်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။



